ရခိုင်နိုင်ငံတော်ရခိုင်လွတ်လပ်ရေးရလာနိုင်ပါသလား

ရခိုင်နိုင်ငံတော်ရခိုင်လွတ်လပ်ရေးရလာနိုင်ပါသလား
(Can Rakhine gain independence?)
___________________________________

အဖိနှိပ်ခံ ရခိုင်ပြည်သူလူထုတရပ်လုံး နိုင်ငံရေးနိုးကြားလာခြင်းနှင့်အတူ ရခိုင်ပြည်သူလူထုတရပ်လုံး၏ထောက်ခံမှုကို ရရှိထားသော ရက္ခိုင့်တပ်မတော်၏လက်နက်ကိုင်တော်လှန်ရေးမှသည် အမျိုးသားလွတ်မြောက်ရေးနှင့်နိုင်ငံရေးတိုက်ပွဲဆီသို့ ဦးတည်ချီတက်သွားနေခြင်းက “ရခိုင်လွတ်လပ်ရေးရလာနိုင်ပါသလား” ဆိုတဲ့ မေးခွန်းကထွက်ကျလာပါသည်။ တချို့သော မြန်မာ့နိုင်ငံရေးလေ့လာသူများက ဘာသက်သေအထောက်အထားသာဓကတွေမှ ခိုင်ခိုင်မာမာမချပြ ဖြေရှင်းချက်မပေးပဲ မဖြစ်လာနိုင်ဘူးလို့အကြောက်အကန် ငြင်းပယ်နေကြတဲ့ တချိန်တည်းမှာပဲ တချို့သော ဗမာပြည်သူတွေက ရခိုင်ပြည်သီးခြားနိုင်ငံဖြစ်လာရင် မင်းတို့ရခိုင်မတွေ ဘင်္ဂလီမိန်းမဖြစ်သွားမယ် စာမတတ်တဲ့ မင်းတို့ရခိုင်တွေ ဘယ်လိုနိုင်ငံသစ်ထူထောင်လာနိုင်မှာလဲ ဘာစီးပွါးရေးကို အခြေခံပြီး အစိုးရယန္တရားကို မောင်းနှင်လာနိုင်မှာလဲ စတဲ့ လူမျိုးရေးဘာသာရေးအမုန်းတရားများကို လှုံ့ဆော်ပေးတဲ့ စော်ကားခြိမ်းခြောက်မှုတွေကို ကျူးလွန်လာကြခြင်းက တွန်းအားတွေဖြစ်လာပြီး ရခိုင်လူထုကို လွတ်လပ်ရေးယူချင်စိတ်များ ပိုပြီးဖြည့်ဆည်းပေးလာနေပါသည်။ စိတ်ခံစားချက်ပေါ်မှာ အခြေခံပြီး ကိုယ်လိုရာကိုဆွဲတွေးရေးခြင်းမျိုးမဟုတ်ပဲ ပကတိနိုင်ငံရေးအရှိတရား၊ နိုင်ငံသစ်ထူထောင်ခြင်းနှင့်ပတ်သက်သည့် နိုင်ငံတကာဥပဒေကျင့်ထုံးများ၊ ၂၁ ရာစုတွင် အမျိုးသားတော်လှန်ရေးမှတဆင့် နိုင်ငံသစ်ထူထောင်လာကြသည့် လူမျိုးများရဲ့ဖြတ်သန်းမှုအတွေ့အကြုံ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ထောက်ခံကန့်ကွက်မှုများ စတဲ့ အချက်အလက်တွေနဲ့နှိုင်းယှဉ်ပြီး ရခိုင့်နိုင်ငံရေးအခြေအနေကို ဒီသုံးသပ်ချက်ဆောင်းပါးမှာ ထည့်သွင်းရေးသားဆွေးနွေးတင်ပြသွားပါမည်။

၁၉၃၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ အမေရိကန်အပါအဝင်နိုင်ငံအများစုက လက်မှတ်ထိုးချူပ်ဆိုခဲ့ကြတဲ့ နိုင်ငံများ၏တာဝန်များနှင့်အခွင့်အရေးများဆိုင်ရာ မွန်တာဗီဒိုကွန်ဗင်းရှင်း (The Montevideo Convention on the Rights and Duties of States) ဥပဒေစာချူပ်မှာ နိုင်ငံသစ်၏စံသတ်မှတ်များနှင့်သက်ဆိုင်တဲ့ အချက် (၄) ချက်ကို သဘောတူပြဌါန်းခဲ့ကြပါသည်။ (က) အမြဲတမ်းလူဦးရေ (a permenant population) (ခ) သတ်မှတ်ပိုင်းခြားထားသည့် ဧရိယာ (a defined territory) (ဂ) အစိုးရ (government) နှင့် အခြားသောနိုင်ငံများနှင့် ဆက်ဆံရေးလုပ်နိုင်တဲ့ စွမ်းရည်ရှိခြင်း (capacity to enter into relations with other states) တို့ပဲ ဖြစ်ပါသည်။
ဒီ မွန်တာဗီဒိုကွန်ဗင်းရှင်းနိုင်ငံတကာသဘောတူညီချက်အတိုင်း ရခိုင်ဒေသကို ချဉ်းကပ်ကြည့်လိုက်ရင် အထက်ဖော်ပြပါ အချက် (၄) ချက်နှင့် ကိုက်ညီနေတာကိုတွေ့ရပါသည်။ သီးခြားယဉ်ကျေးမှုအမျိုးသားလက္ခဏာအင်္ဂါရပ်များအပြင် သမိုင်းဖြတ်သန်းမှုနှင့်
နိုင်ငံရေးအစဉ်အလာကြီးမားတဲ့ ရခိုင်လူထုမှာ သီးခြားနယ်မြေပိုင်ဆိုင်မှုရှိသလို ရခိုင်ပြည်သူလူထုတရပ်လုံးက မဲဆန္ဒပေးရွေးချယ်ပြီး တရားဝင်အခွင့်အာဏာလွဲပြောင်းပေးပေမဲ့ အစိုးရဖွဲ့စည်းခွင့်ကိုငြင်းပယ်ခံထားရတဲ့ ရခိုင်အမျိုးသားပါတီကြီးရှိပါသည်။ အဆင်သင့်စစ်အင်အားတစ်သောင်းနီးပါးခန့်ရှိပြီး အရံပါတီဝင်အင်အား သုံးသောင်းနီးပါးရှိတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချူပ်/ရက္ခိုင့်တပ်မတော်ကလည်း လူဦးရေသုံးသန်းကျော်မျှသာရှိတဲ့ ရခိုင်နိုင်ငံသစ်ကို အစိုးရလုပ်အုပ်ချူပ်ပြီး နိုင်ငံတကာ သံရေးတမန်ရေးဆက်ဆံသွားနိုင်တဲ့ စွမ်းရည်အပြည့်ရှိနေပါသည်။

ဗမာအာဏာပိုင်အဆက်ဆက်နှင့် ဗမာအုပ်ချူပ်ရေးက စနစ်တကျဂုတ်သွေးစုပ်ထားခြင်းကြောင့်သာ ရခိုင်ဒေသဟာ မြန်မာနိုင်ငံရဲ့အဆင်းရဲဆုံးပြည်နယ်ဖြစ်နေရပေမဲ့ ပင်လယ်ထွက်ပေါက်ရှိသလို ရေနံ သဘာဝဓါတ်ငွေ့နဲ့အခြားသံယံဇာတတွေအပြင်စိုက်ပျိုးမြေများကောင်းမွန်လွန်းတာကြောင့် နိုင်ငံရေးလွတ်လပ်ခြင်းနဲ့ကိုယ်ပိုင်ပြဌါန်းခွင့်သာ ရရှိသွားရင် နှစ်ကာလတိုအတွင်းမှာ စီးပွါးရေးတိုးတက်ဖွံ့ဖြိုးတဲ့အဆင့်အတန်းကို ပိုင်ဆိုင်လာနိုင်ခြေ ရှိနေပါသည်။ ဘင်္ဂါဆယ့်နှစ်မြို့ကို အုပ်ချူပ်ထားခဲ့စဉ်က စစ်တကောင်းဆိပ်ကမ်းကို ရခိုင်ဘုရင်များကတည်ဆောက်ပေးခဲ့သလို ၁၆၀၈ ခုနှစ်ကနေ ၁၆၈၃ ခုနှစ်ထိ နှစ်ပေါင်း ၇၅ နှစ်တိုင် ဒတ်ချ့်နိုင်ငံနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ခဲ့တဲ့ သမိုင်းအစဉ်အလာက ကမ္ဘာ့ကုန်သွယ်ရေးနယ်ပယ်ထဲကို ပြန်ဝင်လာနိုင်ဖို့ ရခိုင်လူမျိုးအတွက် စိတ်ခွန်အားတွေ ဖြစ်နေပါသည်။

ရခိုင်နှင့်ဗမာကြားက နိုင်ငံရေးအရဆက်ဆံရေးကိုလေ့လာကြည့်လိုက်ရင် ၁၇၈၄ ခုနှစ်မှာ ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းက ရခိုင်နိုင်ငံတော်ကို စစ်မကြေညာပဲ ဝင်သိမ်းကာ သန်းချီတဲ့ ရခိုင်ပြည်သူပြည်သားများကိုသတ်ဖြတ်ပြီး သိမ်းပိုက်ခဲ့ပေမဲ့ စစ်နိုင်တဲ့ တရားဝင်စာချူပ်စာတမ်းဥပဒေများ ချူပ်ဆိုထားခြင်းမရှိခဲ့ပါ။ အင်္ဂလိပ်-ဗမာ ပထမစစ်ပွဲအပြီး ရန္တာဗိုစာချူပ်အရ ၁၈၂၆ ခုနှစ်မှာ ရခိုင်ပြည်ဟာ အင်္ဂလိပ်အုပ်ချူပ်ရေးအောက်သို့ရောက်ရှိသွားခဲ့ရပေမဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတော်လှန်ခြင်းကြောင့် ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရလာခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ပင်လုံစာချူပ်အပြင် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအရပါ ရခိုင်အပါအဝင် တိုင်းရင်းသားလူမျိုးများတွင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်အပြည့်အဝရှိနေတာကြောင့် ဥပဒေကြောင်းအရ ရခိုင်လူထုတွင် လွတ်လပ်ရေးရယူပိုင်ခွင့် ရှိနေပါသည်။

ကနေဒါနိုင်ငံရှိ ပြင်သစ်စကားပြော ကွိဘတ်ခ်လူမျိုး (Quebec) ရဲ့ခွဲထွက်ခွင့်နှင့်ပတ်သက်ပြီး ကနေဒါနိုင်ငံတော်တရားရုံးချူပ်၏ ၁၉၉၈ ခုနှစ် ဆုံးဖြတ်ချက်တွင် ကွိဘတ်ခ်လူမျိုးက တဖက်သတ်လွတ်လပ်ရေးကြေညာခဲ့လျှင် ကနေဒါ၏ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေအရ တရားမဝင်သလို နိုင်ငံတကာဥပဒေများကိုလည်း ချိုးဖောက်ခြင်း ဖြစ်လိမ့်မည်ဟု စီရင်ချက်ချခဲ့ပါသည်။ ကနေဒါဖွဲ့စည်းပုံကို ပြင်ဆင်ခြင်းက ခွဲထွက်လိုကခွဲထွက်ပိုင်ခွင့်ကို ဖြစ်လာစေနိုင်ပေမဲ့ လူထုဆန္ဒခံယူပွဲကျင်းပလာရမှာဖြစ်ပြီး ထိုသို့ခွဲထွက်ခြင်းသည် တရားဥပဒေစိုးမိုးမှု (Rule of Law)၊ ဒီမိုကရေစီ (Democracy)နှင့် လူနည်းစုများကို ကာကွယ်စောင့်ရှောက်ခြင်း ( the protection of minorities) စသည့် အခြေခံနိုင်ငံရေးသဘောတရားများနှင့် ကိုက်ညီမှုရှိရမည်ဟု ပြောဆိုထားပါသည်။ လက်ရှိကနေဒါအစိုးရသည် လူ့အခွင့်အရေးများကို လေးစားလိုက်နာသည့် ဖက်ဒရယ်ဒီမိုကရေစီအစိုးရ ဖြစ်နေခြင်းကြောင့် ခွဲထွက်လိုသည့် အကြောင်းပြချက်သည် ခိုင်လုံမှုမရှိဟု ဖြည့်စွက်ဆုံးဖြတ်ထားတာကို တွေ့ရပါသည်။

၁၉၄၇ ခုနှစ်ကနေ မျက်မှောက်ကာလအထိ အာဏာရဗမာအဆက်ဆက်နှင့်ဗမာအုပ်ချူပ်ရေးသည် တိုင်းရင်းသားလူနည်းစုများ၏မွေးရာပါနိုင်ငံရေးအခွင့်အရေးများကို အသိအမှတ်မပြု ချိုးဖောက်လာခဲ့သလို လူမျိုးတုံးသတ်ဖြတ်မှုနှင့်စစ်ရာဇဝတ်မှုများကိုပါ ကျူးလွန်ခြင်းလာခဲ့သည့် ဗမာလူမျိုးရေးအစွန်းရောက်အစိုးရဆိုး (Bamar Racist Regime) ဖြစ်နေခြင်းကြောင့် “လူမျိုးများတွင် သူတို့၏ကိုယ်ပိုင်ပြဌါန်းခွင့်များကို ကျင့်သုံး၍ လူမျိုးရေးအစွန်းရောက်အစိုးရဆိုးများ၊ တိုင်းတပါးသားများကျူးကျော်သိမ်းပိုက်မှုနှင့် ကိုလိုနီနယ်ချဲ့လက်ဝါးကြီး အုပ်မှုများကို ဆန့်ကျင်တော်လှန်ပိုင်ခွင့် ရှိပါသည်” (Peoples have the right to fight against colonial domination and alien occupation and against racist regimes in the exercise of their right of self-determination.) ဟု ဂျနီဗာသဘောတူညီချက်နှင့် ကုလသမဂ္ဂပဋိဉာဏ်စာချူပ်တို့တွင် ပြဌါန်းထားသည့်အတိုင်း လွတ်လပ်ရေးစစ်ပွဲ (War of Independence) ကို ဆင်နွဲပြီး သီးခြားလွတ်လပ်သည့်နိုင်ငံ ထူထောင်ခွင့် ရှိလာပါသည်။

ပိုဆိုးနေသည်မှာ လက်ရှိအန်အယ်လ်ဒီအစိုးရသည် အမျိုးသားရင်ကြားစေ့ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်သည့်အပြင် ရခိုင်လူထုကိုပါ စော်ကားခြိမ်းခြောက်ပြီး ဗမာစစ်တပ်က အပြစ်မဲ့အရပ်သားရခိုင်ပြည်သူများကိုပါ ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်လာခြင်းက အရှေ့တီမောကို အင်ဒိုနီးရှားစစ်တပ်မှကျူးကျော်သိမ်းပိုက် လူမျိုးတုံးသတ်ဖြတ်ခဲ့သည့် အခြေအနေနှင့် ပုံစံတူလာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်လာကာ ဗမာစစ်ဗိုလ်ချူပ်များကို နိုင်ငံတကာစစ်ရာဇဝတ်ခုံရုံးတွင် အပြစ်ပေးအရေးယူသွားနိုင်ရန် ကြိုးပမ်းနေကြသည်ကို တွေ့မြင်လာနေရပါသည်။ အကယ်၍ အာဏာရဗမာအန်အယ်လ်ဒီအစိုးရ၏ခွင့်ပြုချက်အတိုင်း ဗမာစစ်တပ်က စစ်အင်အားအဆမတန်တိုးချဲ့ပြီး ရခိုင်လူထုကို လူမျိုးတုံးသတ်ဖြတ်လာခဲ့လျှင် တာဝန်အရ ထိန်းသိမ်းစောင့်ရှောက်ခြင်း (Responsibility to Protect- R2P) နိုင်ငံတကာကျင့်ထုံးအရ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်ရေးတပ်များရခိုင်ပြည်တွင်းသို့ ဝင်ရောက်လာပြီး ဗမာစစ်တပ်၏အကြမ်းဖက်မှုများကို ဟန့်တားသွားနိုင်ဖွယ် ရှိနေပါသည်။

အခုလို အရေးကြီးသည့်အချိန်ကာလတွင် ရခိုင့်တော်လှန်ရေးနှင့်နိုင်ငံရေးခေါင်းဆောင်များသည် ရခိုင်အမျိုးသားသွေးစည်းခိုင်မာရေးနှင့်နိုင်ငံရေးညီညွတ်မှုကို တည်ဆောက်ပြီး ရခိုင်အစိုးရဖွဲ့စည်းကာ အပြစ်မဲ့ရခိုင်ပြည်သူလူထုကို ထိထိရောက်ရောက် အကာအကွယ်ပေးသွားနိုင်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများနှင့် လက်တွဲလုပ်ဆောင်သွားသင့်ပါသည်။

နိဂုံးချူပ်ပြောရလျှင် နှစ်ပေါင်းထောင်ချီ အမျိုးသားနိုင်ငံတော်အဖြစ် ရပ်တည်နေထိုင်လာခဲ့သည့် ရခိုင်လူမျိုးတွင် သမိုင်းဖြတ်သန်းမှုနှင့်နိုင်ငံရေးအစဉ်အလာအရ သီးခြားလွတ်လပ်သည့် နိုင်ငံတော်သစ် ထူထောင်ခွင့်ရှိလာသလို နိုင်ငံတကာဥပဒေများအရ အမျိုးသားကိုယ်ပိုင်ပြဌါန်းခွင့်ရှိတာကြောင့် ရခိုင်လွတ်လပ်ရေးရယူခြင်းဆုံးဖြတ်ချက်သည် ရခိုင်လူထု လက်ထဲ၌သာ ရှိနေပါသည်ဟု သုံးသပ်ပြောဆိုရပေမည်။။။

#ခိုင်အောင်အောင်

"#Credit
မျိုးဆပ်​သစ်

Comments