ဗမာ
ကျနော် ဗမာ(မြန်မာမဟုတ်ဘူးနော်) လူမျိုးတွေရဲ့
စရိုက်အကြောင်း နည်းနည်းပြောမယ်
စိတ်မဆိုးနဲ့။
ဆိုရှယ်လစ်ခေတ်က
ကျနော်တို့ ရဲ့ ဆရာတစ်ယောက်ရှိတယ်။
ရန်ကုန်သား ဗုဒ္ဓဘာသာ ဗမာစစ်စစ်။
ပညာ အလွန်တော်တဲ့ လူတော်တစ်ဦး။
သိပ္ပံ ဘာသာရပ်တစ်ခုကို
U.S.A လိုတိုင်းပြည်မျိုးကနေ
ဒေါက်တာဘွဲ့ Ph.D ရလာတာ စဉ်းစားကြည့်။
ဒါပေမဲ့ ပြန်လာတော့ ဆိုရှယ်လစ်ရဲ့ဥပဒေအရ
Assistant Lecturer (A/L)
လက်ထောက်ကထိကပဲ ရသပေါ့ဗျာ။
ဒါကိုလည်း
သူ့ရင်ထဲမှာ မကြေနပ်တဲ့အခံကအမြဲရှိတယ်။
သူ့ရဲ့ Lecture ချိန်တိုင်း စကားပြောရင်
''U.S မှာဆိုရင် U.S မှာဆိုရင်'' ဆိုတဲ့စကားနဲ့
''သောက် စာမတတ်ပေမတတ်
စစ်ဗိုလ်တွေထွင်ထားတဲ့
သောက်ဆိုရှယ်လစ်စနစ်ကြောင့်'' ဆိုတဲ့
စကား နှစ်ခွန်းက မပါမပြီးပဲ။
U.S ကပြန်လာကတည်းက
ကျောင်းချိန်မှာ Necktie လည်စည်းနဲ့
ဘောင်းဘီရှည်
ရှူးဖိနပ်အနက်ပဲ အမြဲဝတ်တယ်။
သူ့ကို ကွယ်ရာမှာ ဒေါက်ကြီး ဒေါက်ကြီးလို့
နာမည်ဝှက်နဲ့ခေါ်ကြတယ်။
ဘယ် စစ်တပ်အရာရှိသားသမီးကိုမျှ
ဘယ်လောက်စာတော်နေပေ့စေ
မျက်နှာသာမပေးဘူး။
ပညာတော်တယ် လိမ္မာရေးခြားရှိမယ်
ရိုးရိုးသားသား နေထိုင်တဲ့
ကျောင်းသူကျောင်းသားမှန်ရင်
အလွန်အရေးပေးတယ်။
၈၈ အရေးအခင်းတွေဖြစ်တော့
ရှေ့ဆုံးက ပါလေသပေါ့။
အာဏာ သိမ်းပြီး ဖမ်းဆီးထိမ်းသိမ်းခံရပေမယ့်
ဆိုင်ရာဆိုင်ရာ တပည့်များ ကောင်းမှုနဲ့
ခဏတာအတွင်း ပြန်လွတ်လာပေမယ့်၊
အလုပ်ကနေတော့ အငြိမ်းစားပေးခံလိုက်ရတယ်ဗျ။
အဲ့ဒီတော့ သူ့ရဲ့နာကျည်းချက်က
ပိုလို့သာတိုးပေါ့ဗျာ။
တွေ့လိုက်ရင် စစ်တပ်မကောင်းကြောင်း
တိုင်းပြည်ကို ဘယ်လိုဖျက်ဆီးနေကြောင်းကို
နားမခံသာအောင် ပြောသဗျ။
သူပြောတာလည်း မမှန်တာတစ်ခုမှမရှိပါဘူး။
တစ်နေ့သတင်းစာထဲ
မင်္ဂလာဆောင် သတင်းလေးတစ်ခုပါလာတယ်ဗျ။
ဆရာ့ရဲ့ တစ်ဦးတည်းသောသမီးလေးနဲ့
အကောင်လတ်လတ်တစ်ကောင်ရဲ့သား
''ဗိုလ်ကြီး'' လေးတစ်ယောက်နဲ့
လက်ထပ်ပြီးစီးခြင်း တဲ့။
ကျနော်တို့ အကြောင်းသိတွေကတော့
''ဆရာ သူဒီလောက်ချစ်တဲ့ သမီးကို
ဘာသိဖာသာနေရင်နေ
မနေရင် သူနဲ့တွေ့တိုင်း
ယောက္ခမဆိုတဲ့အရှိန်နဲ့
သူ့သားမက်ကလေးတော့
နားမုဒိမ်း အကျင့်ခံရတော့မယ်၊
သနားစရာပေပဲ'' ပေါ့။
၂ နှစ် ၃ နှစ်လောက်ကြာတော့
ဆရာနဲ့ မထင်မှတ်ပဲ ဗိုလ်ချုပ်ဈေးထဲမှာဆုံပါတယ်။
ကျနော့ကားအရပ်မှာ
နောက်ခပ်လှမ်းလှမ်းကနေ အဲ့ဒီခေတ်က
နောက်ဆုံးပေါ်
Nissan Sunny Super Saloon 88
ကားတစ်စီးကမီးပြပြီး ဟွန်းတီးတော့
ကျနော် ဆင်းပြီး အနားသွားကြည့်လိုက်မှာ
ဆရာဖြစ်နေတာတွေ့ရပါတယ်။
ထူးခြားတာက
ဘောင်းဘီရှည်နဲ့လည်စည်း မပါတော့ရုံသာမက
အဲ့ဒီခေတ်က ဗိုလ်ချုပ်တွေအသိုင်းအဝိုင်း
ယူနီဖောင်း မဝတ်ရင် ဘယ်လိုဝတ်ဆင်ကြလဲ?
အဲ့ဒီအတိုင်းပါပဲ။
အပေါ်က တန်ဖိုးကြီးပါတိတ်ဆင်ရှပ်အင်္ကျီကို
ပုဆိုးအပြင်ထုတ်ဝတ်ကာ
ယိုးဒယားကွင်းထိုးဖိနပ်နဲ့ပါ။
ကျနော့တွေ့တော့
သာကြောင်း မာကြောင်း အလုပ်အကိုင်အကြောင်း
ပြောဆို မေးမြန်းပြီး၊
''ဟေ့ကောင် မင်းညီမ အိမ်ထောင်ကျသွားတာ
သိလိုက်လား'' တဲ့။
ဟုတ်ကဲ့ သတင်းစာထဲမြင်လိုက်ပါတယ်၊
မအားလပ်တာကြောင့် မရောက်ဖြစ်ကြောင်း
မုသားလေးနဲ့ လင်္ကာချောလိုက်ရပါတယ်။
အခု သူ့သားမက်က ဗိုလ်မှူးဖြစ်သွားပြီး
အောက်ဆိုဒ်အလွန်ကောင်းသော
ဘယ်ဌာနမှာရနေကြောင်း၊
ဘယ်လိုဝင်ငွေကောင်းကြောင်း၊
အခုဘယ်မှာ ဘာဝယ်ကာ
သူတို့ ဇနီးမောင်နှံကိုပါခေါ်ထားကြောင်း၊
မြေးလေးလဲ ရနေလို့
ဘယ်လိုစိတ်ချမ်းသာနေကြောင်း၊
အခုသူစီးလာတဲ့ကားကလည်း
သူ့သားမက်က
သူ့သမီးကို သပ်သပ်ဝယ်ပေးထားတဲ့
ကားဖြစ်ကြောင်း၊
သူတစ်သက်လုံးစီးလာတဲ့
လင့်ရိုဘာ Land Rover လေးကိုတော့
ဂိုဒေါင်ထဲမှာ အမှတ်တရသိမ်းထားကြောင်းတို့ကို
ရေပက်မဝင်အောင်ပြောပါတယ်။
ကျနော် လူသစ်စိတ်သစ်နဲ့ ဆရာ့ကို
အခြားဂြိုဟ်ကမ္ဘာ ပေါ်မှ ဆင်းသက်လာသူ
ဂြိုဟ်သားတစ်ဦးသဖွယ်
တအံ့တဩ ငေးမောလို့သာကြည့်နေမိပါတယ်။
ဆရာနဲ့ကျနော်လမ်းခွဲခဲ့ပြီးကတည်းက
ကျနော်စဉ်းစားနေမိတာ က
''အာဏာကိုတပ်မက် ငွေကိုကိုးကွယ်
တရားမျှတမှုဆိုတာကို ထိုးချေလစ်လျူရှုကြတဲ့
အသိုင်းအဝိုင်းဟာ
ဒီလို အခွင့်ထူးခံမတရားမှုတွေကိုစက်ဆုပ်သူ
အမေရိကန်ပြန် ပညာတတ်ကြီး တစ်ယောက်ကို
နှစ်တိုတိုအတွင်း လုံးဝပြောင်းလဲ ပေးနိုင်ခဲ့ရင်
ပညာအခြေခံနိမ့်ပါးလာတဲ့
သာမန်ပြည်သူတွေဆိုရင်???????''
ဆိုတဲ့ အတွေးတစ်ခုပါပဲ။
Coppied from Patric Tan
Comments
Post a Comment