ဓမ္မပဒပါဠိတော် ၁-ယမကဝဂ် ၁-စက္ခုပါလတ္ထေရဝတ္ထု ၁။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်ပြီးကုန်၏။ ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။ ၂-မဋ္ဌကုဏ္ဍလီဝတ္ထု ၂။ နာမ်ခန္ဓာ (လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ သန့်ရှင်းကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆိုသော် လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို (ပြောဆို ပြုလုပ် ကြံစည်မှု) ကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ်လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။ ၃-တိဿတ္ထေရဝတ္ထု ၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဉ်းဆဲဖူးပြီ။ ငါ့ကို အောင်နိုင်ဖူးပြီ။ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏။ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်။ ၄။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ။ ငါ့ကို ညှဉ်းဆဲဖူးပြီ။ ငါ့...