အသိ တစ်သက် မငတ်ချင်ရင် စာဖတ်ပါ
အသိ တစ်သက် မငတ်ချင်ရင် စာဖတ်ပါ
**********************************
"ထမင်းမစား လျှင် တစ်ရက်ပဲ ငတ်မည်
စာမဖတ်ရင် တစ်ဘဝစာ အသိပညာ ငတ်မည်"
"အလိမ္မာ စာမှာ ရှိ"စကားအတိုင်း
စာအုပ်စာပေက လူ့မိတ်ဆွေ ပါ။
စာပေသည် အထီးကျန်နေသူများ၏
အဖော်ဖြစ်သလို
စိတ်ဓာတ်ကျနေသူများအတွက်
အားဆေးပါ။
လမ်းစပျောက်ဆုံးနေသူများအတွက်
အလင်းစက်လေးဖြစ်သလို
အောင်မြင်နေသူများအတွက်
ဆရာလည်း ဖြစ်တယ်။
စာဖတ်ပီး လက်တွေ့လုပ်ဆောင် နေသူများသည် အောင်မြင်နေကြသလို
အောင်မြင်နေသူတိုင်းသည်
စာဖတ်ကြပါတယ်။
စာပေသည် အသိပညာတို့၏
ပြတင်းပေါက်ဖြစ်သလို
အတတ်ပညာတို့၏ အကူအညီ
အထောက်အပံ့လည်း ဖြစ်ပါတယ်။
စာဖတ်သော သူတိုင်းလိုလိုသည်
အမှားနည်း၍
ရင့်ကျက်သူတိုင်းလိုလိုသည်လည်း
စာဖတ်ကြပါတယ်။
အတွေးအခေါ်မြင့်မားနေသူတိုင်း၏
လျှို့ဝှက်ချက်ဖြစ်သလို
ပညာရှင်များ၏ အသက်သည်လည်း
စာပေ ဖြစ်ပါတယ်။
ရိုင်းစိုင်းနေသူများကို ယဉ်ကျေး
ပျော့ပျောင်းလာအောင်လုပ်နိူင်သော
ဆရာသည် စာပေဖြစ်သလို
လူကောင်းလူတော်တို့၏
သခင်သည်လည်း စာပေဖြစ်ပါတယ်။
လူ့ဘဝတစ်ခုလုံးအတွက် စာပေသည်
အာဟာရဖြစ်သလို
သံသရာအတွက်လည်း စာပေသည်
ချောဆီဖြစ်နေပါတယ်။
လူသားအရင်းအမြစ်ကို
တိုးတက်အောင် ကူညီတာကလည်း
စာပေဖြစ်သလို
ဗဟုသုတများစွာတို့၏
ဘုရင်သည်လည်း စာပေ ဖြစ်ပါတယ်။
လဲကျနေသူကို ထူမတ်ပေးတာကလည်း
စာပေ ဖြစ်သလို
လောကကြီး၏ အမှန်တရားများကို
ဖော်ထုတ်ပေးတာကလည်း
စာပေ ဖြစ်နေပြန်တယ်။
တရားတော်များနှင့် ဆုံးမစာများကို
ထိမ်းသိမ်းတာကလည်း စာပေဖြစ်သလို
ဥပဒေ တို့၏ ပျော်စံရာသည်လည်း
စာပေဗိမ္မာန် ဖြစ်နေပါတယ်။
သတင်းအချက်လက် တို့၏
ကိန်းဝပ်ရာသည် စာပေဖြစ်သလို
နည်းပညာတို့၏ တည်ရှိရာလည်း
စာပေမှာပဲ ရှိပါတယ်။
လူသားတစ်ယောက်အတွက်
အသက်ရှင်သန်ရေးသည်
အစာအာဟာရနှင့် ရေ သည်
အရေးကြီးသလို
လောကဓံဆိုသော စမ်းသပ်မှုများကို
ကျော်ဖြတ်ရန် အစာအာဟာရသည်
စာပေ ဖြစ်နေပြန်တယ်။
စာမဖတ်ဘဲ အသိပညာ
ခေါင်းပါးနေသူသည်
ရှင်လျှက်နဲ့ သေနေပြီး
စာဖတ်သော ဒုက္ခိတသည်
မသန်စွမ်းပေမယ့် ထက်မြက်နေပါတယ်။
စာမဖတ်သူသည် အမှောင်ထဲကို
စမ်းတဝါးဝါးသွားနေရသော
အကန်းတစ်ယောက်နဲ့တူပြီး
ပေတံတစ်ချောင်းနဲ့ယှဉ်ပြမယ်ဆိုရင်
လက်မ မမှီသော ပေတံအကျိုး
တစ်ချောင်း ဖြစ်နေတတ်တယ်။
စာပေသည် လူသားတို့၏
ဦးနှောက်အတွက်
ဓါးသွေးကျောက်ဖြစ်သလို
နှလုံးသားအတွက်
အရင်းနှီးဆုံးသော အဖော်မွန်ကောင်း
ဖြစ်နေတတ်တယ်။
လောကမှာ မိမိအပေါ်ကို
တစ်သက်လုံးသစ္စာ မဖောက်သူသည်
စာပေဖြစ်သလို
ဘဝအတွက် အရင်းနှီးဆုံး
သက်တော်စောင့် တစ်ယောက်မှာလည်း
စာပေဖြစ်နေသည်ဟု
တင်ပြလိုက်ရပါတယ်။
စာပေများကို လေ့လာ ကြသလို
လက်တွေ့ လုပ်ဆောင်ပြီး လောက
အကျိုးကို ထမ်းဆောင်နိူင်ကြပါစေ။
လေးစားစွာဖြင့်
အလင်းသစ်စာကြည့်တိုက်။ ။
Comments
Post a Comment