အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း
အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း
+++++++++++++++++
ကျွန်တော်တို့ မိတ်ဆွေတစ်စုသည် အဘိဓမ္မာတရားတော်ကို သိနားလည်လိုလှသဖြင့် လက်လှမ်းမီသမျှ စာအုပ် များကို ရှာဖွေဖတ်ရှုကာ အချင်းချင်း ဆွေးနွေးကြပါသည်။ ကျွန်တော်တို့ဒေသတွင် အဘိဓမ္မာ သင်တန်းများ မရှိပါ။ (အားငယ်စွာပြောရလျှင်) ကျွန်တော်တို့ကို သင်ကြားပေးမည့် ဘုန်းကြီးရဟန်းလည်း မရှိပါ။ ကျွန်တော်တို့ အထူး ကြည်ညိုလိုသောအချက်မှာ ယခု သင်္ဂြိုဟ် ၉-ပိုင်း သည် အဘိဓမ္မာ ၇-ကျမ်းမှ အဆီထုတ်ထားခြင်းဟု ဆိုလေရာ “မည်သည့်အပိုင်းသည် မည်သည့်အဘိဓမ္မာ ကျမ်းမှ ကောက်နှုတ်ထား ခြင်းဖြစ်ကြောင်း” ဖြစ်ပါသည်။
မြတ်ပန်းရဂုံ ဓမ္မသာကစ္ဆာကဏ္ဍတွင် ဖြေကြားနေသော ပညာရှင် များ၏ အဖြေများသည် ကျွန်တော်တို့အတွက် အလွန်ကျေးဇူးများပါသည်။ ထို့ကြောင့် ဤမေးခွန်းကိုလည်း ဖြေကြားပေးကြပါရန် ပန်ကြားပါသည်ခင်ဗျား။
ကိုမြင့်သူ (မဲဇာမြိုင်)
ယခု မြန်မာတို့ ခေါ်ဝေါ်သုံးစွဲနေသော သင်္ဂြိုဟ်-ဟူသော အမည်သည် သီဟိုဠ်ကျွန်း (ယခုသီရိလင်္ကာနိုင်ငံ) မှ အရှင်အနုရုဒ္ဓါမထေရ် စီရင်သော “အဘိဓမ္မတ္ထသင်္ဂဟ” ဟူသောကျမ်း၏ အမည်ဖြစ်၏။ အဘိဓမ္မတ္ထသင်္ဂဟ-ဟူသော ပုဒ်သည် အဘိဓမ္မ+အတ္ထ+သံ+ဂဟ= ဟူသော ပုဒ်တို့ကို သဒ္ဒါနည်း အရ စပ်ထားခြင်းဖြစ်၏။ အဘိဓမ္မ-အဘိဓမ္မာ ဒေသနာတော်၏၊ အတ္ထ-အနက် အဓိပ္ပါယ်အကျယ်ကို၊ သံ-အကျဉ်းချုံး၍၊ ဂဟ-ယူရာဖြစ်သော ကျမ်း-ဟု ဆိုလို၏။
ထိုသို့ အဘိဓမ္မာဒေသနာတော် ဝါ-အဘိဓမ္မာ ၇-ကျမ်း၏ အနက်အဓိပ္ပါယ် အကျယ်ကို အကျဉ်းချုံး၍ ယူပြရာတွင် ကျမ်းစဉ်အတိုင်း အကျဉ်းချုံး၍ ယူပြသည်မဟုတ်၊ အဘိဓမ္မာဒေသနာတော်၌ ပါရှိသော ပရမတ္ထ တရားလေးပါးနှင့် ပညတ်တရားတို့ကို အစီအစဉ်အသစ်ဖြင့် နှောင်းခေတ် လူတို့အကြိုက် အလွယ်လိုက်သူတို့အတွက် သိလွယ်တတ်လွယ် အောင် ကျမ်းတစ်စောင်တစ်ဖွဲ့ ရေးဖွဲ့ထားခြင်းဖြစ်၏။ ထို့ကြောင့် သင်္ဂြိုဟ်ကျမ်းလာ မည်သည့််အပိုင်းသည် မည်သည့် အဘိဓမ္မာကျမ်းမှ ထုတ်နှုတ်ထားခြင်းဖြစ်၏ - ဟု သတ်မှတ်ဖွယ် မရှိပါ။ ပထမဆုံးဖြစ်သော စိတ်ပိုင်းသည်ပင် အဘိဓမ္မာ ၇-ကျမ်းလုံး (အဋ္ဌကထာပါမကျန်) မှ ထုတ်နှုတ်ထားခြင်းဖြစ်၏-ဟု ဆိုရမည် ဖြစ်ပါသည်။ ထို့ကြောင့် ဤအဖြေတွင် အဘိဓမ္မာ ၇-ကျမ်း၏ ဟောတော်မူပုံ အစီအစဉ်နှင့် သင်္ဂြိုဟ် ၉-ပိုင်း၏ စီစဉ်ပုံ အနေအထားတို့ကိုသာ ပြဆိုနိုင်ပါမည်။
အဘိဓမ္မာ ၇-ကျမ်း ဟောပုံအစီအစဉ်
အဘိဓမ္မာပိဋကတ်သည် ကျမ်းအရေအတွက်အားဖြင့် (၁) ဓမ္မသင်္ဂဏီကျမ်း၊ (၂) ဝိဘင်္ဂကျမ်း၊ (၃) ဓာတုကထာ ကျမ်း၊ (၄) ပုဂ္ဂလ ပညတ္တိကျမ်း၊ (၅) ကထာဝတ္ထုကျမ်း၊ (၆)ယမကကျမ်း (၇) ပဋ္ဌာနကျမ်း ဟု ၇-ကျမ်း ရှိ၏။
၁။ ထိုတွင် ဓမ္မသင်္ဂဏီကျမ်းမှာ ကုသလဓမ္မ-အကုသလဓမ္မ အစရှိကုန်သော ဓမ္မတို့ကို အကျဉ်းချုပ်အားဖြင့် ဟောတော်မူသော ကျမ်းဟု ဆိုလိုပါသည်။ (ဓမ္မ=ကုသလဓမ္မစသည်၊ သံ=အကျဉ်း၊ ဂဟ=ပေါင်းယူခြင်း။)
၂။ ဝိဘင်္ဂ (ဝိဘင်း) ကျမ်းကား ခန္ဓာစသော ဓမ္မတို့ကို (တနည်း= ကုသလဓမ္မ-အကုသလဓမ္မ စသောဓမ္မတို့ကို) သုတ္တန်နည်း၊ အဘိဓမ္မာနည်း အမေးအဖြေ “ပဉှာပုစ္ဆက”နည်းတို့ဖြင့် အကျယ်တဝင့် ဝေဘန်ဟောပြ တော်မူရာဖြစ် သော ကျမ်းဟု ဆိုလို၏။
၃။ ခန္ဓာအစ အရဏ-အဆုံးရှိသောတရားတို့သည် ကက္ခဠ ဖုသန စသော မိမိသဘောကို ဆောင်သောကြောင့် ဓာတု= ဓာတ်မည်ကုန်၏။ ထိုဓာတ်တရားတို့ကို ပိုင်းခြား၍ ဟောရာဟောကြောင်းဖြစ်သောကျမ်းသည် ဓာတုကထာ မည်၏။ (ဓာတု-ဓါတ်၊ ကထာ-ဟောခြင်း၊ ဟောအပ်သောစကား)
၄။ ပုဂ္ဂလပညတ္တိ = ပုဂ္ဂလပညတ်ဟူရာဝယ် မိန်းမ၊ ယောက်ျား၊ နတ်၊ လူ-စသည်တို့ကို ပုဂ္ဂလ-ဟု ခေါ်၏။ ပညတ်- ဟူသည် အမည်နာမပညတ်ကို ဆိုလိုသည်။ ဤကျမ်းတွင် ၁။ခန္ဓပညတ်၊ ၂။ အာယတနပညတ်၊ ၃။ဓာတု ပညတ်၊ ၄။ သစ္စပညတ်၊ ၅။ ဣနြ္ဒိယပညတ်- ဟူသော သဘာဝပညတ် ၅-မျိုးနှင့် ၆။ ပုဂ္ဂလပညတ် ဟူသော အသဘာဝ ပညတ်တို့ကို ဝေဘန်ဟောကြားတော်မူ၏။
၅။ ကထာဝတ္ထု= အယူဝါဒနှင့်ဆိုင်သော စကားသည် ကထာမည်၏။ ဖြစ်ရာ တည်ရာ သို့မဟုတ် အမှန်ထင်ရှား ရှိသောအရာ (အနှစ်သာရ)သည် ဝတ္ထု-မည်၏။ ပုဂ္ဂလကထာ၊ ဗြဟ္မစရိယကထာ စသည့်ကထာတို့၏ တည်ရာဖြစ်သော ကျမ်းဟု ဆိုလိုပါသည်။
အသောကမင်းကြီးလက်ထက်၌ ဗုဒ္ဓဘုရား၏ အလိုတော်နှင့် အညီ အယူဝါဒရှိတော်မူကြသည့် သကဝါဒီ သက်သက် ရဟန်းတော်ပေါင်း ခြောက်သန်းမျှပါဝင်သော ဥပုသ်ပြုပွဲကြီး၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿသည် ဗုဒ္ဓရှင်တော် ဘုရား၏ အလိုတော်နှင့်အညီ အမှန်ကိုသာ ယူဆပြောဆိုလေ့ရှိသူ (သကဝါဒီ) တို့၏ အယူကို ဖော်ပြသည့် သုတ်ပေါင်းငါးရာ၊ ဗုဒ္ဓဘုရား၏ အလိုတော် နှင့် မညီဘဲ ဗုဒ္ဓသာသနာ၏ ပြင်ပဖြစ်သည့် အယူမျိုးကို ယူဆပြောဆိုလေ့ရှိ သည့် (ပရဝါဒီ)တို့၏ အယူကိုဖော်ပြသည့် သုတ်ပေါင်းငါးရာတို့ကို ဟောကြားတော်မူသည်။
ထိုယူဆပြောဆိုချက်များကိုပင် တတိယသင်္ဂါယနာတင်သော အခါ ပဉ္စမမြောက် အဘိဓမ္မာကျမ်းကြီးအဖြစ်ဖြင့် ထည့်သွင်း၍ သံဂါယနာ တင်တော်မူကြပြီးလျှင် အတည်ပြုပြဋ္ဌာန်းတော်မူကြ၏။
ကထာဝတ္ထုကျမ်းကို ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈-နှစ်ရောက်မှ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ် ဟောတော်မူခြင်း ဖြစ်သော်လည်း “ဗုဒ္ဓရှင်တော်ဘုရား ထားတော်မူခဲ့သည့် မာတိကာ အတိုင်း ဟောကြားထားသော ကျမ်းဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း ငါဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈-နှစ်ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿမည်သော ရဟန်းသည် ရဟန်းတော်ခြောက်သန်းတို့၏ အလယ်၌ သကဝါဒ၌ သုတ်ပေါင်းငါးရာ၊ ပရဝါဒ၌ သုတ်ပေါင်းငါးရာတို့ကို ပေါင်းရုံးကာ ဒီဃနိကာယ် ပမာဏရှိသော ကထာဝတ္ထု ကျမ်းကို ဟောလိမ့်မည်” ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့် လည်းကောင်း ဗုဒ္ဓဘာသိတ အဘိဓမ္မာကျမ်းအဖြစ် ထည့်သွင်းခဲ့ကြခြင်း ဖြစ်၏။
၆။ ယမက=ယမိုက်ကျမ်း။ ယမကသဒ္ဒါသည် အစုံ-ဟူသော အနက်ကို ဟော၏။ (က) အနုလောမ+ ပဋိလောမ တစ်စုံ၊ (ခ) ပုစ္ဆာ+ဝိသဇ္ဇနာတစ်စုံ၊ (ဂ) သန္နိဋ္ဌာန်+သံသယတစ်စုံ၊ ဤသို့ အစုံအစုံ ဟောတော်မူသောကျမ်းကို ယမက- ကျမ်းဟု ခေါ်၏။
၇။ ပဋ္ဌာန=ပဋ္ဌာန်းကျမ်း။ ပဋ္ဌာန-သဒ္ဒါသည် အကြောင်းအမျိုးမျိုး ဟူသော အနက်ကို ဟော၏။ နှစ်ဆယ့်လေးပစ္စည်းတို့တွင် တစ်ခုတစ်ခုသော ပစ္စည်း၌ပင် အကြောင်းအမျိုးမျိုးကို ဟောတော်မူသည်။ ထို့ကြောင့် ဟေတုပစ္စည်းစသော တစ်ခုတစ်ခုသော ပစ္စည်းသည်ပင် ပဋ္ဌာန်း-မည်၏။ တစ်ခုတစ်ခုသော ပစ္စည်း၏ ပဋ္ဌာန်းဟူသော အမည်ကို နှစ်ဆယ့်လေးပစ္စည်းလုံးကို ပြဆိုသောကျမ်း၌ တင်စား၍ အစိတ်၏ အမည်ကို အပေါင်း၌ တင်စားသော နည်းအရ ပဋ္ဌာန်းကျမ်းဟု ခေါ်ထားခြင်းဖြစ်၏။ (အကျယ်ကို ဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်၊ ကျမ်းဦးမှတ်ဖွယ်တွင် ကြည့်နိုင်သည်။)
သင်္ဂြိုဟ် ၉-ပိုင်း စီစဉ်ပုံ အနေအထား
အဘိဓမ္မတ္ထသင်္ဂဟကျမ်းသည် ၁။စိတ်ပိုင်း၊ ၂။ စေတသိက်ပိုင်း၊ ၃။ပကိဏ်းပိုင်း၊ ၄။ ဝီထိပိုင်း၊ ၅။ ဝီထိမုတ်ပိုင်း၊ ၆။ရုပ်ပိုင်း၊ ၇။ သမုစ္စည်းပိုင်း၊ ၈။ ပစ္စည်းပိုင်း၊ ၉။ ကမ္မဋ္ဌာန်းပိုင်း- အပိုင်း ၉-ပိုင်းခွဲကာ စီစဉ်ထား၏။
၁။ စိတ္တ-စိတ်ပိုင်း။ ဤအပိုင်းတွင် (က) ကာမာဝစရစိတ္တ- ကာမဘုံ၌ များသောအားဖြင့်ဖြစ်တတ်သောစိတ်များ၊ (ခ) ရူပါဝစရစိတ္တ - ရူပဘုံ၌ များသောအားဖြင့်ဖြစ်သောစိတ်များ၊ (ဂ) အရူပါဝစရစိတ္တ - အရူပဘုံ၌ များသောအားဖြင့် ဖြစ်သောစိတ်များ၊ (ဃ) လောကုတ္တရစိတ္တ- လောကမှ လွန်မြောက်သောစိတ်များ-ဟု လေးမျိုးခွဲပြ၏။ စိတ်ပိုင်းတစ်ပိုင်းလုံး စိတ်အကြောင်းကိုသာ အဓိကထားပြ၏။ ထို့သို့ စိတ်ချည်းသက်သက် ဟောပြထားသော အဘိဓမ္မာ ကျမ်းမရှိ။ အဘိဓမ္မာ ၇-ကျမ်းတွင် ပထမဆုံး ဟောတော်မူထားသည်မှာ -ကုသလဓမ္မာ- (ကုသိုလ်တရားများ) ၊ အကုသလာ ဓမ္မာ- (အကုသိုလ်တရားများ)၊ အဗျာကတာဓမ္မာ- (ကုသိုလ်အကုသိုလ်အဖြစ်ဖြင့် မဟောအပ်သောတရားများ)- ဟု ဖြစ်၏။ ထိုသုံးပိုဒ်တွင် စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်ဟူသော ပရမတ္ထတရား လေးပါးလုံး ပါရှိ၏။
၂။ စေတသိက-စေတသိက်ပိုင်း။ ဤအပိုင်းတွင် စိတ်၌မှီတွယ်၍ စိတ်ကို ခြယ်လှယ်သောတရား (စေတသိက်) ၅၂- ပါးကို ပြဆိုထား၏။
၃။ ပကိဏ္ဏက-ပကိဏ်းပိုင်း။ ဤအပိုင်းတွင် ရှေ့၌ဆိုခဲ့ပြီးသော စိတ် စေတသိက်တို့ကိုပင် ဝေဒနာ-ဟိတ်စသည် တို့၏ အပြားအားဖြင့် ရောနှော၍ ပြဆိုထား၏။
၄။ ဝီထိပိုင်း။ ဤအပိုင်းတွင် မည့်သည့်စိတ်နောက် မည်သည့်စိတ် ဖြစ်သည်ဟု စိတ်ဖြစ်ပုံအစဉ်အတန်းကို ပိုင်းခြား သတ်မှတ်ပြ၏။
၅။ ဝီထိမုတ္တ- ဝီထိမုတ်ပိုင်း။ ဤအပိုင်းတွင် ပဋိသန္ဓေ-ဘဝင်-စုတိကိစ္စတပ်သော ဝီထိမုတ်စိတ် ၁၉-ပါးတို့၏ ဖြစ်ပုံကို ပြဆိုထား၏။ ၃၁-ဘုံနှင့်ပတ်သက်၍လည်း အကျယ်ပြဆိုထား၏။
၆။ ရူပ- ရုပ်ပိုင်း။ ဤအပိုင်းတွင် ရုပ်တရားများ၏ အကြောင်းကို အသေးစိတ်ပြဆိုထား၏။ နိဗ္ဗာန်အကြောင်း လည်း ဤအပိုင်းတွင်ပါ၏။
၇။ သမုစ္စယ-သမုစ္စည်းပိုင်း။ အထက်ပါအပိုင်း ၆-ပိုင်းတွင် စိတ်-စေတသိက်-ရုပ်-နိဗ္ဗာန်ဟူသော ပရမတ္ထ တရားလေးပါးလုံး အပြည့်အစုံ ပါဝင်ပြီးဖြစ်၏။ ဤအပိုင်းတွင် ထိုပရမတ္ထတရားလေးပါးကို သဘောတူချင်း ပေါင်းသင်းဖွဲ့စည်း၍ ပြဆိုထား၏။
၈။ ပစ္စယ- ပစ္စည်းပိုင်း။ ဤအပိုင်းတွင် ပစ္စည်း+ပစ္စယုပ္ပန်၊ အကြောင်း+အကျိုးတရားတို့ကို ပဋ္ဌာန်းနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်းဟု နှစ်နည်းခွဲပြ ထား၏။ ပဋ္ဌာန်းနည်းကို ပဋ္ဌာန်းကျမ်းမှ ထုတ်နှုတ်ပြ၏။ ပဋိစ္စသမုပ္ပါဒ်နည်းကား ဝိဘင်းကျမ်းမှ ထုတ်နှုတ်ထားခြင်းဖြစ်၏။ ပုဂ္ဂလပညတ်ကျမ်းမှ ပညတ်တရား တို့ကိုလည်း ထုတ်နှုတ်ပြဆို ထားသေး၏။
၉။ ကမ္မဋ္ဌာန-ကမ္မဋ္ဌာန်းပိုင်း။ ဤအပိုင်းတွင် ကမ္မဋ္ဌာန်းအမျိုးမျိုးကို ပြဆိုထား၏။
အဘိဓမ္မာဒေသနာတော်သည် လောက၌ အစစ်အမှန်အားဖြင့် ထင်ရှားရှိသော ပရမတ္ထသဘာဝတို့ကို ပြဆိုထား သောကြောင့် ပရမတ္ထဒေသနာ-မည်၏။
လောကတွင် အစစ်အမှန်အားဖြင့် ထင်ရှားရှိသောတရားကား ရုပ်နာမ်နှစ်ပါးသာ ဖြစ်၏။ ရုပ်နာမ်နှစ်ပါးမှတစ်ပါး ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမစသည်တို့ကား တကယ်ရှိသော အရာများမဟုတ်၊ ရုပ်နာမ်တရားတို့၏ အစုအပုံကိုပင် ပုဂ္ဂိုလ်သတ္တဝါစသည်ဖြင့် စွဲလမ်းမှတ်ထင်နေကြခြင်းဖြစ်၏။ ယင်းသို့ စွဲလမ်းမှတ်ထင်နေကြသော သတ္တဝါတို့ကို ရုပ်နာမ် ဓမ္မဟူသော သဘာဝအမှန်ကို သိမြင်စေရန် ဟောပြတော်မူအပ်သော ဒေသနာဖြစ်သော ကြောင့် ယထာဓမ္မသာသနာ -ဟုလည်းခေါ်၏။
အဘိဓမ္မာပိဋက၌ ပုဂ္ဂိုလ်သတ္တဝါစသော အပေါ်ယံပညတ်ကို ဖောက်ထွင်း၍ အတွင်းဓါတ်ဖြစ်သော ရုပ်နှင့် နာမ်ကို ခွဲခြားသိမြင်နိုင်ရန် နည်းလမ်း အမျိုးမျိုးကို ဟောပြထားသောကြောင့် အဘိဓမ္မာပိဋကတ် ကို နာမရူပ ပရိစ္ဆေဒကထာ-ဟုလည်း ခေါ်၏။
ဤသို့ ကြီးကျယ်ကောင်းမြတ်သော အဘိဓမ္မာပိဋကတ်ကို ရွတ်ဖတ်ခြင်း၊ နာယူခြင်း၊ ဖတ်ရှုခြင်း၊ လေ့လာ အားထုတ် ခြင်းတို့ဖြင့် စွမ်းနိုင်သမျှ လုပ်ဆောင်နိုင်ကြကာ နာမရူပပရိစ္ဆေဒဉာဏ် ရင့်သန်သဖြင့် မဂ်ဖိုလ်နိဗ္ဗာန် လျှင်မြန်စွာ ရရှိနိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)
Comments
Post a Comment