စုစု
ဒေါ်အောင်ဆန်းစုကြည် ထမ်းရမယ့် ကာချုပ် ရဲ့ ICC ဒုက္ခ
သီဟသွေး
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက် နေ့က က Amnesty International လို့ခေါ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကနေ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နောက်ပိုင်းရခိုင် ပြည်နယ်အတွင်းဖြစ်စဉ်များ နဲ့ပတ်သက်လို့ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီ အစီရင်ခံစာမှာ တပ်မတော် ထိပ်တန်းအရာရှိ ၁၃ ဦးကို ရခိုင်ပြည်နယ်မောင်တော်ဒေသကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံသွားတဲ့ မွတ်စလင်ဒုက္ခသည်တွေအပေါ် လူသားမဆန်တဲ့ ဥပဒေမဲ့ကျူးလွန်မှု ပုံစံကွဲ ၉ မျိုးနဲ့ ရည်ရွယ်ချက်ရှိရှိပြုကျင့်ခဲ့မှုတွေအတွက် အဓိက တာဝန်ရှိသူတွေအဖြစ်ဖေါ်ပြထားပါတယ်။ အဲဒီ အစီရင်ခံစာ ကနေ မြန်မာနိုင်ငံအပေါ်ကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ချော့မော့ချဉ်းကပ်ဆောင်ရွက်နေတာတွေကိုရပ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ကနေ ခုံရုံးတင်စစ်ဆေးနိုင်ဖို့ ၊ ထိရောက်တဲ့ စစ်လက်နက် ဝယ်ယူမှုပိတ်ပင်တာတွေလုပ်ဖို့ ၊ ဒီပြစ်မှုတွေအတွက် တာဝန်ရှိနေတဲ့ လူပုဂ္ဂိုလ်တွေအပေါ် တိုက်ရိုက်ပစ်မှတ်ထားပြီး ဘဏ္ဍာရေးအရပိတ်ဆို့မှုတွေ လုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကို တိုက်တွန်းတောင်းဆိုထားပါသေးတယ် ။ မြန်မာအစိုးရကိုလည်း ICC ခေါ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အကြံပြုထားပြီး စွပ်စွဲမှုတွေ နဲ့ပတ်သက်တယ်လို့ သံသယထားခြင်းခံရတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အရာရှိ အရာခံတွေကိုတာဝန်ကဖယ်ရှားပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေအသေအချာလုပ်ဖို့ ၊ နိုင်ငံတကာဥပဒေတွေရဲ့စံချိန်စံညွှန်းတွေ နဲ့ကိုက်ညီတဲ့ စစ်ဆေးကြားနာမှုတွေဆောင်ရွက်ပြီး သက်သေအထောက်အထားနဲ့ ပြစ်မှုထင်ရှားခဲ့ရင် ကျူးလွန်သူတင်မက အမိန့်ပေးစေခိုင်းသူကိုပါ သင့်တော်သလိုအရေးယူ ပြစ်ဒဏ်တွေပေး ဖို့လည်းတိုက်တွန်းထားပါတယ် ။ ခြုံပြီးပြောရရင် Amnesty International အဖွဲ့ က ကုလသမဂ္ဂ ကို ICC နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ်ပြင်းထန်တဲ့ အရေးယူမှုတွေ အချိန်ဆွဲမခံပဲအမြန်ဆုံးလုပ်ဖို့ တိုက်တွန်းနှိုးဆော်လိုက်တာဖြစ်သလို မြန်မာအစိုးရကိုလည်း ICC နဲ့ ပူးပေါင်းပြီး တပ်မတော် အရာရှိတွေအပေါ် စွပ်စွဲမှုတွေကိုဖြေရှင်းပေးဖို့ ဖိအားပေးချင်တဲ့သဘောပဲဖြစ်ပါတယ် ။ မောင်တောအကြမ်းဖက် မှုစစ်ဆင်ရေးတွေ နဲ့ပတ်သက်ပြီး မြန်မာ တပ်မတော် ခေါင်းဆောင်တွေအပေါ် အရေးယူမှုတွေကို အမြန်ဆုံး နဲ့ အထိရောက်ဆုံး ဆောင်ရွက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ အားကောင်းတဲ့ လမ်းကြောင်းတစ်ခု အပေါ်မှာစုစည်းရပ်တည်ဖို့ကြိုးစားလာတာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရ ကို တပ်မတော်နဲ့ စနစ်တကျ ခွဲခြားပြီး ဖိအားပေးဖို့ ရှေ့တလှမ်းတိုး ကြိုးစားလာတာပဲဖြစ်ပါတယ်။ဒါကြောင့် ဒီအခြေအနေမှာ စနစ်တကျပြင်ဆင်လာတဲ့ ဒီလို ဖိအားတွေ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားနိုင်မလဲ ၊ တိုင်းပြည်မှာလည်း ဘယ်လိုအကျိုးဆက်တွေရောက်လာနိုင်သလဲဆိုတာသုံးသပ်ကြည့်ချင်ပါတယ်။
ပထမဆုံး ရခိုင်ပြည်နယ် အရေး နဲ့ လက်ရှိ နိုင်ငံရေး ဘယ်လိုအချိတ်အဆက်လေးတွေရှိခဲ့ကြသလဲဆိုတာကနေစချင်ပါတယ် ။ တကယ်တော့ ရခိုင်အရေးပြဿနာဟာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးလို့ အင်္ဂလိပ် ကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံတို့ လွတ်မြောက်သွားတဲ့ အချိန်ကာလမှာစတင်ခဲ့တာဖြစ်ပါတယ် ။ အင်္ဂလိပ် ကိုလိုနီ အစိုးရ အနေနဲ့ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံကို အုပ်ချုပ်မှုတစ်ခုတည်းအောက်မှာထားရှိခဲ့တာဖြစ်လို့ အင်္ဂလိပ်လက်အောက်ကျရောက်နေတဲ့ ကာလ အတွင်းမှာအိန္ဒိယဘက်အခြမ်းကနေ မြန်မာနိုင်ငံ တွင်းကို လွတ်လပ်စွာကူးသန်းသွားလာရင်း ရွှေ့ပြောင်းနေထိုင်မှုတွေ အများအပြားရှိခဲ့ပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေအရ အဲဒီအချိန်မှာ ဘင်္ဂလားဒေသ ကနေ ရခိုင်ပြည်နယ်ထဲကို ပြောင်းရွှေ့အခြေချနေထိုင်သူတွေ ဘင်္ဂါလီမျိုးနွယ်စုတွေလည်းအမြောက်အမြားရှိခဲ့ပြီး အဲဒီ မျိုးနွယ်စုတွေဟာ ဒီကနေ့ ရိုဟင်ဂျာလူမျိုးအဖြစ် အသိမှတ်ပြုခံရဖို့ကြိုးစားနေတဲ့ သူတွေဖြစ်တယ်လို့ဆိုပါတယ်။ အချို့ကလည်း အဆိုပါ ဘင်္ဂါလီနွယ်ဖွားများဟာ အဲဒီအချိန်ထက်စောပြီးရောက်ရှိနေထိုင်တယ်လို့ဆိုပါတယ်။ဒုတိယ ကမ္ဘာစစ်ကြီးကြောင့်အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေး ပျက်ပြားသွားပြီးတဲ့ အချိန်မှာပဲ မြန်မာပြည်မှာ ရောက်ရှိနေထိုင်နေတဲ့ ထောင်ပေါင်းများစွာသော အိန္ဒိယနွယ်ဖွါးတွေဟာ အိန္ဒိယ ကို အုံနဲ့ကျင်းနဲ့ ပြန်လည်ထွက်ခွါသွားခဲ့ကြပါတယ် ။ သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအချနေထိုင်နေကြတဲ့ ဘင်္ဂါလီ အနွယ်ဝင်တွေဟာ လူဦးရေများပြားစွာတိုးတက်မြင့်မားလာပြီး အခြေတကျရှိနေပြီဖြစ်လို့ ဒေသတွင်းဆက်လက်နေထိုင်ရင်း ဒေသခံ ရခိုင်တိုင်းရင်းသားများ နဲ့နယ်မြေပိုင်ဆိုင်စိုးမိုးလိုမှုအပေါ်မှာ နှစ်ဖက် အားပြိုင်မှုတွေ ကြီးမားခဲ့တယ်လို့ဆိုပါတယ် ။ အဲဒီလို နယ်မြေပိုင်ဆိုင်ရေး အားပြိုင်ကြရာက ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလား နယ်စပ်ဒေသတွေမှာ လူမျိုးရေး သွေးထွက်သံယို ပဋိပက္ခတွေ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့တယ်လို့ ရခိုင်သမိုင်းသိမီသူတွေ ကပြောကြပါတယ်။ လွတ်လပ်ရေးရခါစ အုပ်ချုပ်ရေးခိုင်မာမှု မရှိသေးတဲ့ အခြေအနေဖြစ်လို့ မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ် ထိန်းသိမ်းနိုင်ခြင်းမရှိရာက အဆိုပါ ဘင်္ဂါလီနွယ်ဝင်တွေဟာ ရခိုင်မြောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသတွေမှာ အခြေပြုနိုင်သွားခဲ့တယ်လို့လည်းဆိုပါတယ် ။ အဲဒီ အချိန်ကတည်းကနေ နှစ်ပေါင်း ၆၀ အတွင်း ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရလက်ထက် ၁၉၇၈ ခုနှစ်မှာတစ်ကြိမ် ၊ နဝတ တပ်မတော် အစိုးရ လက်ထက် ၁၉၉၁/၉၂ မှာတစ်ကြိမ် အဲဒီ ဘူးသီးတောင်မောင်တောဒေသအတွင်း လူမှုကြီးကြပ်ရေး ဆိုင်ရာ စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ပြီး ဘူးသီးတောင် မောင်တောဒေသတွင်းက ဘင်္ဂါလားနွယ်ဖွားတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ် နိင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ် ။ အဲဒီလို ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ထွက်ပြေးခိုလှုံကြတဲ့အခါ နိုင်ငံတကာရဲ့ ကူညီညှိ နှိုင်းပေးမှုနဲ့ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိသွားတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်ပြီးလက်ခံခဲ့ရပြန်ပါတယ်။ သဘောကတော့ လူဦးရေပေါက်ကွဲမှုဖြစ်ပေါ်နေတဲ့ တစ်ဘက်နိုင်ငံအခြေအနေကိုအကြောင်းပြုပြီး လူမျိုးဘာသာအရ ခွဲခြားရခက်ခဲတဲ့ လူမျိုးများတရားမဝင်ရောနှောနေနိုင်တဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေ မှာ အစိုးရ အနေနဲ့ လူဝင်မှုကြီုးကြပ်ရေးဆိုင်ရာစစ်ဆေး ကြီးကြပ်မှုတွေ ကို စစ်ဆင်ရေးသဖွယ်ဆောင်ရွက်လေ့ရှိတဲ့သဘောပဲဖြစ်ပါတယ် ။ သို့သော်လည်း အတိတ်ကာလ က အစိုးရတွေ အနေနဲ့ မပိုင်ဝက်မွေး ဒီလို စစ်ဆင်ရေးကြီးတွေ လုပ်လိုက်၊ တရားဝင်နိုင်ထိုင်ခွင့်အငြင်းပွားဖွယ်အခြေအနေရှိနေတဲ့သူတွေ သိန်းနဲ့ချီပြီး တစ်ဘက်နိုင်ငံကို ထွက်ပြေးခိုလှုံလိုက် ၊ အဲဒီလူတွေကို ပဲ အကြောင်းပြုပြီး ပြန်လည်လက်ခံလိုက် နဲ့ နှစ်ပေါင်း ၆၀ အတွင်း ဒီလို ကြီးမားတဲ့ဖြစ်စဉ်မျိုး၂ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီလို အငြင်းပွားဖွယ် မရှင်း မရှင်းအခြေအနေဟာ နှစ်တွေကြာလာတာနဲ့အမျှ ပိုမိုရှုပ်ထွေးတဲ့ အနေအထားကိုရောက်ရှိလာစေခဲ့တာပဲဖြစ်ပါတယ် ။ အခု မျက်မှောက်ကာလ၊ ၂၀၀၈ အခြေခံဥပဒေ အသက်ဝင်ပြီး နောက် အာဏာရလာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ပဋိပက္ခမီးက ပြန်လည်အစပျိုးခဲ့ပြန်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်တွင်းက ရာဝတ်မှုခင်းဖြစ်စဉ်တစ်ခုကို အကြောင်းပြုပြီး လူမျိုးရေး ပဋိပက္ခမီးတောက်လောင်ခဲ့ရာက အပြန်အလှန် မီးရှို့သတ်ဖြတ်မှုတွေ ပြည်နယ်အတွင်းက မြိုအတော်များများမှာဖြစ်ပေါ်ခဲ့ပြီး ဘင်္ဂါလီနွယ်ဖွား မွတ်စလင်တွေ ကို မြို့ပြင်တွေမှာ ဒုက္ခသည်စခန်းတွေ တည်ဆောက်ပြီး ပြောင်းရွှေ့နေရာချထားလို့ သီးခြားခွဲထားခဲ့ရပါတယ် ။ အဲဒီအချိန်ကတည်းက သီးခြားခွဲထားရတဲ့ ဘင်္ဂါလီ နွယ်ဖွားတွေရဲ့အနာဂတ် အရေးနဲ့ပတ်သက်ပြီးအဖြေပျောက်ဆုံးနေခဲ့ပါတယ် ။
၂၀၁၂ ခုနှစ် မှာစတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခတွေ အပေါ် အဲဒီတုန်းက တာဝန်ရှိတဲ့ အစိုးရအနေနဲ့ ကိုင်တွယ် ဆောင်ရွက်ခဲ့တဲ့ နေရာမှာ ဥပဒေရှုထောင့်ကပဲ ကြည့်ပြီး ပြတ်ပြတ်သားသားကိုင်တွယ်ဆောင်ရွက်နိုင်မှုတွေ မလုပ်နိုင်ခဲ့တာကြောင့် အဲဒီ ဘာသာရေးလူမျိုးရေး ပဋိပက္ခတွေ ဟာ လုံးဝချုပ်ငြိမ်းသွားရမယ့်အစား တိုင်းပြည်အနေနဲ့ အလေးထား ဂရုပြုသင့်တဲ့ အမျိုးသားရေး ပြဿနာ ၊ ဘာသာရေးပြဿနာ ဆိုင်ရာ သက်သေခံ ပြယုဂ်တစ်ခုအဖြစ်တည်ရှိနေစေခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့်ရခိုင်ပြည်နယ်တွင်းက လူမျိုးရေး ပြဿနာ ဟာ ဘာသာရေးအသွင်ကူးပြောင်းသွားပြီး ရခိုင်ပြည်နယ် ရဲ့ပြင်ပ အခြားတိုင်းနဲ့ပြည်နယ်များကိုပါ ဘာသာရေး ပဋိပက္ခတွေ ပျံ့နှံ့သွားစေခဲ့ပါတယ် အဲဒီ လိုအကောင်အထည်ပေါ်လာတဲ့ အမျိုးသားရေး ၊ ဘာသာရေး တပ်လှန့်သံ ကြွေးကြော်သံတွေ နဲ့အတူ ဘာသာရေး လူမျိုးရေး အစွန်းရောက်အဖွဲ့တွေ ပါပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ အချိန်က တာဝန်ယူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး အစိုးရဟာ အဲဒီလို ဘာသာရေး လူမျိုးရေး ပြဿနာတွေကို အုပ်ချုပ်ရေး အပိုင်းကနေ မီးသေအောင်ကိုင်တွယ်ဖို့ထက် တရားမဝင် ဘာသာရေးအဖွဲ့အစည်းတွေ က တိုက်တွန်းနေတဲ့ ဗုဒ္ဓဘာသာဝင်များ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း ဥပဒေ ၊ ဘာသာကူးပြောင်းခြင်း ဥပဒေတွေကို တရားဝင်ပြဋ္ဌန်းဖို့ ကိုပဲ အားစိုက်ကြိုးစားနေခဲ့ပါတယ် ။ ဒီလို လူမျိုးရေး ဘာသာရေး မကျေနပ်ချက်တွေ စိုးရိမ်ချက်တွေ အခြေခံပြီးပေါ်ပေါက်နေတဲ့ အမျိုးသားရေးလှုပ်ရှားမှု တွေကနေ အဲဒီအချိန်က ကြံ့ခိုင်ရေး အစိုးရအနေနဲ့မျှော်မှန်းနေတယ်လို့ ယူဆနိုင်တဲ့ နိုင်ငံရေးရလဒ်ကတော့ အတိုက်အခံ NLD ပါတီကို အမျိုးသားရေး ၊ ဘာသာ သာသနာရေးကို မျက်ကွယ်ပြုတဲ့ ပါတီ၊ မျိုးချစ်စိတ် အားနည်းချက်ရှိတဲ့ပါတီ အဖြစ် သတ်မှတ်ပြီး လူထုထောက်ခံမှု ကျဆင်းသွားနိုင်တယ်ဆိုတဲ့ ရလဒ်ပဲဖြစ်ပါတယ်။ သို့သော် လက်တွေ့ နိဂုံးမှာ တော့ အဲဒီလှုပ်ရှားမှုတွေ နဲ့ အတူပေါ်ပေါက်လာတဲ့ အမျိုးသားရေး ၊ ဘာသာရေး ၊အစွန်းရောက်အဖွဲ့တွေသာ မြေပေါ်မှာ အဖတ်တင်ကျန်ခဲ့ပါတယ် ။ ၂၀၁၅ ရွေးကောက်ပွဲ မှာ NLD ပါတီကအနိုင်ရရှိလို့ အစိုးရဖွဲ့ပြီး တိုင်းပြည်အာဏာကိုရယူပြီးတဲ့ အခါမှာတော့ မပြီးဆုံးသေးတဲ့ ရခိုင်ပြဿနာနဲ့ လက်ကျန် အမျိုးသားရေး၊ ဘာသာရေး တရားမဝင် အဖွဲ့တွေ နဲ့ရင်ဆိုင်ကြရပါတယ် ။ ဒီနေရာမှာ ပြဿနာက အဆိုပါ အမျိုးသားရေးအဖွဲ့တွေအနေနဲ့ NLD အစိုးရ ရဲ့ ရခိုင်အရေး ပြဿနာတွေ ကိုကိုင်တွယ်ဖြေရှင်းတဲ့ ပုံသဏ္ဌန်တွေ အပေါ်အမြဲလို အတိုက်အခံဆန့်ကျင်မှုတွေ လုပ်သလို တဘက်မှာ နိုင်ငံရေး အရ တပ်မတော်ထောက်ခံမှုတွေပါ လုပ်လာတာပဲဖြစ်ပါတယ်။ အမျိုးသားရေး လှုပ်ရှားသူတွေ ရဲ့ အဓိက နိုင်ငံရေး နှပ်ကြောင်းတစ်ခုကတော့ တပ်မတော်ခေါင်းဆောင်နဲ့ တပ်မတော်ကို NLD အစိုးရ နဲ့ ခွဲပြီး သီးခြား နိုင်ငံရေးအင်အားစု အဖြစ် ရှုမြင်စေခြင်းပဲဖြစ်ပါတယ် ။ တပ်မတော် အနေနဲ့လည်း အထူးသဖြင့် ရခိုင်အရေး နဲ့ပတ်သက်လာရင် လွှတ်တော်ထဲမှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို အမြဲလို အတိုက်အခံလုပ်နေခဲ့တာကိုလည်းတွေ့ကြရပါတယ်။ဒါကြောင့် ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး ရန်လိုတဲ့ သဘောထားရှိပြီး ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်ထဲကနေရှင်းလင်းပစ်လိုတဲ့ အမျိုးသားရေး ဘာသာရေးအစွန်းရောက်အဖွဲ့တွေ နဲ့တပ်မတော်ဟာ နိုင်ငံရေးအရ ညီညွတ်မှုရှိတယ် ၊ တဘက်တည်း အတူရပ်တည်ကြတယ်လို့ ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းက ယူဆလာကြပါတယ်။ ဒါကြောင့် ARSA တိုက်ခိုက်မှုနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလှုံသွားကြတဲ့ ဘင်္ဂါလီတွေ ရဲ့ တပ်မတော်အပေါ် စွဲချက်တွေဟာလည်း နိုင်ငံတကာအသိုင်းအဝိုင်းအဖို့ ယုံချင်စရာဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီသံသယ ရဲ့ အကျိုးဆက်အနေနဲ့ ဒီကနေ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ တပ်မတော်ခေါင်းဆောင်အချို့အပေါ် ရခိုင်ဒေသအတွင်း ၂၀၁၇ နောက်ပိုင်း တပ်မတော်ကဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ရာဇဝတ်မှုကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့စွပ်စွဲချက်မှာတာဝန်ရှိသူတွေအဖြစ် အမှုဖွင့်ထားလိုက်တာပဲဖြစ်ပါတယ် ။ စိတ်ဝင်စားဖို့ကောင်းတာက အစကနဦးမှာ ရခိုင်အရေး ပြသနာဟာ NLD ကို အမျိုးသားရေး ဖိအားပေးနိုင်တဲ့ ကိစ္စရပ်ကြီးတစ်ခုဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီပြဿနာရဲ့အကျိုးဆက်ဟာ တပ်မတော်အပေါ်မှာ ပိ နေပြီး တပ်မတော်ကို အဲဒီဖိအားအောက်ကနေ ကယ်တင်ရမှာကလည်း NLD အစိုးရ တာဝန်ဖြစ်နေပြန်တာပဲဖြစ်ပါတယ် ။ သို့သော်လည်း အခုအချိန်မှ NLD အစိုးရဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာပိုင်ဖြစ်နေတဲ့အတွက်ကြောင့် တပ်မတော် အပေါ်ရောက်ရှိနေတဲ့ ဖိအားဟာ နိုငိငံတော် အစိုးရ အပေါ်ရောက်နေတဲ့ ဖိအားပဲဖြစ်ပါတယ် ။ ကဲဒါဆို NLD အစိုးရအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ ၊ တပ်မတော်ရှေ့မှာ မားမားမတ်မတ် ရပ်တည်မလား ၊ ဒါမှ မဟုတ် ခပ်လှမ်းလှမ်းကနေ ရပ်တည်ပြီး ကြားကနေ ညှိနှိုင်းပေးတယ်ဆိုတဲ့ အနေအထားမှာနေမလား ၊ ဒါမှ မဟုတ် လုံးဝ ဂရုမပြုပဲ မဆိုင်သလို လျစ်လျူရှုထားမလားဆိုတာတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်။
သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ ရခိုင်ပြဿနာ ပတ်သက်ပြီး နိုင်ငံတကာ ရဲ့ ချဉ်းကပ်ပုံက သက်တမ်း ၂ နှစ်သာ ရှိသေးတဲ့ အစိုးရကို အပြစ်မရှိသော်လည်း တာဝန်မကင်းတဲ့ ပုံစံမှာထားပြီး တပ်မတော်ခေါင်းဆောင်ပိုင်းကို အရေးယူဖို့ကြိုးစားတဲ့ အနေအထားဖြစ်ပါတယ်။ အခုနောက်ဆုံး Amnesty International အဖွဲ့ ရဲ့ အစီရင်ခံစာဆိုရင် အစိုးရကို အုပ်ချုပ်ရေးပိုင်း မှာ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တိုက်တွန်းထားသလို မြန်မာ့နိုင်ငံရေးလောက ရဲ့ ကြွေးကြော်သံဖြစ်တဲ့ ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးကို တပ်မတော်ကို ထိန်းချုပ်ဖို့ အရေးကြီးလိုအပ်ချက်တစ်ခုအဖြစ် အစိုးရအနေနဲ့ ဆောင်ရွက်ဖို့ ထည့်သွင်းတိုက်တွန်းထားပြီး အစိုးရကို နိုင်ငံရေး အရပါ ဆွဲဆောင်စည်းရုံးထားပါတယ်။ ဒီနေရာမှာ အခြေအနေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကို အလယ်မှာထားပြီး နိုင်ငံတကာ က တစ်ဘက် တပ်မတော်က လွန်ဆွဲနေကြတဲ့ သဘောဖြစ်လာပါတယ်။ သို့သောလည်း ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ထားသလို တပ်မတော်ကို ကျောခိုင်းပြီ နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေ ကိုပူးပေါင်းကူညီဖို့ မဖြစ်နိုင်ဘူးဆိုတာအရင်ဆုံးသတိထားမိပါတယ်။ ပထမဆုံး အဓိကကျတဲ့ အချက်အဖြစ်ထောက်ပြလိုတာကတော့ လက်ရှိဒေါ်အောင်ဆန်းစုကြည် အစိုးရ ရဲ့ အာဏာစက် ကိုတပ်မတော်နဲ့ တပ်မတော်ရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ နဲ့ တည်ဆောက်ထားတာဖြစ်တယ်ဆိုတာပါပဲ ။ နိုင်ငံတကာ က အရေးယူအပြစ်ပေးဖို့ အလိုရှိနေတဲ့ ပုဂ္ဂိုလ်ဟာ တပ်မတော် နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို စီမံကွပ်ကဲနေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်နေတာဖြစ်လို့ တပ်မတော် ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ လုပ်ပေးဖို့တောင်းဆိုနေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံသားတွေ နားလည်သဘောပြီးကြတဲ့အတိုင်း တပ်မတော်ခေါင်းဆောင်အပြောင်းအလဲဆိုတာ နိုင်ငံရေး အပြောင်းအလဲပဲဖြစ်ပါတယ်။ လက်တွေ့လုပ်ဖို့ခက်ခဲလွန်းနေတဲ့ ဒီ နိုင်ငံရေး အပြောင်းအလဲကို လက်ရှိ အစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကပါ ငြိမ်းချမ်းတဲ့နည်းနဲ့ သတိကြီးကြီးထားပြီး ကြိုးပမ်းနေကြချိန်မှာ နိုင်ငံတကာက မြန်မြန်လုပ်ဖို့တွန်းအားပေးလာတဲ့သဘောပဲဖြစ်ပါတယ်။ လက်တွေ့မှာ တပ်မတော်ခေါင်းဆောင်တင်မက တပ်မတော်တစ်ခုလုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နဲ့ အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေး ကဏ္ဍတွေမှာ ပါဝင်နေတာကို ဖယ်ရှားလျှော့ချဖို့ကို နိုင်ငံရေးနည်းနဲ့ ကြိုးပမ်းညှိနိုင်းနေရဆဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တပ်မတော်ခေါင်းဆောင်ကိုဖယ်ရှားဖို့ဆိုတာ ပြည်တွင်းနိုင်ငံရေး အခြေအနေကို ဖေါက်ခွဲခိုင်းတာ နဲ့ အတူတူပဲဖြစ်နေပါတယ်။ ဒါကြောင့် အတိုက်အခံ မဟုတ်တော့ ပဲ အာဏာပိုင် အစိုးရ တစ်ရပ်ဖြစ်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD အစိုးရဟာ သူ့အာဏာ ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ တပ်မတော်ကို လှုပ်ယမ်းကစားပြီး ရုတ်ရုတ်သဲသဲ နိုင်ငံရေးအခြေအနေကို ဦးတည်လုပ်ဆောင်မလား ၊ တပ်မတော်နဲ့ ရနိုင်သ၍ ညှိနှိုင်းအဖြေရှာပြီး တည်တည်ငြိမ်ငြိမ်နဲ့ မြွေမသေတုတ်မကျိုးနည်းနဲ့သွားမလားဆိုတာ အဖြေက ရှင်းနေပါတယ်။ ဒါကြောင့် အခုလို နိုင်ငံတကာ အသိုင်းအဝိုင်းက ICC အပြည်ပြည်ဆိုင်ရာရာဇဝတ်ရုံးကနေတဆင့် တပ်မတော်ခေါင်းဆောင်တွေကို အရေးယူဖို့ ကြိုးပမ်းတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ရှေ့ကနေပဲ ရပ်တည်သွားလိမ့်လို့ယူဆပါတယ်။ သို့သော်လည်း ဒီလိုရပ်တည်ပေးရတဲ့ အကျိုးဆက်ကိုလည်း အစိုးရအနေနဲ့ အလူးအလဲခံရနိုင်ပါတယ်။ အစိုးရအနေနဲ့ ဒီလိုရပ်တည်ပေးတဲ့ အတွက် တပ်မတော်နဲ့ အတိုက်အခံနိုင်ငံရေး အုပ်စုတွေရဲ့ ကျေးဇူးတင်ရှိခြင်းကို ခံရဖို့လည်းမသေချာတဲ့အခြေနေမှာရှိသလို အစိုးရအနေနဲ့ ရခိုင်အရေးပြေလည်ရာပြေလည်ကြောင်း ကြိုးစားလုပ်ဆောင်မှုမှန်သမျှကိုလည်း ကန့်လန့်တိုက်နေဦးမှာလည်းအသေအချာပဲဖြစ်ပါတယ်။ ရခိုင်ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို အာဏာမှာ နေပျော်မှုမရှိအောင်ဖန်တီးထားတဲ့ နိုင်ငံရေး ကြမ္မာဆိုးလို ရစ်ဝဲနေပါတယ် ။ နှစ်ပေါင်း ၇၀ လောက် တအုံနွေးနွေးနဲ့ကြာမြင့်ခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက လူမျိုးရေး ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ပိုပြီးပြင်းထန်နေသလိုဖြစ်နေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်းပိုပြီး အကဲဆတ်နေပြန်ပါတယ်။ ပြဿနာတွေ ပြေလည်သွားအောင် အစိုးရအနေနဲ့ အကောင်းဆုံးတတ်နိင်သ၍ ဖြေရှင်းလုပ်ဆောင်နေပေမယ် ဘယ်ဘက်ကမှ အပြောမလွတ် အပြစ်မလွတ်တဲ့ အနေအထားနဲ့ရင်ဆိုင်နေရပါတယ် ။ အကယ်၍များ အခုလို နိုင်ငံတကာနဲ့ ICC အရေးမှာတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တပ်မတော်ရှေ့ကနေ ရပ်တည်ပေးခဲ့မယ်ဆိုရင် တပ်မတော်အနေနဲ့ နိုင်ငံရေး အရ ဘယ်လို အသိအမှတ်ပြု တုန့်ပြန်မှုတွေ လုပ်ပေးနိုင်မလဲဆိုတာလည်းစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ ဘာပဲပြောပြော နိုင်ငံတကာဖိအားတွေကြောင့် အစိုးရနဲ့ တပ်မတော်ဆက်ဆံရေး ပြိုကွဲမသွားစေပဲ ဖိအားတွေကြောင့်ပိုမို နီးကပ်သွားစေခဲ့မယ်ဆိုရင်တော့ ဒါဟာ အဆိုးထဲက အကောင်းလို့ဆိုရမှာပဲဖြစ်ပါတယ်။ ရခိုင်ပြဿနာကို အမှန်တကယ်ပြေလည်သည် အထိ ဖြေရှင်းဖို့ စိတ်အားထက်သန်မှုတွေ မရှိခဲ့ကြပဲ ပြည်တွင်း နိုင်ငံရေး အားပြိုင်မှုတွေအတွက် အသုံးချဖို့ မဲတင်းခဲ့ကြတဲ့အတွက် ဒီပြဿနာရဲမီးရဲ့ ကြီးမားကျယ်ပြန့်လာမှုဟာ နိုင်ငံတကာအထိ ကူးစပ်လောင်ကျွမ်းပြီး နိုင်ငံတကာ ကနေ တစ်တိုင်းပြည်လုံး ရဲ့အကျပ်အတည်းဖိအားအဖြစ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကို အားလုံးက သင်ခန်းစာယူဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ရဲ့ စွပ်စွဲချက်တွေ ၊တောင်းဆိုချက်တွေကို အလေးထားစဉ်းစားဆောင်ရွက်ပြီးဖြေရှင်းပေးဖို့ နေနေသာသာ ဒုက္ခသည်တွေဟာ မွတ်စလင်ဘာသာဝင်တွေ ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းကျူးကျော်အခြေချနေထိုင်သူတွေအဖြစ် သတ်မှတ်ခံထားရသူတွေဖြစ်တာကြောင့် သူတို့အပေါ်စာနာစိတ် သနားစိတ်ကို ဖေါ်ပြမိခဲ့မယ်ဆိုရင်တောင် နိုင်ငံရေးအရပုံရိပ်ကျဆင်းနိုင်တဲ့အခြေအနေဖြစ်လို့ ပြဿနာစတင်ဖြစ်ပေါ်တဲ့ ၂၀၁၂ ကနေစပြီး၂၀၁၅ ဦးသိန်းစိန် အစိုးရ ကာလအထိ ဒီပြသနာအပေါ်မှာ အတိုက်အခံ NLD ပါတီရော အာဏာရပါတီ ကပါ လုံလောက်တဲ့ ရှုမြင်သုံးသပ်မှုတွေ ၊ တကယ်လုပ်သင့်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေကို လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တာဟာ မငြင်းနိုင်တဲ့ အမှန်တရားပဲဖြစ်ပါတယ်။ အဲဒီ ကာလတစ်ခုလုံးမှာ ရခိုင်ပြဿနာကိုဖြေရှင်းဖို့တာဝန်ရှိနေတဲ့ အာဏာရပါတီ ဟာ အတိုက်အခံပါတီ NLD အနေနဲ့ ရခိုင် ကိစ္စမှာ သဘောထား ပြတ်သားတင်းမာမှု ကိုမပြသနိုင်တဲ့ အပေါ် အမျိုးသားရေးအားနည်းတဲ့ပါတီ အဖြစ်နိုင်ငံရေး အရဝေဖန်တိုက်ခိုက်ခိုက်ဖို့ အမြဲလို အကွက်ချောင်းနေခဲ့တာဖြစ်လို့ ကိုယ်တိုင်လည်း အဲဒီကာလ အတွင်းလုပ့်သင့်လုပ်ထိုက်တဲ့ ဖြေရှင်းမှုတွေ ၊ လူသားချင်းစာနာထောက်ထားမှုအပေါ် အခြေခံတဲ့ အမြင်တွေကို ချပြ တည်ဆောက် နိုင်ခြင်းမရှိခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ် ။
ဒီလို အခြေအနေ ဒီလိုအကြောင်းတွေ နဲ့အစပြုခဲ့တဲ့ ပြဿနာ ဒီကနေ့ အလွန်ကြီးမားတဲ့ နိုင်ငံတကာ ပြဿနာတစ်ခုဖြစ်လာရုံမက ဒီပြဿနာ အပေါ် တာဝန်ခံမှု တာဝန်ယူနဲ့ ကိုလည်း ယခင် အတိုက်အခံတစ်ဖြစ်လဲ အာဏာရပါတီ NLD အစိုးရ နဲ့ ယခင် အာဏာရ ကြံ့ခိုင်ရေးပါတီ နဲ့ အမျိုးသားရေး အင်အားစု ဘက်ကို ယိမ်းခဲ့တဲ့ တပ်မတော် ကို နိုင်ငံတကာ အမြင်မှာ ခွဲခြားပြီး သတ်မှတ်ပြောဆိုလာကြတာဖြစ်ပါတယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေ နဲ့ အရင် အစိုးရလို ဒီရခိုင်ပြဿနာအပေါ်မှာ နိုင်ငံရေးအမြတ်ထုတ်ပြီး ပြည်တွင်းနိုင်ငံရေးပစ်မှတ်တွေအတွက်ပဲ ရည်ရွယ်ချက်ထားမှာ မဟုတ်ဖူးလို့ ယုံကြည်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပြဿနာကို ရိုးရိုးရှင်းရှင်းပဲစဉ်းစားနေတဲ့သဘောရှိပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်ပေါ် ကျရောက်နေတဲ့ ICC ဒုက္ခ ကို သူမ အနေနဲ့ ဝင်ထမ်းပါလိမ့်မယ် ၊ သို့သော် ဒီ ဒုက္ခဝန်ထုပ်ဝန်ပိုးကို ပိုပြီးကြီးထွားလေးပင်မလာအောင်တော့ အတိုက်အခံ ကြံ့ခိုင်ရေးပါတီရော တပ်မတော်အနေနဲ့ပါ ဝိုင်းပြီးဖေးမပေးဖို့လိုအပ်ပါတယ်။ ဒီအတွက် အားလုံး က အမြင်ရှင်းရှင်း စိတ်ရှင်းရှင်း နဲ့ တိုင်းပြည် ရဲ့ မျက်နှာ တိုင်းပြည်ရဲ့ အနာဂတ်ကို ကြည့်ပြီး ပူးပေါင်းရပ်တည်ကြဖို့လိုပြီလို့ပြောလိုပါတယ် ။
The Politic , No-153
Comments
Post a Comment