“မြန်မာစကား

“မြန်မာစကား ရှုပ်သလား”  copy copy
******************
###crd မူရင်း

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က … ။ ကျွန်မ ဘလော့က စာတပုဒ်မှာ လူငယ်တယောက်က ကွန်မန့်လာရေးပါတယ်။ သူ့ကွန်မန့်ကို အတိုချုပ်ရရင် …

“ဗမာစာလုံးက ရှုပ်တယ်၊ စလုံးရှိနေပြီး ဘာလို့ ဆလိမ်ထည့်ရတာလဲ၊ နငယ်နဲ့ ဏကြီး၊ ဂငယ်နဲ့ ဃကြီး၊ ဗထက်ချိုင့်နဲ့ ဘကုန်း၊ ဒဒွေးနဲ့ ဓအောက်ချိုင့်၊ သ နဲ့ ဿ (သကြီး)၊ ယပက်လက်နဲ့ ရကောက်၊ ဇကွဲ နဲ့ ဈမျဉ်းဆွဲ … ဘာကြောင့် ကွဲနေရတာလဲ။
အဲဒီလိုတွေ ကွဲနေတော့ ရှုပ်တာပေါ့၊ ဘာသာစကားမှာ ဆိုလိုရင်းကို အဓိပ္ပါယ်ပေါ်အောင် ဖော်ပြနိုင်ဖို့က အဓိကပဲ၊ လွယ်ကူရှင်းလင်းသင့်တယ်၊ အများစုလက်ခံနိုင်ရင် လွယ်ကူအောင် ပြောင်းလဲ သင့်တယ် …” စသဖြင့် ရေးထားခဲ့ပါတယ်။ သူ့ကွန်မန့်ကြောင့် ကျွန်မ ပြန်ရေးဖြစ်တဲ့ စာကို အနည်းငယ် တည်းဖြတ်ပြီး ဖော်ပြလိုက်ပါတယ်။
***
#ဝေါဟာရ_အစ_အသံက
.
ဝေါဟာရစကား ဖြစ်လာပုံဟာ သဒ္ဒ လို့ ခေါ်တဲ့ “အသံ” ကြောင့်ပါတဲ့။
အသံဖြစ်ကြောင်း ၄-မျိုး ရှိပါတယ်။
စိတ်ကြောင့်ဖြစ်တဲ့ အသံ၊ ဥတုကြောင့်ဖြစ်တဲ့အသံ၊ စိတ်ရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့အသံ နဲ့ ဥတုရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့အသံ ရယ်လို့ ၄-မျိုးရှိတယ်။
.
ကျွန်မတို့ နေ့စဉ် စကားပြော နေကြတဲ့ အသံဟာ စိတ်ကြောင့် ဖြစ်တဲ့ အသံပေါ့။ မိုးခြိမ်းသံ လေတိုက်သံ တို့ကတော့ ဥတုကြောင့်၊ စောင်းသံ, ပုလွေသံ စတာတွေကတော့ စိတ်ရဲ့ အထောက်အပံ့ကြောင့်ဖြစ်ပြီး လေတိုက်ခတ်လို့ သစ်ရွက်အချင်းချင်း ထိခတ် မြည်တဲ့အသံကတော့ ဥတုရဲ့ အထောက်အပံ့ကြောင့် ဖြစ်တဲ့ အသံတွေ အသီးသီး ဖြစ်ကြပါသတဲ့။
.
#အက္ခရာ_ဆိုတာ
.
အဲဒီလို ဖြစ်လာတဲ့ အသံတွေ မပျောက်မပျက် တည်နေရအောင် ၀ါးပေါ်မှာ၊ ဖယောင်းပေါ်မှာ၊ သားရေပေါ်မှာ၊ ကြေးပြား ရွှေပြားတွေပေါ်မှာ၊ အုတ်ခွက်,ပေ, ပရပိုက် စတဲ့ ပစ္စည်းတွေပေါ်မှာ အမှတ်သညာ ရေးထိုး ထားကြပါတယ်။ ဒီအသံတွေကို ရေးထားတဲ့ သညာ အမှတ်အသားကိုပဲ အက္ခရာလို့ ခေါ်ခြင်းဖြစ်ပါတယ်။
.
အက္ခရာ ဆိုတာ “မကုန်ခမ်းနိုင်သော” .. လို့ အနက်အဓိပ္ပါယ်ရပါတယ်။ ဘယ်လို မကုန်ခမ်းနိုင်တာလဲ … ဆိုရင် ခုန ပြောခဲ့တဲ့ အသံတွေ စကားတွေ၊ လောကမှာ ရှိရှိသမျှ အရာဝတ္ထု အစုစုတွေကို ရေးမှတ်သော်လည်း မကုန်ခမ်း နိုင်ဘူးတဲ့။
.
#ဗျည်း_နဲ့_သရ
.
ဗျည်းကို သရနဲ့ ပေါင်းမှ အသံထွက်ပါတယ်။ က+အ = က့ ဆိုတဲ့ အသံထွက်တယ်။
က + အာ = ကာ .. စသဖြင့်ပါ။ ဗျည်းတခုတည်းရဲ့ အသံက တိုလွန်းလို့ မပီသပါဘူး။ မထင်ရှားဘူး။ ဒါကြောင့် သရနဲ့ တွဲရပါတယ်။
.
#ကခ_နှင့်_အခြားဘာသာစကား
.
ကကြီး-ခကွေး-ဂငယ်ဆိုပြီး (ကြီး၊ ကွေး၊ ငယ် လို့ ထည့်သွင်း) ရွတ်ဖတ်ခြင်းကတော့ မြန်မာဘာသာ မှာသာ ဖြစ်ပါတယ်။
ပါဠိမှာ … က၊ ခ၊ ဂ၊ ဃ၊ င လို့သာ ရွတ်ဖတ်ပြီး သီဟိုဠ်မှာတော့ ကယာန၊ ခယာန၊ ဂယာန လို့ရွတ်တယ်လို့ သိရတယ်။ တမိလ် ဘာသာမှာဆိုရင် ကနာ၊ ခနာ၊ ဂနာ .. တဲ့။ ဗင်္ဂါလီဘာသာမှာကတော့ ကော၊ ခေါ၊ ဂေါ .. လို့ ရွတ်ဖတ်ပြီး မွန်ဘာသာမှာတော့ ကဲ့၊ ခဲ့၊ ဂဲ့ စသည်ဖြင့် ရွတ်ဖတ်ကြပါသတဲ့။ ထိုင်းမှာတော့ ကောကိုင်၊ ခေါခိုင် လို့ ရွတ်ဖတ်တယ်လို့ ဆိုပါတယ်။
.
#ကကြီး_လို့_ဘာကြောင့်ခေါ်
.
ဂငယ် နဲ့ ဃကြီးမှာ ငယ်ခြင်း ကြီးခြင်းဟာ အရွယ်အစားကို ပြောတာ ဖြစ်ပေမယ့် ကကြီးမှာတော့ အရွယ်အစားကြီးခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ဦးဆုံးစာလုံး (ဦးဆောင်သူ)ဖြစ်တဲ့အတွက် “ကြီး” ဆိုတဲ့ ၀ိသေသန ထည့်ဆိုခြင်း ဖြစ်ပါသတဲ့။ ဥပမာ - ရပ်ကွက်ထဲမှာ အရာရာ ဦးဆောင်သူကို ရပ်ကွက်လူကြီး ခေါ်သလိုပေါ့။ ရပ်ကွက်လူကြီး ခေါ်တိုင်း အသက်/အရွယ် ကြီးချင်မှလည်း ကြီးမယ် မဟုတ်လား။
.
#အသံကို_အက္ခရာဖြင့်_သရုပ်ဖော်ခြင်း
.
ဒီတော့ အစကို ပြန်ကောက်ရရင် … အမျိုးမျိုးသော အသံတွေကို စာနဲ့ပုံဖော်တဲ့အခါမှာ နားလည်အောင် ရေးပြဖို့အတွက် အက္ခရာတွေကို တီထွင် လာကြတာပါ။ ခေါ်ဝေါ်ပြောဆို နေကြတဲ့ အသံတွေကို မှီအောင် ဒီဗျည်းတွေ သရတွေနဲ့ ရုပ်လုံးဖော်ကြတယ်။
.
#ကွာခြားပုံ
.
အသံမှာ အရှည်-အတို၊ အလေး-အပေါ့၊ အလျော့-အတင်း .. စသဖြင့် (၁၀) ပါး ရှိပါသေးတယ်။ ဒီနေရာမှာ အားလုံးကို မပြောတော့ဘဲ … အလျော့-အတင်း ဆိုတာကိုပဲ ကြည့်ရအောင်။
တချို့ အက္ခရာတွေရဲ့ အသံကို မာမာတင်းတင်း ရွတ်ဖတ်ရပါမယ်။
ဘယ်အက္ခရာတွေလဲ ဆိုတော့ …
(၁၊ ၂၊ ၃၊ ၄၊ ၅)
က၊ ခ၊ ဂ၊ ဃ၊ င
စ၊ ဆ၊ ဇ၊ ဈ၊ ည (စသည်ဖြင့် စီတန်းရေးတဲ့အခါ နံပါတ် ၂ နဲ့ နံပါတ် ၄ အက္ခရာတွေဖြစ်တဲ့) ခ၊ ဃ၊ ဆ၊ ဈ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ တို့ပါပဲ။
.
သံဃာတော်တွေ ကမ္မ၀ါဖတ်တဲ့အခါ သတိထား နားထောင်ကြည့်ရင် …. “သံဃော” ဆိုတဲ့နေရာမှာ ဃော ကို မာမာတင်းတင်း ရွတ်ဖတ်လေ့ရှိပါတယ်။ ဒီလိုပဲ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ .. မှာလည်း .. ဗုဒ်ဓမ် (ဓမ်ကိုတင်း) သရဏံ ဂစ်ဆာမိ (ဆာ ကိုတင်း)ပြီး ရွတ်ဖတ် တာကို ကြားနိုင်ပါတယ်။
ကျန်အက္ခရာတွေကို ဖတ်ရာမှာတော့ သံလျော့ နဲ့ ဖတ်ရပါမယ်။ ကျန်အက္ခရာ ဆိုတော့ နံပါတ် ၁၊ ၃၊ ၅ ခုမြောက် အက္ခရာတွေ ဖြစ်တဲ့ က၊ ဂ၊ င၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ တို့ပါပဲ။
.
ဒါကို ကြည့်မယ်ဆိုရင် … ဂ ငယ်နဲ့ ဃကြီး၊ စလုံး နဲ့ ဆလိမ် အသံထွက်ပုံ ကွာခြားချက်ကို သိနိုင်ပါပြီ။ ဆဋ္ဌသင်္ဂါယနာ ဆိုတဲ့နေရာမှာ သင်္ဂါကို သံဃာ လို ဃကြီးသံနဲ့ ဖတ်ဖို့မလိုပါဘူး။
“ဒီမှာစား” ဆိုတာနဲ့ “ဒီမှာ ဆား” ဆိုတာနဲ့လည်း အဓိပ္ပါယ်ချင်း မတူသလို အသံထွက်ချင်းလည်း မတူပါဘူး။
.
နောက်တခါ အက္ခရာ ဖို မ ဆိုပြီးလည်း ရှိပါသေးတယ်။
ခုနကလို နံပါတ်နဲ့ ပြောမယ်ဆိုရင် အက္ခရာ နံပါတ် ၁၊ ၃၊ ၅ က ဖိုဖြစ်ပြီး ၂ နဲ့ ၄ က မ-ဖြစ်ပါတယ်။
က၊ ခ၊ ဂ၊ ဃ၊ င (က၊ ဂ၊ င = ဖို) (ခ၊ ဃ = မ) ကျန်အက္ခရာတွေ အဲဒီအတိုင်းပါပဲ။
.
စာလုံးပါဌ်ဆင့်တွေ ဆင့်တဲ့အခါမှာ ….
* ဖို အချင်းချင်း ဆင့်ခွင့်ရှိတယ်။ မ-အချင်းချင်း ဆင့်လို့မရပါ။
ဥပမာ - က္က၊ ဂ္ဂ (က ၂-လုံးဆင့်၊ ဂ ၂-လုံးဆင့်) ခ နဲ့ ဃ ကို ၂-လုံးဆင့်လို့ မရပါဘူး။ နောက်ဆုံး င-ကတော့ အားလုံးပေါ်မှာ ဆင့်လို့ရပါတယ်။ ဆင့်တဲ့အခါ -င်္ (ကင်းစီး) အနေနဲ့ အသွင်ပြောင်းပြီး ဆင့်ပါတယ်။ ၀င်္ကပါ၊ သင်္ခါရ၊ အင်္ဂါ .. စသည်။
* မ-က ဖိုရဲ့ အောက်မှာ သွားဆင့်ရတယ်။ ဆင့်တဲ့အခါမှာ ၁-အောက်မှာ ၂-သာဆင့်ရတယ်၊ ၃-အောက်မှာ ၄- သာ ဆင့်ရပါတယ်။
ဥပမာ .. အက္ခရာ၊ အနဂ္ဃ .. စသည်။
.
ဒါကိုကြည့်ခြင်းဖြင့် ဃကြီး ဏကြီး စသည်တို့ဟာ အပိုသက်သက် ထည့်ထားခြင်း မဟုတ်ဘူး၊ တခုနဲ့ တခု ကွာခြားတယ် ဆိုတာ သိနိုင်ပါတယ်။
.
သကြီး “ဿ” ဆိုတာကတော့ သ နှစ်လုံးကို ဆင့်ထားတဲ့ ပါဌ်ဆင့်ဖြစ်တယ်။ သူက အက္ခရာ မဟုတ်တဲ့အတွက် ဒါကြောင့် ဗျည်း ၃၃ လုံး ထဲ မပါရခြင်း ဖြစ်ပါတယ်။
.
တလက်စတည်း … ဒီနေရာမှာ … စာဖတ်ခြင်း စာရေးခြင်းနဲ့ ပတ်သက်ပြီး ဆရာမင်းသုဝဏ်ရဲ့ ဟောပြောချက်ကို ကိုးကားဖော်ပြလိုက်ပါတယ်။
***
ရှေးရှေးအခါက အက္ခရာ အရေးအသား၊ စာအရေးအသား မပေါ်သေးလေတော့ တယောက်နဲ့ တယောက် နားလည်မှုအတွက် နှုတ်ပြောစကားသံဟာ အရေးကြီးခဲ့မှာပါပဲ။ ကိုယ်ပြောလိုတာကို ပီပီသသနဲ့ ပြောနိုင်မှ တဖက်သားက နားလည်မှာပဲ။
.
နောက် အက္ခရာ အရေးအသား ပေါ်လာတဲ့အခါ ဘယ်ဟာကို ဘယ်လိုရေးရမယ်ဆိုတဲ့ ရေးထုံးစည်းမျဉ်းတွေ ပေါ်လာရပါတယ်။ အဲဒီရေးထုံး စည်းမျဉ်းတွေ သတ်ပုံအတိုင်း ရေးပါမှ လိုရာအနက် ပေါက်ပြီး တဖက်သားက နားလည်မှာပါပဲ။ ဥပမာ မြို့ဝန်ကို နသတ်ရေးရမှာ သေးသေးတင်နဲ့ ရေးရင် မြို့ဝန် မဖြစ်တော့ဘဲ တောက ၀ံသတ္တ၀ါ ဖြစ်ရမှာပါပဲ။
.
အဲဒီတော့ အက္ခရာပေါ်တဲ့ ခေတ်ကျတော့ တဦးနဲ့ တဦး ဆက်ဆံရာမှာရော အတွေးအခေါ် အကြံဉာဏ်တွေကို ဖလှယ်ကြရာမှာရော နှုတ်မြွက်စကားကိုချည်း မသုံးဘဲ အရေးအသားနဲ့လည်း ကိစ္စပြီးနိုင်တာမို့ ရေးထုံးဥပဒေတွေကို အလွန်ပဲ အလေးပြု ဂရုစိုက် ကြရပါတယ်။
.
ဥပမာ ပိဋကတ် သုံးပုံဟာ မြန်မာပြည်၊ ထိုင်း အစရှိတဲ့ နိုင်ငံတွေကို ပျံ့နှံ့လာရာမှာ နှုတ်ပြော စကားကြောင့် သက်သက်မဟုတ် အက္ခရာ အရေးအသားကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီတော့ အက္ခရာကို မှန်မှန်ကန်ကန် ရေးတတ်ကြဖို့ ရှေးက အလွန်ပဲ ကြိုးစားအားထုတ် ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပါဠိသဒ္ဒါ ကျမ်းတွေ အမျိုးမျိုး ပေါ်ခဲ့ရတာပါပဲ။
.
နောက် ကျွန်တော်တို့ခေတ် ရောက်လာတော့ ပုံနှိပ်စာလုံးနဲ့ ပုံနှိပ်စက်က ရှိလေတော့ အရေးအသားဟာ သိပ်ပြီး တိုးတက်များပြား လာပါတယ်။ ရေဒီယို အသံလွှင့်နည်း အသံဖမ်းနည်းတွေ ထွန်းကားလာပြန်တော့ ဟောချက် ပြောချက် သတင်းလွှင့်ချက် ဆိုတဲ့ နှုတ်ပြော အသံတွေဟာလည်း တနေ့လုံးလိုလို လေထဲမှာ ပျံ့နှံ့နေပါတယ်။ အဲဒီတော့ အခုခေတ်မှာ ရေးထုံးမူမှန်သာ အရေးကြီးတာ မဟုတ်ပါဘူး။ ပြောထုံးမူမှန်ဟာလည်း အရေး အလွန်ကြီးလာပါတယ်။
.
အခုခေတ် အင်္ဂလိပ်စကားနဲ့ အသံလွှင့်တာကို ကြည့်ပါဦး။ ဘီဘီစီကလည်း လွှင့်ပါတယ်။ နယူးဒေလီကလည်း လွှင့်ပါတယ်။ ဘီဘီအက်စ်ကလည်း လွှင့်ပါတယ်။ တခြားနေရာ အများကလည်း လွှင့်ပါတယ်။ အဲဒီလွှင့်တဲ့ လူတွေဟာ ဘီဘီစီက စံပြအသံကို နမူနာထားပြီး မတူတူအောင် ကြိုးစားပြောဆိုကြပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အသံထွက်ချင်း မတူရင် လူနားအလည် လွဲမှာစိုးလို့ပါပဲ။ အဲဒါကြောင့် ပြောထုံးမူမှန်ဟာ အခု အထူးအရေးကြီး လာပါတယ်။ အခု ပြည်ထောင်စု မြန်မာနိုင်ငံမှာလည်း မြန်မာစကားဟာ ရုံးသုံးစကား ဖြစ်တဲ့အတိုင်း လွှတ်တော်၊ ရုံးတော်၊ ကျောင်းကြီး ကျောင်းငယ်များမှ စပြီး အသုံးပြုနေရတဲ့ စကားဖြစ်လေတော့ ပီပီသသ ဌာန် ကရိုဏ်းကျကျ ဆိုတတ်၊ ပြောတတ်၊ ရွတ်တတ်၊ ဖတ်တတ်ပါမှ လိုရာအကျိုး ပြီးစီးနိုင်ပါလိမ့်မယ်။
***
ဆရာမင်းသုဝဏ်က အထက်ပါအတိုင်း ဟောပြောခဲ့တယ်လို့ ပန်းနဲ့ပင်စည် စာအုပ်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာစာ ရေးဖတ်နေကြတဲ့ သူတိုင်းဟာ မြန်မာစာပေရဲ့ အခြေခံဖြစ်တဲ့ ကကြီး ခကွေး အက္ခရာတွေကို သေချာစွာ လေ့လာသင့်တယ်လို့ ထင်ပါတယ်။
.
ဒါ့အပြင် ယပင့်၊ ရရစ်၊ ၀ဆွဲ၊ ဟထိုး .. အဲဒါတွေကိုလည်း ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတာ သိသင့်တယ်။ တော်တော်များများ မှားရေးတတ်ကြတာ ခဏခဏ ဖတ်နေရလို့ပါ။ ရပင့်၊ ရရစ်၊ ၀က်ဆွဲ၊ ဟတ်ထိုး တဲ့။
.
အဲဒီလိုတွေ ရေးကြ ပြောကြတဲ့သူတွေကို ကြည့်လိုက်ရင် ပညာတတ်တွေချည်း ပါပဲ။ ဒီတော့ ဒါတွေဟာ အမှားကြာရင် အမှန်ဖြစ်သွားမှာလား။ ပညာတတ် အများစုက လက်ခံတာနဲ့ အမှန်ဖြစ်သွားရောလား။
.
မြန်မာစာကို ဖျက်သူဟာ မြန်မာတွေ မဖြစ်စေချင်ပါဘူး။ ခေတ်အဆက်ဆက် မပျက်ယွင်းရအောင် တယောက်တလက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ကျွန်မတို့ရဲ့ မြန်မာစာပေဟာ စည်းကမ်းကြီးတဲ့ စာပေ ဖြစ်ပါတယ်။ သေးသိမ်နုတ်ညံ့တဲ့ စာပေ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်အောင်လည်း ပြောင်းလဲ မပစ်ကြပါနဲ့။ စာတို့ စကားတို့ဟာ အချိန်ကြာလာသည်နဲ့အမျှ ပြောင်းလဲတတ်တယ် ဆိုတာ မှန်ပါတယ်။ ပြောင်းလဲရာမှာ မူရင်း မပျောက်ပျက် စေဖို့နဲ့ ကောင်းသော ပြောင်းလဲခြင်းသာ ဖြစ်စေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာစာပေ မြင့်မားအောင် မလုပ်ဆောင်ချင် နေပါ၊ ပျက်စီးအောင်တော့ မဖျက်ဆီးပစ်ကြပါနဲ့လို့ တောင်းပန်ရင်း … ဒဂုန်ဦးစန်းငွေရဲ့ စာပိုဒ်လေးနဲ့ နိဂုံးချုပ်ပါရစေ … ။
.
“မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား ဟု ဆိုကုန် ကြွေးကြော်ကြကုန်သည်။ နီတိ ဆောင်ပုဒ် ထုတ်ကြကုန်သည်။ ထိုဆောင်ပုဒ်နှင့် ညီအောင် မင်္ဂလာကျက်သရေ တင့်ဖြိုးဝေလှသော တို့စာ၏ ရေးထုံး ရင်းမြစ်ကိုလည်းကောင်း၊ ပြောထုံး ဖတ်ထုံး ရင်းမြစ်ကိုလည်းကောင်း စနစ်တကျ သိရှိကျွမ်းကျင်အောင် ကြိုးစား၍ လေ့လာဆည်းပူး အားထုတ်အပ်၏။”
***
မေတ္တာဖြင့်
မေဓာဝီ
14th May, 2007
11:35 pm
***
ကိုးကား
(၁) ဒဂုန်ဦးစန်းငွေ၏ သဒ္ဒါကိုလေ့လာခြင်း။
(၂) ဟံသာဝတီဦးဘရင်၏ မြန်မာစာအခြေပြ။
(၃) မင်းသုဝဏ်၏ ပန်းနှင့်ပင်စည်။
(၄) ကိုသက်ဦး၏ ကွန်မန့်။

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ