ကျာင်းပျက်ထဲက လူပျက်တွေ ထွက်လာပြီလား
သည်တပတ် ဆရာမောင်သာချို။
ကျောင်းပျက်ထဲက
***************
လူပျက်တွေ ထွက်လာပြီလား
***********************
မောင်သာချို
7Day
Thu, 2018-09-20 23:38
Issue No. အတွဲ (၁၇)၊ အမှတ် (၂၈)
(တစ်)
စာရေးဆရာကြီးဦးအောင်သင်း မကြာခဏ ရေးလေ့၊ ပြောလေ့ရှိသော အကြောင်းအရာတစ်ခုမှာ ပညာ၏ အရေးပါပုံပဲ ဖြစ်ပါသည်။
ဆရာက လူတစ်ယောက် မည်သည့်အခြေအနေ၊ မည်သည့် အရပ်ဒေသသို့ ရောက်ရောက် ကိုယ့်အသိဉာဏ်နှင့် ကိုယ်လမ်းမှန်သို့ ရောက်အောင် စဉ်းစား တွေးခေါ်နိုင်အောင် သင်ပေးလိုက်နိုင်ပါမှ တကယ့်ပညာဖြစ်ပြီး ကိုယ့်နေရာကွက်ကွက်ကလေး၌ နေ၍ ဖြစ်ရုံ၊ အလုပ်ဖြစ်ရုံကလေး သင်ပေးလိုက်နိုင်မှုကို အပြစ်ဆိုပါသည်။
အရှေ့၊ အနောက်၊ တောင်၊ မြောက်ကိုသင်သည့်အခါ နေထွက်ရာဘက်သို့ မျက်နှာမူခိုင်းလိုက်ပြီး မျက်မှာမူရာ အရပ်သည် အရှေ့၊ ကျောဘက်သည် အနောက်၊ လက်ယာဘက်သည် တောင်၊ လက်ဝဲဘက်သည် မြောက် စသည်ဖြင့် တစ်လောကလုံးကို လွှမ်းခြုံကာ သင်ပေးလိုက်လျှင် ထိုသူ မည်သည့်အရပ်သို့ ရောက်သွားရောက်သွား အရပ်လေးမျက်နှာကို ခွဲခြားသိမြင်နိုင်မည် ဖြစ်ပါလျက် ဆရာက အမြင်ကျဉ်းကာ မိမိဝန်းကျင်ကို အခြေခံပြီး ချောင်းရှိတာက အရှေ့၊ ရေကန်ရှိတာက အနောက်၊ ကုက္ကိုပင်ကြီးရှိတာက တောင်၊ ဘုန်းကြီးကျောင်းရှိတာက မြောက် စသည်ဖြင့် အလွယ်သင်ပေးလိုက်သည့်အခါ ကိုယ့်ရပ်ကိုယ့်ရွာတွင် နေ့စဉ်က ကိုယ့်ဘာသာကိုယ် အလုပ်ဖြစ်နေခဲ့သော်လည်း အပြင်လောကထဲသို့ ထွက်လိုက်သည့်အခါ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခွဲခြားမသိတော့ဘဲ အရပ်လေးမျက်နှာ သိချင်ရင် ငါတို့ရွာ လိုက်ခဲ့ဟူသည့် ဘဝမျိုး ရောက်သွားရကြောင်း ဆရာပြောတတ်ပုံတွေကို ကျွန်တော် အမှတ်ရပါ သည်။
ကျွန်တော်တို့၏ စာသင်ခန်းများသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် တကယ့်လူများကို မွေးထုတ်ပေးရန် လိုအပ်လှပါသည်။
ဆရာ ဦးအောင်သင်းပင်လျှင် သူ၏ ဟောပြောပွဲတစ်ခု၌ ဝါတာလူးစစ်ပွဲ၌ အင်္ဂလိပ်တို့ အနိုင်ရခြင်းသည် ကျောင်းအားကစားကွင်းထဲတွင် အခြေခံကြောင်း ထည့်ဟောခဲ့ပါသေးသည်။
ထိုစကားကို မူရင်းပြောသူက ဗိုလ်ချုပ်ကြီး ဝယ်လင်တန် (Wellington) ပဲ ဖြစ်ပါသည်။ ဝယ်လင်တန်ကား ထိုဝါတာလူးစစ်ပွဲကို ဦးဆောင်တိုက်ခဲ့သည့် သူလည်း ဖြစ်ပါသည်။
ဝါတာလူး (Waterloo) က ယခု ဘယ်လ်ဂျီယံ (Belgium) နိုင်ငံ ဘရပ်ဆဲလ် (Brussels) မြို့၏ တောင်ဘက်က အရပ်ဒေသ ဖြစ်ပါသည်။ ဥရောပကို စိုးမိုးလိုသည့် ပြင်သစ်ဗိုလ်ချုပ် နပိုလီယံ (Napoleon) နှင့် အင်္ဂလိပ်တို့ ထိုဝါတာလူး၌ ထိပ်တိုက်တွေ့ကြသည့်နေ့မှာ ၁၈ ဇွန် ၁၈၁၅ ဖြစ်ပါသည်။ တနင်္ဂနွေနေ့ သွေးချောင်းစီးပွဲကြီး။
တိုက်ပွဲအလွန် အောင်ပွဲရအပြီးတွင် အိုင်းရစ်သွေးပါသူ အင်္ဂလိပ်ဗိုလ်ချုပ် ဝယ်လင်တန်က စကားတစ်ခွန်းပြောပါသည်။ ထိုစကားက ကမ္ဘာကျော်ပါသည်။
The battle of Waterloo was won on the playing fields of Eton. ဟူ၍။ ဝါတာလူးစစ်ပွဲ၏ အောင်မြင်မှုသည် အီတန်ကောလိပ် ကစားကွင်းများပေါ်၌ အောင်မြင်ခဲ့ခြင်းဖြစ်သည်တဲ့။
အီတန် (Eton) ကောလိပ်သည်ကား ကမ္ဘာကျော် စာရေးဆရာ ဂျော့ခ်ျအော်ဝဲလ် (George orwell) ကဲ့သို့၊ အဒေါ့ ဟပ်စလေ (Aldous Huxley) ကဲ့သို့၊ ကားလ် မာ့က်ခ် (Karl Marx) ကဲ့သို့၊ အီရန် ဖလင်းမင်း (Ian Fleming) ကဲ့သို့၊ ဟင်နရီ ဖီးလ်ဒင်း (Henry Fielding) ကဲ့သို့၊ ရှယ်လီ (Shelley) ကဲ့သို့ အကျော်အမော်များစွာကို ပညာသင်ခွင့်ပေးခဲ့ရာ ကျောင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် သာမန်ကာလျှံကာ ဘွဲ့လက်မှတ်ထုတ်ပေးရုံ တက္ကသိုလ် ကောလိပ်ကျောင်းကလေး မဟုတ်။ ကမ္ဘာကျော်။
ဝါတာလူးစစ်ပွဲ၏ အောင်မြင်မှုသည် ထိုအီတန်ကောလိပ် ကစားကွင်းများကို အခြေခံကာ ရရှိလာသည့် အောင်မြင်မှုဖြစ်ကြောင်း ဆိုလိုခြင်းမှာ နားထောင်၍ ကောင်းရုံစကားကို တန်ဆာဆင်၍ ပြောလိုက်ခြင်း မဟုတ်ပါ။
အီတန်က ပေးလိုက်သည့် ကြိုးစားမှု၊ စည်းကမ်းရှိမှု၊ တာဝန်ကျေမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဇွဲလုံ့လဝီရိယ ထက်သန်မှု၊ အနစ်နာခံမှု၊ ဝေဖန်ပိုင်းခြားနိုင်မှု၊ ထိုးထွင်းသိမြင်မှု စသည့် လူ့အရည် အသွေးပေါင်းများစွာနှင့် ပြည့်စုံသည့် ဗိုလ်ချုပ်ကြီး ဝယ်လင်တန် အပါအဝင် ထိုကျောင်းထွက် စစ်မှုထမ်းများစွာတို့က ဝါတာလူးစစ်ပွဲကို စနစ်တကျ တိုက်ခိုက်အနိုင်ယူခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ခြင်းပင် ဖြစ်ပါသည်။
လူတွေကို ကျောင်းတွေက ထုတ်လုပ်လိုက်ခြင်းဖြစ်ရာ ကျောင်းညံ့လျှင် လူညံ့တွေ ထွက်လာ၍ ကျောင်းကောင်းလျှင် လူကောင်းတို့ ထွက်လာမြဲဖြစ်ပါသည်။ ကျောင်းကောင်း၊ ကျောင်းညံ့ဆိုသည်ကလည်း ပညာရေးစနစ် ညံ့သလား၊ ကောင်းသလား အပေါ်၌ သေသေချာချာကြီးကိုပင် အခြေတည်၍ နေပါလေသည်။
(နှစ်)
ဆရာချစ်ဦးညိုက ပညာရေး စနစ်ကို ဖျက်ပစ်လိုက်လျှင် ထိုနိုင်ငံ ပျက်သုဉ်းသွားကြောင်း မကြာခဏဆိုသလို စင်ပေါ်ကနေ ပြောတတ်ပါသည်။
သူ့စကားကို သိချင်သဖြင့် ဂူးဂဲလ်ထဲသို့ ဝင်ကာ ကျွန်တော် ရှာကြည့်မိပါသည်။ မူရင်းစာသားကို ဤသို့တွေ့ရပါသည်။
If you want to destroy a nation, just spoil its education system. ဟူ၍။ နိုင်ငံတစ်ခုကို ပျက်သုဉ်းစေလိုလျှင် ထိုနိုင်ငံ၏ ပညာရေးစနစ်ကို ဖျက်ဆီးလိုက်ရုံသာတဲ့။ ဖတ်ကောင်းရုံ အဆိုအမိန့်လှလှကလေးဟုများ ထင်မှတ်နေလေရော့သလား မသိ။ စဉ်းစားလျှင် စဉ်းစားသလောက် ဂယက်တွေ အဆင့်ဆင့် ရိုက်ခတ်၍သွားသောစကားဟု ထင်ပါသည်။
ပညာရေးစနစ်ပျက်သော် Reasoning Power ခေါ် တွေးခေါ်မြော်မြင်မှု စွမ်းရည် ပျက်ပါပြီ။ Critical Thinking ခေါ် ဝေဖန်ပိုင်းခြား စဉ်းစားနိုင်မှု စွမ်းရည် ပျက်ပါပြီ။ Decision Making ခေါ် ဆုံးဖြတ်ချက်ချနိုင်မှု အရည်အသွေး ပျက်ပါပြီ။ Problem Solving ခေါ် ပြဿနာအခက်အခဲ ဖြေရှင်းနိုင်မှု စွမ်းရည် ပျက်ပါပြီ။ ထိုထိုသော အရာတို့ ပျက်နေသည့် လူပျက်များကို ထုတ်လုပ်ပေးလိုက်လေသောအခါ ...
တရားသူကြီးအပျက်၊ ရှေ့နေအပျက်များက တရားစီရင်ရေးကို ဖျက်ကြ၊ ဆရာဝန်အပျက်များက ကုသရေးကို ဖျက်ကြ၊ အင်ဂျင်နီယာအပျက်များက တည်ဆောက် ပြုပြင်မှုများကို ဖျက်ကြ၊ ကျောင်းဆရာ၊ ဆရာမအပျက်များက ကလေးသူငယ်များကို ဖျက်ကြ၊ တောင်သူလယ်လုပ် ဓားမခုတ်အပျက်များက ကောက်ပဲသီးနှံ ဥယျာဉ်ခြံမြေများကို ဖျက်ကြ၊ စောင့်ရှောက်ကာကွယ်သူ အပျက်များက လုံခြုံရေးကို ဖျက်ကြ၊ စာပေအနုပညာရှင်အပျက်များက ခံစားမှုနှလုံးသားကို ဖျက်ကြ၊ သုတေသနပညာရှင်အပျက်များက ပညာရပ်ကို ဖျက်ကြ၊ ရပ်ရွာအနှံ့ ပြန့်ကျဲနေသည့် လူပျက်များက ထိတွေ့ဆက်စပ်ရာ လူ့အဖွဲ့အစည်းကို ဖျက်ကြ။
ပညာရေးစနစ် တကယ်ပျက်ပြီဆိုသောအခါ ထိုနိုင်ငံရှိ လူအားလုံး၏ သည်းခြေ၊ လိပ်ပြာ၊ ဝိညာဉ်၊ နှလုံးသား အကုန်လုံး ပျက်စီးသွားမြဲ ဖြစ်သဖြင့် ပညာရေးစနစ်ကို ဖျက်၊ ထိုတိုင်းပြည်ပျက်သည်ဟု ဆိုခြင်းဖြစ်ပါသည်။
If you want to destroy any nation without war, create adultery or nudity common in the young generation ဟူသည့် အဆိုအမိန့်ကိုလည်း ကြားဖူးလိမ့်မည်ဟု ထင်ပါသည်။
စစ်မတိုက်ဘဲနှင့် နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးပစ်လိုက်ချင်ပါသလားတဲ့။ မျိုးဆက်သစ်လူငယ်တို့ အကြား၌ အိမ်ထောင်ရေး ဖောက်ပြန်ရှုပ်ထွေး ပွေလီဆန်းပြားမှုများ၊ အဖော်အချွတ် အကွဲအပြဲ အလှစ်အဟ မိမွေးတိုင်း ဖမွေးတိုင်း သဘာဝများကို ထုတ်ဖော်ပြသမှုများ ခေတ်စားလာစေရန် ဖန်တီးပေးလိုက်ပါတဲ့။ ထိုကိစ္စများ၌ လူငယ်ထု အာရုံညွှတ်နေလျှင် ထိုတိုင်းပြည် စစ်မတိုက်ရဘဲ ပျက်သွားလိမ့်မည်တဲ့။
(သုံး)
နိုင်ငံတကာ၌ စည်းကမ်းတကျ သွားလာနေထိုင်သူတို့ကို တွေ့သောအခါ၊ လူလူချင်း ခွင့်လွှတ်သည်းခံ တောင်းပန်ပြုံးပြ သွားလာလှုပ်ရှားနေသူများကို တွေ့သောအခါ၊ သူ့စည်း၊ ကိုယ့်စည်း လိုက်နာစောင့်ထိန်း နားခိုနေထိုင်သူများကို တွေ့သောအခါ၊ အချိန်နှင့်အမျှ ကြိုးစားဖတ်မှတ် လေ့ကျင့်နေသူများကို တွေ့သောအခါ ပညာရေးကောင်းလို့ဟု အမြဲတမ်း ပြောလေ့ရှိပါသည်။
ငှက်ကလေးတို့ အသိုက်မြင့်မြင့်ကြီးများပေါ်၌ တက်နေပြီဆိုလျှင် ရေကြီးမည်ဟု သိသလို၊ ပုရွက်ဆိတ်တို့ မြင့်ရာ အဆောက်အအုံများပေါ်သို့ တန်းစီတက်နေကြလျှင် ငလျင်လှုပ်တော့မည်ဟု သိသလို လူတိုင်းကိုယ်စီ ပျက်ကြလေပြီဆိုသည့်အခါ ထိုအရပ်ရှိ စာသင်ခန်းများ ပျက်သွားခဲ့ပြီဆိုသည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။
ကျွန်တော်တို့ လူတွေ ပျက်၏၊ မပျက်၏၊ ကျွန်တော်တို့ ကျောင်းတွေ ကောင်း၏၊ မကောင်း၏ဆိုသည်မှာ အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည် ပျက်၊ မပျက်နှင့် ဆက်နွှယ်နေသောကြောင့် ဖြစ်ပါသည်။
(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာ ဆောင်းပါးများ ရေးသားနေသူ ဖြစ်သည်)
7Day Daily webpage ကနေ ကူးယူပါတယ်။ ဆဲဗင်းဒေးကို ကျေးဇူးတင်ပါတယ်။
စလေ ငနော့ (ကျော်ဇင်လတ်)
share by ဝေယျာအောင်
Comments
Post a Comment