ယောမင်းကြီးဇရပ် (Talk Show)
ယောမင်းကြီးဇရပ် (Talk Show)
ပဉ္စမမြောက် စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်မည့်သူများ
●—————————————
ယောမင်းကြီးဇရပ် (Talk Show) ပဉ္စမမြောက် စကားဝိုင်း ဆွေးနွေးပွဲ၌ ပါဝင် ဆွေးနွေးမည့်သူများ ဖြစ်ပါသည်။
စကားဝိုင်းဆွေးနွေးပွဲကို ဇန်န၀ါရီ ၂၀ ရက် (တနင်္ဂနွေ) နံနက် ၉ နာရီတွင် စတင်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် -
ဖုန်း - ဝ၉ ၉၆၀ ၈၃၉ ၈၀၁၊ ဝ၉ ၅၁၈၈ ၇၀၉ များသို့
(ရုံးချိန်အတွင်း) ဆက်သွယ်၍ လည်းကောင်း၊
အီးမေးလ် - mediaprojectmanager@ispmyanmar.com, info@ispmyanmar.com သို့ အမည်စာရင်း ပေးပို့၍ လည်းကောင်း စာရင်း ပေးသွင်းနိုင်ပါသည်။
● နေ့ရက် - ဇန်န၀ါရီ ၂၀ ရက်၊ ၂၀၁၉ ခုနှစ် (တနင်္ဂနွေ)
● အချိန် - နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ
● နေရာ - နိုဗိုတယ်ဟိုတယ်၊ ပြည်ခန်းမ၊ ပြည်လမ်း၊ ရန်ကုန်။
စက်မှုတော်လှန်ရေး 4.0 နှင့် မြန်မာနိုင်ငံ
Industrial Revolution 4.0 and Myanmar
●—————————————
"တော်လှန်ရေး" ဟူသည့် စကားရပ်က ရုတ်ခြည်းနှင့် အခြေခံကျကျ ပြောင်းလဲမှုကို ညွှန်းဆိုပါသည်။ စက်မှုတော်လှန်ရေး ဆိုသည်မှာ နက်ရှိုင်းပြီး စက်မှု၊ လူနေမှုစနစ်များ အခြေခံကျကျ ပြောင်းလဲသွားမည့် ခေတ်တခုကို ညွှန်းဆိုခြင်း ဖြစ်သည်။
စက်မှုတော်လှန်ရေး 4.0 ဟူသော သိပ္ပံ နည်းပညာ ဆိုင်ရာ ဝေါဟာရကို ၂၀၁၁ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟန်နိုဗာပြပွဲ၌ စတင် မိတ်ဆက်ခဲ့သည်။ ပါမောက္ခ ကလော့စ် ရွှက် (Klaus Schwab) က ရှင်းပြရာ၌ အသစ် အသစ်သော နည်းပညာ၊ သတင်းအချက်အလက်နှင့် အင်တာနက် နည်းပညာ တို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ကွန်ရက်ကြီး တခုလုံး ပြန်လည် ဖွဲ့စည်းမှုကို အလျင်အမြန် ကြုံတွေ့လာရမည့် အရေး၊ စက်မှုနှင့် စီးပွားရေး လုပ်ငန်းစဉ်များ ပြောင်းလဲလာမည့် အရေးတို့ကို ထောက်ပြခဲ့ သည်။ အချို့ ပညာရှင်များကမူ စက်များဖြင့် ထုတ်လုပ်မှု တခေတ် ဆန်းမည့် ရွှေခေတ်ဟု ဖော်ညွှန်းကြသည်။ မျှော်လင့်မထားသော ရုတ်ချည်း ပြောင်းလဲမှုမျိုး (disruption) ကြုံရမည်ဟု ဆိုပါသည်။ အပြောင်းအလဲက ကြီးမည်၊ မြန်မည်၊ အခြေခံကျကျ ပြောင်းလဲမှုဖြစ်သည်။ သက်ရောက်မှုလည်း ကြီးစွာ ဖြစ်ပေါ်လိမ့်မည်။
"စိုက်ပျိုးရေး တော်လှန်ရေး" (Agrarian revolution) ဖြင့် လူသားတို့၏ ဖွံ့ဖြိုးမှုကို စခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ ခန့်က စတင်၍ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် မြို့ပြများ ထွန်းကား လာခဲ့သည်။ ထို့နောက် ၁၈ ရာစု တွင် ရေနွေးငွေ့သုံး အင်ဂျင်စက် တီထွင်နိုင်ခြင်းနှင့် အတူ ပထမ စက်မှု တော်လှန်ရေး (Industrial Revolution) ဖြစ်ခဲ့သည်။ စက်မှုတော်လှန်ရေး အဆင့် 1.0 ဟုဆိုနိုင်ပြီး၊ ၁၇၆၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်အထိ ဆက်လက် ဖွံ့ဖြိုးခဲ့သည်။ ကုန်စည် ကူးသန်းမှု၊ ဖွံ့ဖြိုးမှုနှင့် အတူ စက်မှုထုတ်လုပ်ရေး ဖြစ်လာသည်။
စက်မှုတော်လှန်ရေး 2.0 သည် ၁၉ ရာစု နှောင်းပိုင်းမှ ၂၀ ရာစု အစောပိုင်း အထိ လျှပ်စစ်ကို တွေ့ရှိ အသုံးချနိုင်ခြင်းနှင့် အတူ၊ ကုန်ပစ္စည်း အမြောက်အမြား ထုတ်လုပ်နိုင်သည့် စနစ် (assembly line) များ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ စက်မှုတော်လှန်ရေး 3.0 သည် ၁၉၆၀ ပြည့်နှစ်မှ စတင်ပြီး၊ ကွန်ပြူတာများ ပေါ်ပေါက်လာမှုနှင့် အတူ ဒစ်ဂျစ်တယ်တော်လှန်ရေး ဖြစ်လာခဲ့သည်။
ယခုကာလတွင် စက်မှုတော်လှန်ရေး 4.0 က တံခါး ခေါက်နေပြီဟု ဆိုကြသည်။ မိုဘိုင်းဖုန်း၊ အင်တာနက်ချိတ်ဆက်မှု၊ ပို၍ သေးငယ်၊ ပို၍ အားကောင်းပြီး ဈေးချို လာသည့် အာရုံခံ ဆင်ဆာများ၊ အသိဥာဏ်တု (AI) နှင့် စက်များက ၎င်းတို့ဖာသာ လေ့လာမှု (machine learning) စသည်တို့က တွန်းဆော်အား ဖြစ်လာသည်။ စမတ်ဖြစ်သော၊ ချိတ်ဆက်နေသော စက်များ၊ စနစ်များ၊ စက်ရုံသစ်များ ပေါ်ထွန်းလာစေမည်။
ဤအပြောင်းအလဲကြီးကို လူမှုရေး အလေးပေး ချဉ်းကပ်မှု၊ လုပ်ဆောင်နိုင်စွမ်းမီမှု (competence) အခြေခံ ချဉ်းကပ်မှု၊ ထုတ်လုပ်မှုအပိုင်း ချဉ်းကပ်မှု၊ အမူအကျင့်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုတို့ဖြင့် လေ့လာ ဆွေးနွေး နေကြသည်။
စက်မှုတော်လှန်ရေး 4.0 က လူမှုအသိုက် အ၀န်းအပေါ် ရိုက်ခတ် သက်ရောက်နိုင်မှု မည်မျှ ရှိမည်နည်း။ နိုင်ငံသားများ၊ အစိုးရများ၊ မူဝါဒ ချမှတ်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကော်ပိုရေးရှင်းများ အပေါ် ရိုက်ခတ် သက်ရောက်နိုင်မှု မည်သို့ ရှိမည်နည်း။ ပြင်ဆင်ထားမှုမှာ မည်သည့် အတိုင်းအတာအထိ အဆင်သင့် ဖြစ်ပါမည်နည်း။
ယခုပြုလုပ်မည့် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲတွင် စက်မှုတော်လှန်ရေး 4.0 နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အကြောင်းအချက်များကို ပညာရှင်များ၊ လက်တွေ့ လုပ်ကိုင် နေကြသူများက ဆွေးနွေးကြမည် ဖြစ်ပါသည်။
■ စက်မှုတော်လှန်ရေး 4.0 အတွက် နည်းပညာသစ်များ
● အသိဥာဏ်အတု နှင့် စက်၏လေ့လာသင်ယူခြင်း
(Artificial intelligence and machine learning)
● အဆင့်မြင့် ရိုဘော့စက်ရုပ်များနှင့် အသစ်သော စက်မှုအသွင် (Advanced robotics and new forms of automation) မိုဘိုင်းအင်တာ နက် (Ubiquitous mobile internet)
● ဆင်ဆာ အာရုံခံ ကိရိယာများနှင့် အရာရာချိတ်ဆက် အင်တာနက် (Sensors and the internet of things)
● ဘလော့ချိန်း နည်းပညာနှင့် ဖြန့်ခွဲထားသော လယ်ဂျာစရင်း (Blockchain and distributed ledgers)
● 3D ပုံနှိပ်ပညာ (3D printing)
● မောင်းသူမဲ့ ယာဉ်များ (Autonomous vehicles- cars and drones)
● အသစ် အသစ်သော ပစ္စည်း ထုတ်ကုန်များ (မျိုးရိုးဗီဇ ပြောင်းလဲမှု၊ ဘိုင်အို အင်ဂျင်နီယာပညာ၊ လူတဦးချင်းအတွက် တိကျ ကုသမှုနှင့် ဆေးဝါးအသစ်များ)
● အသစ် အသစ်သော စွမ်းအင်လောင်စာများ
● သိုမှီးမှု နည်းပညာများ (storage technologies)
Comments
Post a Comment