အထင်မှာမလွဲ အမြင်ပါပဲ ရင်နာကွဲတဲ့ - ပညာရေး

နိုင်ငံရေး post မဟုတ်ပါ ။ ပညာရေးကို ဝေဖန်အကြံပေးထားတဲ့ post ပါ ။ post ရှည်ပေမဲ့ စိတ်ရှည်ရှည်နဲ့ ဆုံးအောင် ဖတ်ကြည့်ကြပါ ခင်​ဗျာ ။

💖💖💖💖💖💖💖💖💖💖💖💖

အထင်မှာမလွဲ အမြင်ပါပဲ  ရင်နာကွဲတဲ့ - ပညာရေး

၂၀၁၆ သြဂုတ် အမှတ် ၂၁ မြန်မာသံတော်ဆင့်မှာ (ရင်မှာမအေး၊ ရင်သာလေး၊ ရင်အနာ ပေးတဲ့- ပညာရေး)လို့ NLD အစိုးရသစ်ရဲ့ ရက် ၁၀၀ ပညာရေးစီမံချက်ကို သုံးသပ်ပြခဲ့ပါ တယ်။ ၀န်ကြီးဌာနတိုင်းရဲ့ ရက် ၁၀၀ စီမံချက်ကို အင်ဂျင်စက် စနိုးသံလို့ ထိုစဉ်က တင်စားဆိုကြ တော့ မောင်ဌေးက ပညာရေး အင်ဂျင်စက်သံကဖြင့် (ဖွတ်-ဒေါင်း)လို့ ဆိုခဲ့ပါရဲ့။ ဒီမှာ (ဖွတ်)ဆိုလို့ ပြည်ခိုင်ဖြိုးကို သရော်ခြင်း၊ (ဒေါင်း)ဆို၍ NLD ကို ကလော်ခြင်းလို့ မမှတ်ဖို့၊ အင်ဂျင်စက်သံကောင်း ရင် ဒိုင်းဒိုင်း ဒုန်းဒုန်း တ၀ုန်းဝုန်းသွက်နေမည့်အသံ။ အခု စထွက်သံက (ဖွံ့- ဖွံ့-ဖွတ်-ဖွတ်) ဖွတ်ချက်၊ ဖွတ်ချက်နဲ့ စက် Down သွားသည့်အသံလို့ ကိုယ်မှန်သည်ထင်သည့် ယုံကြည်ချက် တင်ပြခဲ့ပါရဲ့။
အင်ဂျင်စက်က (ဖွတ်-ဒေါင်း)မှန်းသိကြတဲ့ ရှေးဝဋ်ကြွေးအရ မြန်မာပြည်မှာ (ကျေင်းဆရာ စစ်စစ်)ဖြစ်လာတဲ့ ဆရာကျောင်းတို့မှာ NLD အစိုးရတက်လာရင်ဖြင့် ပညာရေးကြီးကောင်းပြီလို့ အထင်-တ-ခွဲသားဖြစ်နေရာမှ ရက် ၁၀၀ စီမံချက်လည်းကြားရော (ဟင်ကနဲ)နဲ့ ရင်ထဲနာကျင်သွားကြ ကြောင်း။ ပြီးတော့ အတိတ်ကံဆိုးလှ၍ ပြည်သူ့အတွက်စာရေးဆရာ၊ တပည့်များအတွက် စာသင်ပြ ဆရာ၊ တကိုယ်ထဲနဲ့ဘ၀ ၂မျိုး ပိုင်ဆိုင်နေသူ= ဥပမာ ရှက်ဖွယ်ပညာရေးကို မျက်ကွယ်မပြုနိုင်လို့ ပြင်ရှာလေမလားလို့ ရင်နာနာနဲ့တင်ပြနေတဲ့ ဆရာမင်းသစ်တို့လို စာရေးဆရာတွေလည်း (ဖွတ်-သံ၊ ဒေါင်းသံ)ကြောင့် NLD ပညာရေး မ good-အမှန် မကောင်းတာပြန်လာမှာသိလို့ ရင်မှာ မချိကြရကြောင်း။ နောက်ဆုံး လယ်မဲ့ ယာမဲ့ ကိုဖိုးလုံးတို့ဘ၀ လုံးခြာပတ်ခြာရမ်း ငွေနဲ့စက်ဝယ်မှရတဲ့ အတန်းပညာ သားငယ်သင် ရှာနိုင်ဖို့၊ သမီးကြီးမှာ KTV မင်းသမီးဘ၀ပြောင်းရပုံ၊ မိုးရွာနေပူ လှေအကူနဲ့ ငါးရှာတံငါ ကိုဒေါင်းစိန်တို့ သားလေးမောင်ပိန်ကျောင်းထားနိုင်ရေး သမီးမယ်မွှေးတို့ (ထိုင်း)ပြေးရပုံ၊ လယ်နဲ့ ယာနဲ့ ကိုငဘတို့လဲ သားသမီးဘ၀တိုးတက်ရေး ယခင် ယခု အစိုးရတို့ကျောင်းက သင်စာပညာသင် ကာမပေးလို့ တကယ်မသိမတတ်ဘဲ ကျောင်းစာရောင်းစား ဘော်ဒါ-ကိုယ်ပိုင်ကျောင်းထားနိုင်ရေး ယာပေါင် နွားရောင်း စာသင်ကြေးပေးရတော့ လယ်ယာ ၂ကွက်က ၁ကွက်၊ နွား ၂ကောင်က ၁ကောင် တက်တက်ပြောင်ရပုံ၊ ကိုငဘ၊ ကိုဒေါင်းစိန်၊ ကိုဖိုးလုံး အောက်ဆုံးအလွှာ လူတန်းစားတို့ ကတော့ တို့ရင်သွေးတွေပညာရေး NLD အစိုးရသစ်က ကောင်းကောင်းပြောင်းပေးမှာပဲလို့ မျှော်လင့်အားကိုးရာက NLD အစိုးရဆိုတာကလည်း ဗိုလ်ချုပ်အောင်ဆန်းပုံပြပြီး မဲရငြား လူအများ ကောင်းစားရေး ဗိုလ်ချုပ်မူဝါဒ မကျင့်သုံး ထိပ်ဆုံးခရိုနီငွေရှင်၊ အမတ် အစိုးရ အာဏာရှင်၊ လူထုအပေါ်ခေါင်းပုံဖြတ်စား ပညာရှင်= ရှင်သုံးရှင်တို့သာ ကားတစီးက ၂စီး၊ ခြံတခြံက ၂ခြံ၊ တိုက်ကြီး၁လုံးက ၂လုံး ပြုံးမော်နိုင်အောင် ဆောင်ရွက်ပေးသည့် (ပြောင်းလဲချိန်တန်ပြီ) ဆိုသည့်အတိုင်း ပြောင်းလဲပုံမတူဘဲ ဆင်းရဲသားတို့သာ လူမွေးမပြောင်ဘ၀သို့ ပြောင်းလဲသွား သည်ကို သိသည့်နေ့ ကိုငဘတို့ အောက်ခြေလူတန်းစားတွေ အသဲကြွေ ရင်နာရမည်ဖြစ်ကြောင်း မောင်ဌေးတင်ပြခဲ့တာ ၆. ၈. ၂၀၁၆ သံတော်ဆင့်ဂျာနယ်မှာပါ။
ခုတော့ ဆင်းရဲသားပြည်သူတို့က ကိုယ်မြှောက်စားလို့ တောက်ကြွားတဲ့ လူထုအစိုးရလို့ အားရပါးရ ဆိုကြတာတွေ လက်တွေ့မှာ ရှင်သုံးရှင် လူတစုအတွက် ဥပဒေဖန်တီး ကျန်းမာရေး၊ ပညာ ရေး၊ ဈေးကြီးကြီးပေးနိုင်မှရဆိုတာ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတော့ ရင်နာနေကြရပြီ။ န.အ.ဖ၊ န.၀.တ စစ်အစိုးရခေတ်က ဝေနေယျအားလုံး စိတ်နှလုံးညှိုးခြုံးရသလို NLD ခေတ် ပညာရေးက ကလည်း အောက်ခြေလူထုနှင့် တိုင်းပြည်နှင့်လူမျိုးပညာဖြင့် တိုးတက်စေချင်သော (၇)ရက်သားသမီး နှလုံးစိတ်ဝမ်း ညှိုးနွမ်းသွားစေပြီ။ အထူးသဖြင့် တိုင်းပြည်နှင့်လူမျိုးကို ပညာဖြင့်အလုပ်အကျွေးပြုနေ သော ကျောင်းဆရာစစ်စစ် ပညာရေးဝန်ထမ်းတွေ ၂၀၁၈ ဇွန်မှ ဒီဇင်ဘာလအတွင်း NLD ခေတ် ပညာရေးလူကြီးမင်းတို့ ရာထူးတိုးပြောင်းရွှေ့ စီမံမှုတွေကြောင့် ရင်တွင်း ကျေကွဲနေကြပြီ။ ဒါကို F.B မှ အခြေခံပညာဆရာတို့ အသံ စကား နားကြား ကြည့်စမ်းပါ။
(က) ၄. ၁၁. ၁၈ Phyo Wai Aung တင်ချက် (Post)မှာ- ပညာရေးဝန်ကြီးဌာန၏ သင် ကြားရေးနှင့် ရုံးဝန်ထမ်း ခွဲခြားဆက်ဆံနေခြင်း (အလိုမရှိ)။ ပါးစပ်ပြော အမိန့်ညွှန်ကြားချက်များဖြင့် ခုတမျိုး တော်ကြာတမျိုး ပြုလုပ်နေမှု (အလိုမရှိ)။ နီးစပ်ရာ စားတော်ခေါ်၊ ရင်းနှီးလျှင် ချစ်၊ မရင်းနှီး လျှင် ပစ်သည့် စီရင်ချက်များ (အလိုမရှိ)။ အခြေခံပညာကို နားမလည်၊ အောက်ခြေကို မကြည့် အာဏာရှင်ဆန်ဆန် ထင်ရာစိုင်းနေသည့် ပညာရေးဝန်ကြီး (အလိုမရှိ)။ (ခ)၂၀. ၁၀. ၁၈ ဆရာကြီး Wati Oo Oo တင်ချက်က ပထ၀ီဘွဲ့ရ မူပြ-လယ်ပြတွေရဲ့ တက်လမ်းပိတ်ထားတဲ့ ပညာရေးစီမံသူ တွေရဲ့ ရက်စက်ကောက်ကျစ်-မာယာများမှုကို ဖော်ပြထားတာပါ။ ၁၉. ၁၀. ၁၈ နေ့စွဲပါ M.Sc.(Geol) တွေကို ပထ၀ီသင်ထက်ပြခန့်ထားရေး ညွှန်ကြားချက်ကို သုံးသပ်တဲ့စာပါ။ ကြည့်ပါ။ အခြေခံပညာ ဘွဲ့ရ ကျောင်းဆရာ/မ တွေထဲ ပထ၀ီ-သမိုင်းဘွဲ့ရတွေ အပေါဆုံးပါပဲ။ Geography ပထ၀ီသမား စစ်စစ်တွေရှိပါလျှက် Geology ဘူမိဗေဒ သိပ္ပံဘွဲ့ရတွေကို ပထ၀ီဘာသာ သင်ကြားနိုင်ရေး ခန့်ထား ပေးမယ်ဆိုတော့ စဉ်းစားစရာပါ) ဆရာကြီး WTO ကို မှတ်ချက်ပေးတာ ကြည့်ပါဦး။ Ma Gyi Angle က သူတို့အမျိုးတွေက ဘူမိဘွဲ့ရရှိနေတော့ အဲသလိုလေးဖြစ်တာပေါ့။ Ken Bo က တရားမျှတခြင်း ခွင့်တူညီမျှခြင်း မရှိဘူးလို့ ခံစားရပါတယ်။ Myo Myint Oo က ဘူမိနဲ့ ဆက်နွယ်လို့ သူတို့ကို SAT တိုးပေးခိုင်းတာ။ ဘယ်သူ့စနက်ဆိုတာ သိတယ်နော်။ အမျိုးသားမူဝါဒကော်မရှင်မှာ ဘူမိက Dr ခိုင်မြဲ လက်ချက်ကွ။ (ဂ) ၂၁. ၁၁. ၁၈ ဆရာကြီး WTO ကပဲ ထ-ခွဲ ကျောင်း အ.ထ.ပြ ဆရာ ၆ဦးမှာ လယ်အုပ်ရာထူးတိုး ၃ယောက်ပါသွားတယ်။ မီးဖွား ၁ ဆိုတော့ ၂ယောက်ပဲရှိတော့တယ်။ လက်ကျန် ၂ထဲကလည်း ၁ယောက်က ရာထူးတိုးပါနိုင်သေးသတဲ့။ (ကျွန်တော်ဆိုလိုချင်တာက ၁၀တန်းဖြေရက် တဖြေးဖြေးနီးလာပြီ။ အလားတူကျောင်းမျိုးနဲ့ အလားတူထက် ဆိုးသော ကျောင်းများဘယ်လောက်ရှိ နေမလဲ။ ကျွန်တော့်အတွေးကတော့ ဗဟိုချုပ်ကိုင်မှုတွေ မတရားဖြစ်လာလို့ စီမံခန့်ခွဲမှုမှာ အားနည်း သွားတယ်လို့ ထင်ပါတယ်။ ဆရာကြီး/မကြီးများ သဘောထားအမြင်ကရော) (ဃ) ၈. ၉. ၁၈ Sayar Gyi တင်ချက်က ကျောင်းအုပ်ဆရာကြီး/ မကြီးတွေ ရင်နာရတဲ့ ဖြစ်ရပ်ပါ။ ဆရာကြီးက ခေတ်သစ်ပုံ ပြင်လို့ ဆိုထားပါတယ်။ တကယ်တော့ ၂၀၁၈-ဇူလိုင်၊ သြဂုတ်က တပြည်လုံးမှာဖြစ်ခဲ့တဲ့ တကယ့် ဖြစ်ရပ်မှန်ပါ။ နားထောင်ကြည့်ပါဦး။ (ဟိုးရှေးရှေးက- တိုင်းပြည်တပြည်မှာ ကျောင်းဆရာ/မ များ ရှိ သတဲ့။ အဲဒီ ဆရာ/မ များဟာ သူတို့ စာသင်ကြားတဲ့ ရွာကလေး စည်းလုံးညီညွတ်မှုရှိအောင်၊ ဖွံ့ဖြိုး တိုးတက်မှုရှိအောင် ကလေးတွေကို စာသင်ကြားရင်းနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ သူတို့တတွေဟာ ကလေးတွေကို ချစ်သလို ရပ်ရွာကိုလည်းချစ်တော့ ရပ်ရွာလူထုကလည်း ချစ်ကြသတဲ့။ အဲသလိုနဲ့ နေလာလိုက်ကြတာ ၁၀နှစ် ၁၀မိုး ကြာသွားတာပေါ့။ သူတို့ စာသင်ကျောင်းကလေးကလည်း အ.မ.က မှနေ မူလွန်။ မူလွန်အဆင့်မှ နေ အ.လ.က ခွဲ။ နောက်ဆုံး အ.လ.က ခွဲကနေ အလယ်တန်း ကျောင်းအဆင့် တိုးသွားတော့ ရပ်ရွာကလည်း ၀မ်းသာ။ ကလေးတွေလည်း ပျော်။ ဆရာတွေ ကလည်း ပီတိဖြာ- အားလုံးမင်္ဂလာရှိစွာ ပျော်ရွှင်နေကြတုန်း ဗြုန်းဆို TEO ရုံးက ညွှန်ကြားလာ။ ခရိုင် ပညာရေးမှူးရုံးကို ကျောင်းအဆင့်တိုးသွားတဲ့ ကျောင်းအုပ် (က/အ)တွေအား သွားကြစေသတဲ့။ အဲသလိုနဲ့ ဆရာကြီးတို့ ရွှေမြို့တော် ခရိုင်ရုံးရောက်တော့ ခရိုင်ပညာရေးမှူးက (ရှင်တို့အဖွဲ့ ၂၁ ယောက်လုံး နေရာပြောင်းဖို့ စီစဉ်ပါ) က/အ ဆရာကြီးတွေလည်း ခေါင်းလေတွေကုတ် ဖင်လေးတွေ ရှုံ့နဲ့ သူတို့မနေချင်တဲ့နေရာ အံကြိတ် လက်မှတ်ထိုးပြီး လာခဲ့ရသတဲ့။ နောက်ဆက်တွဲ ဆုရလဒ်က တော့ က/အ တွေရဲ့ မူရင်းလစာကို လျော့ပြီး လစာအလျော့ခံ မျက်နှာငယ်တွေနဲ့ နေကြရရှာတာပေါ့ ကွယ်။ ပုံပြင်ကလေးကတော့ ဒါပါပဲကွယ်။ မောင်ညီမလေးတို့ရေ ဒီပုံပြင်ကလေးကို ဖတ်ရ ကြားရခြင်း အားဖြင့် မောင်ညီမလေးတို့ စိတ်ထဲမှာ ရပ်ရွာဖွံ့ဖြိုးအောင် ကျောင်းတိုးတက်အောင် ဆောင်ရွက်ပေး သော ဆရာကြီး/မကြီး တိုင်းသည် လစာအလျော့ခံရပြီး နေရာပြောင်းရပါကြောင်း မှတ်သားရပြီး မောင်ညီမလေးတို့လည်း အဲဒီ ဆရာကြီး/မကြီးတွေလို မဖြစ်အောင် နေကြရမှာပေါ့ကွယ်။ တနိုင်ငံလုံး ရှိ ဘုံပျောက် ဘမောင် လစာအလျော့ခံရသော ဆရာကြီး/မကြီးများကို ဂုဏ်ပြုအပ်ပါသည်။ လစာ အလျော့ခြင်းမှ ကင်းဝေးကြပါစေ-။ (စိုးဝင်း) ၈/ပမန(နိုင်) ၁၄၃၅၁၁ ပေါက်မြို့နယ်)။ Sayar Gyi လိုပဲ ၁၀. ၁၀. ၁၈ မှာ ဆရာကြီး WTO က (အခြေခံမူဆင့်မှာ စိတ်မချမ်းမြေ့စရာ)ဆိုပြီး အကြောင်းအရာ တူ Post တခု တင်ခဲ့ပါတယ်။
ရွှေမောက်မြို့ (ပ)ဂွေးကုန်းရွာက ဆရာကြီးတဦးအကြောင်း ပြောပါရစေဦး။ သူဟာ သူ့ ဇာတိ ရှောက်ပင်ရွာကနေ ၁၀နှစ် ကျော်မျှ ခွဲခွာပြီး အဲ့ဒီရွာမှာ လ-ခွဲ ကျောင်းအုပ်ဖြစ်နေတာပါ။ ပေါက်မြို့က ဆရာကြီးဦးစိုးဝင်း ပုံပြင်လို (ပ)ဂွေးကုန်းရွာက ကျောင်းသား၊ မိဘ၊ ရွာဦးဘုန်းတော်ကြီး အားလုံး သူ့ကို အလွန်ချစ်ခင်ကြပါတယ်။ (ပ)ဂွေးကုန်း အ.လ.က အဆင့်တိုးတော့ သူ့ဇာတိ ရှောက်ပင်ရွာမှာလည်း မူ-အုပ် ရာထူး လစ်လပ်နေပါတယ်။ အဲ့ဒါ မိခင်အိုနှင့် ခွဲနေရတာလည်း ၁၀နှစ် ကြာ။  ယခင် မူပြဘ၀က ဇာတိရှောက်ပင်မှာ ၁၀နှစ် ကျော်ကြာ တာဝန်ထမ်းဖူးတော့ ကျောင်းအုပ် အဖြစ်ပြန်လာမယ့် ဆရာကြီးကို ရှောက်ပင် ရပ်မိ ရပ်ဖတွေနဲ့အတူ ကျောင်းသား၊ မိဘ၊ ဘုန်းတော်ကြီး အားလုံးက ပြန်ရောက်မယ်လို့ မျှော်လင့်ကြတာပေါ့။ ဒါပေမယ့် ခရိုင်ပညာရေးမှူးက TEO ရုံး ကြီးကြပ် အဖြစ် အဓမ္မ လက်မှတ်ထိုးခိုင်းခဲ့ရာ သူ့ဇာတိရွာ ပြန်မရောက်တော့ပါ။ သူ့လိုပင် အခြား က/အ ၁၀ဦး လည်း မူ-အုပ် ရာထူးလည်း ပြန်မရ၊ လယ်-ပြ အဖြစ်နှင့် မူလကျောင်းမှာလည်း အမှုထမ်းမရ။ ခရိုင်က ရွှေ့ဆိုတဲ့နေရာ ရွှေ့ကြရလို့ NLD ခေတ် ထင်ရာ စီမံပေး ပညာရေးကြောင့် ရွှေမောက်ကျောင်းအုပ်တို့ လည်း ရင်မှာ ဆွေးနေကြရပါပြီ။ ရပ်ရွာ တိုးတက်အောင် ပညာရေးတိုးတက်အောင် လုပ်ခဲ့တဲ့ ဆရာ တွေရဲ့ ဆုလဒ်ကတော့ ပေါက်မြို့က ဆရာကြီးဦးစိုးဝင်း ရင်တွင်းခေတ်သစ် ပုံပြင်လို လစာတဆင့်နိမ့် လျော့ခံရခြင်း။ မိမိဇာတိနှင့်ဝေးရာ အပြစ်မလုပ်ပါဘဲ အပြောင်းအရွှေ့ခံရခြင်း။ စေတနာ၊ ၀ါသနာ၊ အနစ်နာသာမက ဘ၀နာရသည့် အဖြစ်တွေသာ ဆုအဖြစ် ရင်နာနာနှင့် ခံစားနေတာပါပဲ။ ဒီတော့ သူတို့ရင်ထဲမှာ နိုင်ငံနှင့်လူမျိုးအကျိုး အားကြိုးမာန်တက် ပညာနှင့် သယ်ပိုးရသည့် ဝေဒနာက ၀မ်းမြောက်ပီတိဖြစ်ရခြင်း မဟုတ်တော့။ ငါးပါးမှောက်ဘ၀ပျက်ရသည့် ဆုလဒ်ဝေဒနာသာ အဖတ်တင်လို့ ရင်ထဲစွဲခဲ့ရပြီပေါ့။
၂၀၁၇ တုန်းက အဲဒီလို အဆင့်တိုးမြှင့်အောင် ဆောင်ရွက်ပေးခဲ့တဲ့ ကျောင်းအုပ်တို့ကို နှစ်သက်ရာ ကျောင်းနဲ့ အဆင့်တူလစာ ရာထူးနှင့် ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ယခု ၂၀၁၈ မူအသစ် ချမှတ်ထားပါသတဲ့။ ဟုတ်ကဲ့ - အဲဒါ အခု ပေါက်နဲ့ နတ်မောက် အစရှိတဲ့ အဆင့်အနိမ့်ချခံ တနိုင်ငံလုံးက ကျောင်းအုပ်ကြီးတွေ ပြန်မပြောတတ်လို့ပါ။ (NLD ကြွေးကြော်တိုက်ပွဲဝင်ခဲ့တာ မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြတဲ့) ယခု ပညာရေးမှာ လုပ်တဲ့ NLD ခေတ် ချမှတ်တဲ့မူတွေဟာ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာရော ကျောင်းအုပ်ကြီးတွေအတွက်ပါ မတရားတဲ့ မူတွေလို့ အဲဒီ ဆရာကြီးတွေက ပြန်ပြောရမှာပါ။ မောင်ဌေးကတော့ ပညာရေးဝန်ထမ်းဟောင်း တယောက်အနေနဲ့ မြွေ-မြွေခြင်း ခြေမြင်တာမို့ ၂၀၁၆ မှ ၁၈ အထိ NLD ခေတ် ပညာရေးမူစနစ် ဆောင်ရွက်ချက်တွေဟာ တိုင်းပြည်နဲ့လူမျိုး အကျိုးထူးမရဘဲ ဦးသန်းရွှေခေတ်ထက်တောင် ပိုဆိုးလာ တယ်လို့ ပြတ်ပြတ် သားသား သုံးသပ်ပါတယ်။ ရှည်ရှည် ဝေးဝေးမကြည့်ပါနဲ့။ ဆရာကြီးတွေတင်ထား တဲ့ Post ငါးခုနဲ့တင် ခိုင်မာတဲ့ ဝေဖန်မှုပါ။ နောက်ထပ် အဖြစ်တခု ကြည့်ပါဦး။
လယ်-အုပ်၊ ထက်-အုပ်၊ ပညာရေးမှူး၊ ညွှန်မှူး စတဲ့ ရာထူးတိုးစနစ် မတရားတဲ့ဖြစ်ရပ်တွေ ပါ။ စာမေးပွဲ ဖြေခိုင်းသတဲ့။ (စာမေးပွဲစနစ် မကြိုက်ဘူးလို့ ပြောပြီး ကိုယ့်လူ ရာထူးတိုးချင်တော့ အမှတ်စနစ်နဲ့ စာမေးပွဲဖြေခိုင်းတာပေါ့) ပြီးတော့ အဲဒီဆရာကိုခင်ရင် မှတ်ချက် ကောင်းစွာပေး အမှတ်များစွာပေး။ အဲဒီဆရာကို မုန်းရင် သုံးသပ်ချက် ညံ့စွာရေး အမှတ်လျော့ကာပေးတဲ့ အထက်လူကြီးရဲ့ အကဲဖြတ်ချက်= ၀/ဖ အမှတ်ကိုလည်း ထည့်သွင်းစဉ်းစား အတည်ပြုသတဲ့။ အမှတ်ကောင်းရသူတွေကို အမှတ်အရ တန်းစီရာထူးတိုးပေး သတဲ့။ ဟုတ်ကဲ့- တိုင်းပြည်အကြီးဆုံး ခေါင်းဆောင်နဲ့ ယနေ့ ပညာရေးစီမံသူတို့ခင်ဗျာ။ အဂတိတရား လိုက်စားတဲ့နေရာမှာ ထိပ်ဆုံးရောက်လုနီးပါးဖြစ်နေတဲ့နိုင်ငံ ဒီကနေ့ တာဝန်ရှိသူတွေ  အဂတိတရား ကို ဖွားဖက်တော်လုပ်ပြီး အရှက်တရားပျောက်နေတဲ့ ခေတ်ကြီးမှာ လူကြီးမင်းတို့ စာမေးပွဲစနစ်က မမှန်ကန်နိုင်ဘူးဆိုတာ အမြင်သာကြီးပါ။ ကဲ- ကဲ အမှတ်အများဆုံးဆိုတဲ့ လုပ်သက်နုပြီး ရုပ်ရည်ချော အရွယ် Small  လေးတွေဟာ ဘာစီမံခန့်ခွဲမှု၊ ဘယ်လိုအုပ်ချုပ်မှု အရည်အချင်းရှိလို့တုန်း။ ကွန်ပျူတာ တတ်တာနဲ့ အင်္ဂလိပ်လို ဒွတ်-ဒက်- ရွှတ်-ရှက် တတ်တာနဲ့ (ဒါတောင် တကယ်တတ်တာ မဟုတ်ဘူး နော်။ စာမေးပွဲလာဖြေသူခြင်း နှိုင်းရ သဘောအရ နည်းနည်းလေး သာတာပါ။ ထူးချွန်၊ ထက်မြက် ကျွမ်းကျင်တာ မဟုတ်ပါဘူး) စီမံခန့်ခွဲ အုပ်ချုပ်အတတ်ပညာ မတူပါဘူး ခင်ဗျာ။ Ph.D. ဘွဲ့ရတာနဲ့ အထက်တန်းကျောင်းအုပ် ခန့်ထားတယ်ဆိုတဲ့ မူတွေ၊ လုပ်သက်များပြီး ရာထူးတိုးစာမေးပွဲမဖြေနိုင်လို့ လုပ်သက်နုသူက လယ်-အုပ်၊ ထက်-အုပ်၊ TEO၊ ညွှန်မှူး ဖြစ်ရတယ်ဆိုတဲ့ မူတွေဟာ တိုင်းပြည်နှင့် လူမျိုးကို အလွန်နစ်နာစေပါတယ်။ သင်ကြားရေး အတွေ့အကြုံ ဆရာ၊ တပည့် ဆက်ဆံရေး မိဘ ပြည်သူ တာဝန်ရှိသူတွေနှင့် ဆက်ဆံရေးဆိုတာ နှစ်ကြာလေလေ အရည်အချင်း မြင့်လေလေ ဖြစ်တာပါ။ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ ဘယ်လောက်တတ်တတ်၊ အတွေ့အကြုံမရှိဘဲနဲ့ အုပ်ချုပ်မှု အတတ်ပညာ ဘယ်လိုမှ မရနိုင်ပါ။ ပညာရပ်တခု ထူးချွန်တဲ့ ပါရမီရှင်ဆိုတာ အသက်ကြီးပြီး လုပ်သက်အတွေ့အကြုံရှိသူတွေထက် ပညာပိုတော်နိုင်လို့ ပညာရှင်ဖြစ်နိုင်တယ်ဆိုတာ မှန်ကန်ပါ တယ်။ ဒါပေမယ့် အုပ်ချုပ်စီမံမှုအတတ်ပညာဆိုတာ စာမေးပွဲရမှတ်နှင့် လုံးဝမဆိုင်ပါ။
မောင်ဌေး တပည့်တယောက် M.Ed ပါ။ ထက်-ပြ လုပ်သက် ၃နှစ်။ အသက် ၂၇ နှစ်။ ကွန်ပျူတာ မတောက်တခေါက်နဲ့။ ဆရာကြီး WTO ပြောသလို လယ်-အုပ် ရာထူးတိုးသွားပါတယ်။ အဲဒီကျောင်းက သူ့ထက်လုပ်သက်များတဲ့ ပညာအရည်အချင်း သူနဲ့တူတဲ့ အသက် ၄၀ကျော်တွေဟာ B.Ed တက်လမ်း ပိတ်ထားတာမို့ အရည်အချင်းခြင်း တူပါလျှက် သူ့လက်အောက်နေရတာ စဉ်းစား ကြည့်ပါ။ ဒီမှာ မရွှေ/ကိုရွှေခေါင်းဆောင်တို့ ခင်ဗျာ၊ လူမှာ ခံစားချက်ရှိတယ်၊ ခံစားမှုရှိတယ်။ ကိုယ်နဲ့ အရည် အချင်းတူ ကိုယ့်ထက် အသက်ငယ်သူက ကျောင်းအုပ်ချုပ်ရေးမှာ ရောက်နေတော့ အလုပ်ခွင်မှာ အဲဒီလိုဆရာတွေ ဘယ်ပျော်ပါ့မလဲ။ ယနေ့ ပညာရေးဦးဆောင်နေသူတွေရော နိုင်ငံအကြီးအကဲကို ရော ကျောင်းအုပ်/ပညာရေးမှူး/ညွှန်မှူး ရာထူးတိုး စာမေးပွဲဖြေပြီး ရာထူးတိုးတယ်ဆိုတဲ့ စနစ်ဟာ ဘယ်နိုင်ငံက မူပါလဲ။ လူကြီးမင်းတို့က နိုင်ငံတကာ-နိုင်ငံတကာနဲ့ ပြောကြလွန်းလို့ပါ။ အင်္ဂလန်စနစ်ဖြစ်စေ၊ အမေရိကန်/ဂျပန် စနစ်ဖြစ်စေ သူတို့မြေ၊ သူတို့ရေတွေနဲ့ မှန်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ ၀န်ကြီး၊ အမတ်က အစ ကိုယ့်လူကိုနေရာပေး ပညာရေးမှာလည်း ကျောသား-ရင်သား ခွဲခြားခဲ့တဲ့စနစ် အရင်ကတည်းကရှိခဲ့ပြီး ယခု ရာထူးတိုး စာမေးပွဲစနစ်က ပိုပြီးတော့ မတရားမှုကိုဖြစ်စေတာပါ။ ဒါဟာ မမှန်ကန်တဲ့ စနစ်ဗျ။ ပြောင်းမယ်ဆိုရင် ကောင်းအောင်ပြောင်းပါ။ ပြောင်းသင့်တာကိုတော့ မပြောင်း။ ဥပမာ - ၉-၁၀ မှာ သမိုင်းအပါအ၀င် ၀ိဇ္ဇာဘာသာရပ်တွေ သင်ဖို့ ပြောင်းရင်ရပါရဲ့နဲ့ မပြောင်း။ မပြောင်းသင့်တဲ့ KG+၁၂ နဲ့ ယခု ရာထူးတိုး ပုံစံစနစ်ကိုတော့ ကိုယ်ကျိုးအတွက် ပြောင်းနေကြတယ်။ ဒီမယ် - ပြောချင်တယ်။ အကုသိုလ် မကောင်းမှုကို ကိုယ်ထင်ရာ ကိုယ်လုပ်ပိုင်ခွင့်ရှိပါတယ်။ ကုသိုလ်သမားတွေ ဘာမှ မတတ်နိုင်ပါဘူး။ ဒါပေမယ့် သဘာဝဓမ္မက မနေသလို လူကြီးမင်းတို့ သမိုင်းဆိုတာလည်း သမိုင်းမှတ်တမ်းတင်တဲ့ သူတွေက မနေပါဘူးလို့ ပြောချင်ပါရဲ့။ အရှက်ရမှာကတော့ လူကြီးမင်းတို့ရဲ့ သား၊ မြေး၊ မြစ်တွေပါပဲ။
ဒီမယ် ရာထူးတိုး/ပြောင်း/ခန့်ထားဆိုတာ စာသင်နှစ်စ မေ၊ ဇွန် ကာလ လုပ်ရတာ လူကြီးမင်းတို့သိပါတယ်။ ယခုလို စာသင်ကြားမှုအရှိန် ရနေတဲ့အချိန်ဟာ တိုး/ပြောင်း/ခန့်ထား မလုပ်သင့်တဲ့အချိန်ပါ။ ၉-၁၀ တန်းတွေမှာ စာသင်လို့ ကောင်းနေတဲ့အချိန်။ ၁၀ တန်းဆိုရင် စာမေးပွဲကြီး နီးနေချိန်မှာ အရှိန်အဟုန်နဲ့သင်နေတဲ့ ဆရာပြောင်းသွားတော့ နောက်လာတဲ့ ဆရာကလည်း မ၀င်နိုင်သေး။ ၀င်ပြန်တော့လည်း ခွင်မကျ။ ကဲ - အစိုးရကျောင်းတွေ အောင်ချက် ကျရတော့မှာပေါ့။ ဒီတော့ ရင်ကွဲရတဲ့သူတွေက ကျောင်းသားနဲ့ မိဘတွေပါ။ တခါ - အစိုးရကျောင်းတွေက ဆရာမတည်မငြိမ်နဲ့မို့ ဘော်ဒါနဲ့ ကိုယ်ပိုင်ကျောင်းတွေဆီသို့ မရောက် ရောက်အောင် ခွင်ဆင်ကြတဲ့ ယနေ့ ပညာရေး မူဝါဒဖော်ဆောင်သူတွေကြောင့် ငွေရှာရတဲ့ ဆင်းရဲ မိဘတွေ သိလာကြတဲ့ တနေ့မှာ NLD အစိုးရကိုရော ခေါင်းဆောင်ကိုပါ ရင်နာကြရတော့မှာပါ။ ဤစစ်တမ်းကို တိုင်းပြည်နှင့်လူမျိုး တိုးတက်စေချင်တဲ့စိတ်နဲ့ ရေးပြီး ဒီနေ့ နိုင်ငံဦးဆောင်သူနဲ့ ပညာရေးစီမံသူတို့ ဆောင်ရွက်ခဲ့တဲ့ ၂၀၁၈ ဒီဖြစ်ရပ်တွေ လုပ်တာမှန်တယ်လို့ပြောတဲ့ လော်ဘီ ဘေးတီးတွေ ဆွေးနွေး ချင်ရင် ၀၉ ၂၅၆၃၂၈၄၀၀ ကို ဆက်သွယ်ပါ။
နိဂုံးအားဖြင့် နောင်အနှစ် ၂၀ ကြာမှာ ရင်ကွဲရမယ့်သူတွေကို ပြောချင်ပါတယ်။ ၂.၃.၁၉၆၂ ဦးနေ၀င်း တက်လာစဉ်က နို့စို့အရွယ် မောင်ဌေးတို့ဟာ ဦးနေ၀င်းပညာရေးမူစနစ် မှားကြောင်း အနှစ် ၂၀ ကျော်မှာ သိလာပြီး ဖခင်အရွယ် ဦးနေ၀င်းကို ပြစ်တင်ခဲ့ကြသလို ၂၀၁၆ မှာ မွေး၊ ၂၀၁၆ မှာ စာ သင်ခဲ့ကြတဲ့ KG+၁၂ စနစ်အရ နောင်အနှစ် ၂၀ မှာ လူငယ်၊ လူရွယ်၊ လူကြီးဖြစ်လာမယ့်သူတွေက ဦးနေ၀င်းလမ်းစဉ်လိုက် ဦးသန်းရွှေ မူသွား ယနေ့ ပညာရေးစီမံသူများနှင့် နိုင်ငံ့အကြီးအကဲများကို ပြစ်တင်သံကြားရလျှင် ဆံဖြူ သွားကြွေ ပါးရေ နားရေ တွန့်နေကြမည့် အသက် ၉၀ ကျော်ရှိလာမည့် ယနေ့ ခေါင်းဆောင်နှင့် စီမံသူများသည် ထိုလူငယ်လေးများကို ကြည့်၍ ငါတို့ ပညာရေး စနစ်မှန်ကန်အောင် လုပ်ပေးနိုင်ပါလျက် အမှားလုပ်မိခဲ့ပါပကောဟု ရင်ကွဲနာကျ နှောင်းနောင်တရ-ရမည်ဖြစ်ကြောင်း ကြိုတင်ဟောကိန်း ထုတ်လိုက်ပါကြောင်း . . .။
ကိုဌေး ( နတ်မောက် )
၀၉ ၂၅၆၃၂၈၄၀၀
၁၆. ၁၂. ၂၀၁၈အမြင်ပါပဲ

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း