ရခိုင်အမျိုးသားပါတီက မူဝါဒ၊ သဘောထာ

ရခိုင်အမျိုးသားပါတီက မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
============================

ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူများရှင်-

ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံကြ ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်မကတော့   ရခိုင်အမျိုးသားပါတီ  ဒု-ဥက္ကဋ္ဌ  ဒေါ်အေးနုစိန် ဖြစ်ပါတယ်။

ကျွန်မတို့ ရခိုင်အမျိုးသားပါတီ Arakan National Party(ANP) ဟာ ရခိုင်လူမျိုးနဲ့ ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားများကို ကိုယ်စားပြုပြီး ဖွဲ့စည်းထားတဲ့   ပါတီဖြစ်ပါတယ်။  ရခိုင်အမျိုးသားပါတီဟာ  ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့ လွှတ်တော်အသီးသီးမှာ လွှတ်တော်ကိုယ်စားလှယ် ၃၅ နေရာ အနိုင်ရရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာ အနိုင်ရရှိပြီး တော့ ၂ဝ၁၂ မှာ  နိုင်ငံရေးပါတီအဖြစ်  ပြန်လည်မှတ်ပုံတင်ခဲ့တဲ့  ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် Arakan League for Democracy(ALD) တို့ ရခိုင် အမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး ပူးပေါင်းတည်ထောင် လာကြရာမှ ပေါ်ပေါက်လာတဲ့ပါတီ ဖြစ်ပါတယ်။

ကျွန်မတို့ ရခိုင်အမျိုးသားပါတီရဲ့ အခြေခံမူဝါဒသုံးရပ်ကတော့-

(က) စစ်မှန်သော  ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး-  (ဆိုလိုတဲ့ သဘောက- ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးတွေအားလုံး တန်းတူအခွင့်အရေးရရှိရေးကို အာမခံတဲ့ ''လူမျိုးကို အခြေခံသော ပြည်နယ်များ''နဲ့ ဖွဲ့စည်းတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရန် ဖြစ်ပါတယ်။)

(ခ) ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအားလုံးနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အခြားတိုင်းရင်းသားအားလုံးတို့ရဲ့ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်လာစေ ရေးနဲ့ အဆိုပါအကျိုးစီးပွားတွေကို အစဉ်ကာကွယ်စောင့်ရှောက်သွားရေး။

(ဂ) ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူများရှင်-

ကျွန်မတို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ကြောင့် လည်းကောင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်လည်းကောင်း တိုင်းရင်းသား ပြည်သူအပေါင်းတို့ဟာ ဒုက္ခမျိုးစုံကို နှစ်ပေါင်း ၇ဝ ကျော် ခါးစည်းခံစားခဲ့ရ တယ်။ ယနေ့ထက်တိုင်လည်း ခံစားနေကြရဆဲလည်း ဖြစ်ပါတယ်။ ယနေ့ အထိ  အမျိုးသားလွတ်မြောက်ရေးတောင်းဆိုတဲ့  ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်လျက် ရှိနေကြပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်းရင်းဟာ တိုင်းရင်းသားလူမျိုးများအချင်းချင်း တန်းတူရည်တူအခွင့် အရေး မရရှိသေးခြင်း၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့် မရသေးခြင်းတို့ကြောင့်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မို့လို့ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ကျွန်မ တို့ဟာ  သဘောထားကြီးစွာနဲ့ ရဲရဲဝံ့ဝံ့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံပြီးတော့ ဒီမိုကရေစီစနစ်ကိုလည်း အာမခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မဖြစ်မနေ ပေါ်ပေါက်လာရေးအတွက်လည်း ကျွန်မတို့အားလုံး လက်တွဲဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင် ပြည်သူများရှင်-

ကျွန်မတို့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်လူမျိုးတစ်မျိုးတည်းကို အခြေခံ တဲ့ပါတီမဟုတ်ဘူးဆိုတာကို  ကျွန်မတို့ပါတီရဲ့ ပါတီဝင်ဖြစ်မှုဆိုင်ရာ မူဝါဒမှာ  တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ရခိုင်နဲ့  ရခိုင်မျိုးနွယ်စုတွေအပါအဝင် ရခိုင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုထဲက အခြားတိုင်းရင်းသားမျိုးနွယ်စုဝင် မည်သူမဆို ပါတီဝင် အဖြစ် လျှောက်ထားနိုင်ကြပါတယ်။ ပါတီအနေဖြင့်လည်း ရခိုင်ပြည်နယ် အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံးအတွက် ရပ်တည်တိုက်ပွဲဝင်သွားမှာဖြစ်သလို   ပြည်ထောင်စုတစ်ခုလုံးရဲ့  အရေးမှာ လည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်းပဲ  ကျွန်မတို့  ရခိုင်အမျိုးသားပါတီရဲ့  လုပ်ငန်းစဉ် ၁၈ ရပ်ကို ပါတီဖွဲ့စည်းပုံမှာ တိတိကျကျ ပြဋ္ဌာန်းဖော်ပြထားရှိပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။ လုပ်ငန်းစဉ် ၁၈ ရပ်ကို အကျဉ်းချုပ်တင်ပြရမယ်ဆိုရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုအခွင့်အလမ်းများ တိုးတက်မြင့်မားလာစေဖို့ အလုပ်သမားသမဂ္ဂများ၊ လယ်သမားသမဂ္ဂ    ပေါ်ပေါက်လာစေဖို့၊    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပေါ်ပေါက်လာသည့် စီမံကိန်းကြီးများမှာ ရခိုင်အမျိုးသားလုပ်ငန်းရှင်များက ပါဝင်လုပ်ပိုင်ခွင့်ရရှိရေး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကြောင့် ရရှိလာသည့် အကျိုးစီးပွားများနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များကို တိုင်းရင်းသားများ အပြည့်အဝရယူခံစားနိုင်ရေး၊ နေရပ်စွန့်ခွာပြီး အလုပ်အကိုင် ရှာဖွေရင်း ရခိုင်ပြည်နယ်ပြင်ပကို ရောက်ရှိနေကြတဲ့ ရခိုင်တိုင်းရင်းသားများ နေရပ်ပြန်လည်ရောက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေး ကြိုးပမ်းရန်တို့အပြင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများရဲ့ အခွင့်အရေးရပိုင်ခွင့်များ ကာကွယ်စောင့်ရှောက်ရန်စသဖြင့် လုပ်ငန်းစဉ်များကို ချမှတ်ထားရှိပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင် ပြည်သူများရှင်-

၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်သော်ငြားလည်း ကျွန်မတို့ ရခိုင်ပြည်သူပြည်သား များအတွက် အရေးပါတဲ့ခြေလှမ်းအဖြစ် ကျော်ဖြတ်ကြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ နေရာဟာ ယခင်က ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးဖိုးမင်း(ရခိုင် ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ)ကွယ်လွန်သွားတဲ့အတွက်   လစ်လပ်ပေါ်ပေါက် လာတဲ့နေရာ ဖြစ်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲရလဒ်တွေအရ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကျွန်မ တို့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာအများဆုံး အနိုင် ရရှိခဲ့ပေမယ့် လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခက်အခဲများ ကြောင့် ရခိုင်ပြည်နယ်အစိုးရကို ဖွဲ့စည်းခွင့်မရရှိခဲ့သော်လည်း ရခိုင်ပြည်နယ် လွှတ်တော်ကို ထိန်းချုပ်ထားနိုင်တဲ့အနေအထားနဲ့ ရှေ့ဆက်ပြီးတော့ ချီတက် ခဲ့ကြပါတယ်။

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်များဟာ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုများတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ ဥပဒေပြုခြင်းစသည်တို့ကို ဆောင်ရွက်ကြပြီးတော့ ရခိုင် ပြည်နယ်အစိုးရရဲ့ လုပ်ငန်းစဉ်များကိုလည်း စောင့်ကြည့်ထိန်းကျောင်းခြင်း များကိုလည်း အစဉ်တစိုက် လုပ်ဆောင်ရင်း ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒ လုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြပါတယ်။

ထင်ရှားတဲ့သာဓကအနေနဲ့   ဖော်ပြရမယ်ဆိုရင်  မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့   ရခိုင်အရေးစုံစမ်းစစ်ဆေးရေးကော်မရှင်ကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်မှုအတွက် ပြည်ထောင်စုလွှတ်တော်နှစ်ရပ်မှာ မအောင်မြင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းအောင်မြင်ခဲ့တဲ့ကိစ္စကို မဲဆန္ဒရှင် ပြည်သူများအနေနဲ့ သိရှိကြပြီးဖြစ်ပါတယ်။

ဒါကြောင့် အခု ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်ဟာ ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီ အင်အား ပိုမိုတောင့်တင်းရေးအတွက် အရေးပါတဲ့နေရာဖြစ်လို့ အနိုင်ရရှိဖို့ အရေးကြီးပါတယ်။

ခေတ်အဆက်ဆက်မှာ   ရခိုင်လူမျိုးတွေဟာ  မိမိတို့ရဲ့  ဆုံးရှုံးနေတဲ့ အမျိုးသားအခွင့်အာဏာတွေကို ရရှိလာစေဖို့အတွက် နည်းမျိုးစုံနဲ့ သက်စွန့် ဆံဖျား  ကြိုးစားခဲ့ကြသလို  ကျွန်မတို့ ရခိုင်အမျိုးသားပါတီအနေနဲ့လည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဥပဒေဘောင်ထဲက အစွမ်းကုန်ကြိုးပမ်းအားထုတ် ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။

အခုဒီကြားဖြတ်ရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်မှုဟာလည်း ရခိုင်အမျိုးသားရေးကြိုးပမ်းအားထုတ်မှုတွေထဲက  တစ်ရပ်ကို  ပီပြင်စွာ ဝင်ရောက်ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ယခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ရခိုင်အမျိုးသားပါတီကိုယ်စား ရခိုင် အမျိုးသားပါတီ ဗဟိုကော်မတီဝင် ရသေ့တောင်မြို့နယ်ပါတီ အတွင်းရေးမှူး ရသေ့တောင်မြို့ ဒေသခံ ဦးမောင်လှမြင့်က ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်သူများ ဘေးဥပဒ်အန္တရာယ်ဒုက္ခ အကျပ်အတည်းတွေကြုံတိုင်း မိမိပါတီဝင်များနှင့်လည်းကောင်း၊ ရခိုင့်အကျိုး စီးပွားအတွက် ဆောင်ရွက်နေကြတဲ့ အခြားအဖွဲ့အစည်းများနှင့်သော်လည်း ကောင်း အတူတကွရှေ့တန်းက မားမားမတ်မတ် ကူညီဆောင်ရွက်ရင်း ပြည်သူ နဲ့တစ်သားတည်း အစဉ်ကြိုးပမ်းဆောင်ရွက်နေတဲ့ ပါတီဖြစ်ကြောင်း ပြည်သူ များအသိပင် ဖြစ်ပါတယ်။

ပြည်ထောင်စုသားချင်းများ ဖြစ် ကြတဲ့ လက်ပံတောင်းတောင်အရေး ကိစ္စကြောင့်   ဒုက္ခရောက်သူများကို လည်း ကျွန်မတို့ပါတီက သွားရောက် ကူညီမှုများ ပြုလုပ်ခဲ့ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရခိုင် ပြည်သူတစ်ရပ်လုံးဟာ ရခိုင်ကိုယ်စား ပြုပါတီဖြစ်တဲ့  ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ (RNDP) နဲ့ အတူရပ်တည်ခဲ့ကြတဲ့အတွက်RNDP ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်မှာ တတိယအများဆုံး အနိုင်ရပါတီအဖြစ် မော်ကွန်းစိုက်ထူနိုင်ခဲ့သလို ၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း ရခိုင်အမျိုးသားပါတီဟာ စုစုပေါင်း ၇၇ နေရာ ယှဉ်ပြိုင်ခဲ့တဲ့အနက် ၄၅ နေရာ အနိုင်ရပြီးတော့ တတိယအများဆုံးအနိုင် ရတဲ့ပါတီအဖြစ် ထပ်မံရပ်တည်လာခဲ့ပါတယ်။ ဒီလိုသမိုင်းမှတ်တိုင် စိုက်ထူနိုင် မှုကြောင့်   ရခိုင်တိုင်းရင်းသားအားလုံးရဲ့  ''အမျိုးသားရေးစိတ်ဓာတ်''ကို မြန်မာနိုင်ငံအစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကပင်            အသိအမှတ်ပြုခဲ့ကြရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ၂ဝ၁၈ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ နေရာမှာ ရခိုင်အမျိုးသားပါတီ (ANP) အပြတ်အသတ်အောင်ပွဲရရှိစေဖို့ဟာ ရခိုင်ပြည်သူတွေရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့ အလေးအနက်ယုံကြည် ပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင် ပြည်သူများရှင်-

ကျွန်မတို့ ရခိုင်အမျိုးသားပါတီရဲ့ ရည်မှန်းချက်သုံးရပ်ထဲမှာ နံပါတ်တစ် ရည်မှန်းချက်ဖြစ်ပြီး အရေးအကြီးဆုံးလည်းဖြစ်တဲ့ ''စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး''ဆိုတဲ့  ရည်မှန်းချက်ကို အတိမ်းအစောင်း အလျှော့မပေးစတမ်း  ဆက်လက်လျှောက်လှမ်း  ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ ပထမအကြိမ် အစည်းအဝေးမှာ ကျွန်မတို့ပါတီက ခိုင်ခိုင်မာမာ ဆုပ်ကိုင်ရပ်တည်ထားတဲ့ ကျွန်မတို့လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ   ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုမျိုးလဲဆိုတာကို စာတမ်းဖတ်ကြား တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူများရှင်-

ကျွန်မတို့ မြန်မာနိုင်ငံမှာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျူးကျော် ထိပါးစော်ကားပြီး   ဖိအားပေးတဲ့လုပ်ရပ်တွေ၊  အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လိုတဲ့လုပ်ရပ်တွေကို ဒီနှစ်ပိုင်းတွေအတွင်းမှာ တွေ့ကြုံနေရတာ တွေကို အမျိုးသားရေးခံယူချက်၊ ရပ်တည်ချက်၊ အမျိုးသားရေးသတိတွေနဲ့ ကာကွယ်ရပ်တည်ဆောင်ရွက်သွားကြဖို့ ပြည်သူတစ်ရပ်လုံးမှာ တာဝန်ရှိပါ တယ်။ ရခိုင်ပြည်မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက် လုပ်ရပ်များသည် ရခိုင်ပြည်သူများ၏ ဘဝလုံခြုံရေးကို ထိပါးလျက်ရှိပြီးတော့ ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့်အတူ လက်တွဲရင်ဆိုင် ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်လို့ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆောင်ရွက်ချက်များကို လည်း ပြည်သူများအနေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များ နှင့် အခြားမီဒီယာများတွင်လည်း တွေ့မြင်နေကြရမှာဖြစ်ပါတယ်။

ခေတ်မီတိုးတက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အောင်မြင်စွာရပ်တည် နိုင်ရေးအတွက် အနာဂတ်အင်အားအဖြစ် လူငယ်မျိုးဆက်သစ်များကို စနစ်တကျပြုစုပျိုးထောင်ပြီး လက်ဆင့်ကမ်းလွှဲပြောင်းပေးနိုင်ဖို့ကိစ္စရပ်ဟာ လည်း အထူးအရေးကြီးပါတယ်။

ကျွန်မတို့ ရခိုင်အမျိုးသားပါတီဟာ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းက လူငယ်တွေ့ဆုံပွဲတစ်ရပ်ကျင်းပပြုလုပ်ပြီးတော့ ရခိုင်အမျိုးသားနိုင်ငံရေးမှာ လူငယ်မျိုးဆက်သစ်အင်အားစုတစ်ရပ် စနစ်တကျပေါ်ထွန်းလာစေဖို့၊ အရည် အချင်းပြည့်ဝတဲ့  လူငယ်နိုင်ငံရေးအင်အားစုတစ်ရပ်ဟာ  ရခိုင့်နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး ဇာတ်ခုံအသီးသီးမှာ ကမ္ဘာ့နိုင်ငံရေးရေချိန်ကို မျက်ခြည် မပြတ်ဘဲ အောင်မြင်စွာ တည်ဆောက်ဖြတ်သန်းနိုင်ကြဖို့ ရခိုင်အမျိုးသား ပါတီရဲ့ မူဝါဒရည်ရွယ်ချက် လုပ်ငန်းစဉ်ပါအတိုင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပါတယ်။ လူငယ်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု တည်ဆောက်ရေးကိစ္စရပ် ဟာ စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမယ့် လုပ်ရပ်ဖြစ်တယ်လို့လည်း ကျွန်မ တို့ ရခိုင်အမျိုးသားပါတီက ခံယူထားပါတယ်။

ဒါကြောင့် ကျွန်မတို့ ရခိုင်အမျိုးသားပါတီကို မဲထည့်ခြင်းဖြင့် ရွေးချယ် ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

မဲဆန္ဒရှင်ပြည်သူအားလုံး  အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်းကြပါစေ၊ စစ်မှန်သော     ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံတော်
ကြီး အမြန်ဆုံးပေါ်ထွန်းလာပါစေလို့     ဆုမွန်ကောင်းတောင်းရင်း    နိဂုံးချုပ် အပ်ပါတယ်။    ။

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ