မြောက်ဦးခေတ်ရခိုင်ပြည်သုံးအမြောက်ကြီ
မြောက်ဦးခေတ်ရခိုင်ပြည်သုံးအမြောက်ကြီးများနှင့်
အမြောက်ပေါ်တွင် ရေးထိုးထားသည့်ကမ္ပည်းစာများ
_ကျော်မင်းထင်_
ခရစ်နှစ် ၁၄၃၀ မှ ၁၇၈၅ အထိ ထွန်းကားခဲ့သော မြောက်ဦးခေတ်ကို ယေဘုယျအားဖြင့် အပိုင်းသုံးပိုင်းခွဲခြားလေ့ရှိကြသည်၊ မြောက်ဦးတည်ထောင်သော ၁၄၃၀ မှ ၁၅၃၀ ပြည့်လွန်နှစ်များအထိကို ပထမမြောက်ဦးခေတ် တန်ခိုးထွားချိန်ဖြစ်သည့် ၁၅၃၀ ပြည့်လွန်နှစ်များမှ ၁၆၃၈ အထိကို ဒုတိယမြောက်ဦးခေတ်နှင့် ၁၆၃၈ မှ မြောက်ဦးမြို့တော်ကျဆုံးချိန်ဖြစ်သည့် ၁၇၈၅ အထိကို တတိယမြောက်ဦးခေတ်အဖြစ် ယေဘုယျသတ်မှတ်ကြပါသည်၊
ပထမမြောက်ဦးခေတ်ကာလသည် တိုင်းပြည်ထူထောင်ဆဲကာလဖြစ်ပြီး ရခိုင်ပြည်နှင့် နယ်ချင်းထိစပ်နေသည့် ဘင်္ဂါဒေသအား ရခိုင်ဘုရင်တို့ ရံဖန်ရံခါ တိုက်ခိုက်မှုများရှိခဲ့သော်လည်း ကာလရှည်ကြာစွာ နယ်မြေသိမ်းပိုက်မှုများ မပြုလုပ်နိုင်ခဲ့ပေ၊ဒုတိယမြောက်ဦးခေတ်တွင် မင်းဗာဘုရင်၏ ဘင်္ဂါဒေသ စစ်တကောင်းနယ်အား နယ်မြေချဲ့ထွင် ပိုင်စိုးခြင်းနှင့်အတူ ရခိုင်ဘုရင်နိုင်ငံသည် တန်ခိုးကြီးထွားခဲ့ပါသည်၊ ဤဒုတိယမြောက်ဦးခေတ်တွင် ပေါ်တူဂီများနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ဥရောပ၏ခေတ်ပေါ်လက်နက်များကို ရရှိခဲ့ကာ ခေတ်မီကာကွယ်ရေးနည်းစနစ်များအပါအဝင် ခေတ်မီခံတပ်တည်ဆောက်ရေး နည်းပညာများကိုပါ ပိုင်ဆိုင်ခဲ့သည်၊ ဤခေတ်၏ထူးခြားချက်မှာ ဘင်္ဂါဒေသကို သိမ်းပိုက်အုပ်စိုးနိုင်ခြင်း မြန်မာဘုရင်၏ကျူးကျော်စစ်ကို တွန်းလှန်နိုင်ခြင်းနှင့် အောက်မြန်မာပြည်၏ မြို့တော်ဖြစ်သော ပဲခူးကိုသိမ်းပိုက်နိုင်ခဲ့ခြင်းပင်ဖြစ်သည်၊ ဒုတိယမြောက်ဦးခေတ်တွင် ရခိုင်၏ နိုင်ငံရေး စစ်ရေး စီးပွားရေးအင်အား များစွာတိုးတက်ခဲ့ပါသည်၊ တတိယမြောက်ဦးခေတ် ခရစ်နှစ် ၁၆၆၆ တွင် ရခိုင်ပိုင် ဘင်္ဂါသေဒ၏ စစ်တကောင်းမြို့ မဂိုလက်တွင်းသို့ကျဆင်းသွားပြီးနောက် ရခိုင်၏ စီးပွားရေးအင်အား ဆုတ်ယုတ်သွားခဲ့သည်၊ ထိုနောက်ပိုင်းတွင် ပြည်တွင်းမငြိမ်မှုများ ကြုံတွေ့ဖြစ်ပေါ်လာခဲ့ပြီး ၁၇၈၅ တွင် မြောက်ဦးမြို့တော်ကို မြန်မာဘုရင်၏တပ်များက သိမ်းပိုက်လိုက်ခြင်းနှင့်အတူ ရခိုင်တို့၏ မြောက်ဦးခေတ် အဆုံးသတ်ခဲ့ပါသည်၊ ဤဆောင်းပါးတွင် မြောက်ဦးခေတ် ရခိုင်ဘုရင်တို့ပိုင်ဆိုင် အသုံးပြုခဲ့သည့် အမြောက်ကြီးများနှင့် အမြောက်ပေါ်တွင် ရေးထိုးထားသည့်စာများ အကြောင်းကို တင်ပြသွားပါမည်၊
ရခိုင်ပြည်သုံးအမြောက်များကို ပြည်တွင်းထုတ်နှင့် နိုင်ငံခြားဖြစ် အမြောက်များဟူ၍ ယေဘုယျခွဲခြားနိုင်သည်၊ နိုင်ငံခြားဖြစ်အမြောက်များအဖြစ် ဥရောပထုတ် ခေတ်မီအမြောက်နှင့် ဘင်္ဂါဒေသမှ သိမ်းပိုက်ရရှိသည့်အမြောက်များကိုတွေ့မြင်ရသည်၊ရခိုင်တို့ ပဲခူးကိုသိမ်းပိုက်ရာမှရရှိသော ယိုးဒယားအမြောက်ကြီးများကိုလည်းမှတ်တမ်းများတွင်တွေ့ရသည်၊ ရခိုင်ပြည်သုံး အမြောက်များတွင် ကြေးအမြောက်နှင့် သံအမြောက် နှစ်မျိုးကို အဓိကတွေ့ရပြီး မြေပြင်သုံး အမြောက်နှင့် စစ်သင်္ဘောသုံး အမြောက်ဟူ၍လည်း ခွဲခြားတွေ့မြင်နိုင်ပါသည်၊
ရခိုင် အမြောက်ကြီးများ အမြောက်ဆံများကို ရခိုင်ပြည်နယ်တွင်းရှိ ပြတိုက်များတွင် ပြသထားရှိသည်၊ စစ်တွေပွိုင့် မန္တလေးနန်းတွင်း တပ်မတော်စစ်သမိုင်းပြတိုက် စကော့တလန်ပြည် အီဒင်ဘရာမြို့နှင့် အိန္ဒိယနိုင်ငံ မဒရပ်ပြတိုက်တို့တွင် ရခိုင်အမြောက်ကြီးများကိုတွေ့မြင်နိုင်ပါသည်၊ ဤအမြောက်ကြီးများမှနေ၍ ရခိုင်ဘုရင်တို့၏ စစ်ရေးစွမ်းရည်ကို တစ်စိတ်တစ်ဒေသ လှစ်ပြလျက်ရှိနေသည်ဟုလည်းဆိုနိုင်မည် ဖြစ်ပါသည်၊
(က) ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ ဒါကာမှ သိမ်းပိုက်ရရှိသညိ့ မဂို အမြောက်
ဤအမြောက်ကို ယခုအခါ အိန္ဒိယနိုင်ငံ မဒရပ်မြို့ (ယခုအခေါ် ချင်နိုင်းမြို့)ရှိ အစိုးရပြတိုက် (The Government Museum. Chennai_
ယခင် မဒရပ်ပြတိုက်)တွင် ပြသထားရှိသည်၊ မူလက မဂိုတို့ အသုံးပြုခဲ့သည့် သံအမြောက်ကြီးဖြစ်ပြီး ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ ဒါကာမြို့ကို သိမ်းပိုက်စဉ်က ရရှိကြောင်း ရေးထိုးထားသည့် ရခိုင်အက္ခရာမှတ်တမ်း ကမ္ပည်းစာကို အမြောက်ပေါ်တွင် တွေ့ရသည်၊ ဤအမြောက်စာကို ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များ လေ့လာရေးဌာန (EFEO)က မှတ်တမ်းပြုစုလျက်ရှိသည့် ရခိုင်ကျောက်စာကမ္ပည်းစာ အညွန်းစာရင်းတွင် ကတ်တလောက်နံပါတ်( A_ 253) အဖြစ် မှတ်တမ်းတင်ထားသည်၊
ဒုတိယမြောက်ဦးခေတ် ရခိုင်ဘုရင်ဖြစ်သော သီရိသုဓမ္မရာဇာသည် ၁၆၂၂ မှ ၁၆၃၈ အထိ မြောက်ဦးထီးနန်းတွင် စိုးစံခဲ့သည်၊ ရခိုင်တွင် သီရိသုဓမ္မရာဇာ နန်းတက်ချိန်တွင် ဘင်္ဂါဒေသအတွင်း မဂိုတို့၏ နန်းတွင်းရေးများ ရှုပ်ထွေးလျက်ရှိပြီး မဂိုဘုရင်၏သားတော် ရှားဂျဟန်က ဘင်္ဂါဒေသကို ပိုင်စိုးနိုင်ရန် ပုန်ကန်လျက်ရှိနေသည်၊ ၁၆၂၃ တွင် မဂိုမင်းသား ရှားဂျဟန်သည် ဘင်္ဂါဒေသ၏ မဂိုဘုရင်ခံကိုတိုက်ခိုက်အောင်နိုင်သည်၊ ၁၆၂၄ တွင် ရခိုင်ဘုရင် သီရိသုဓမ္မရာဇာသည် ဒါကာသို့ သံအဖွဲ့တစ်ခုကိုစေလွတ်ခဲ့ပြီး မဂိုဘုရင်အား ပုန်ကန်နေသည့် မင်းသား ရှားဂျဟန်ဘက်မှ ရပ်တည်ကြောင်းပြသခဲ့သည်၊ ဒါကာသို့ သံအဖွဲ့မလွတ်မီ မဂိုနန်းတွင်းရေး ပဋိပက္ခကာလအတွင်း ၁၆၂၃ တွင် ရခိုင်ဘုရင်သည် ဘင်္ဂါဒေသသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဘင်္ဂလီကျေးကျွန် သုံးသောင်းခန့်ကိုဖမ်းဆီးခဲ့ကြောင်း ဒတ်ချ်မှတ်တမ်းများကပြဆိုသည်၊ မဂိုမင်းသား ရှားဂျဟန်သည် ဒါကာမှနေ၍ မဂိုထီးနန်းကို ရယူရန် ဆက်လက်ကြိုးပမ်းသည်၊ ရှားဂျဟန်သည် ဘီဟာနယ်ကို သိမ်းပိုက်နိုင်သော်လည်း ၁၆၂၄ အောက်တိုဘာလအတွင်း အာဂရာတိုက်ပွဲတွင် အရေးနိမ့်ခဲ့သည်၊ ဒါကာမှ ပုန်ကန်သူ မင်းသား ရှားဂျဟန် ရှုံးနိမ့်ပြီးနောက် မဂိုဘုရင်သည် ဒါကာတွင်ရုံးစိုက်သည့် ဘင်္ဂါဒေသဘုရင်ခံအဖြစ် ဂျဟန်ဂိရ်ကို ခန့်အပ်သည်၊ သို့သော် ဂျဟန်ဂိရ်သည် သူ၏သားဖြစ်သူ ခန်နာဟ်ဇတ်ခန်ကို ဘင်္ဂါဘုရင်ခံအဖြစ်ဆက်လက်လွှဲပြောင်း၏၊ ဤသို့သောမငြိမ်မသက်မှုများအတွင်း ရခိုင်ဘုရင်သည် ဘင်္ဂါဒေသကို အကြိမ်များစွာ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒတ်ချ်မှတ်တမ်းများက ဆိုသည်၊ သီရိသုဓမ္မရာဇာသည် မဂိုပိုင် သီရိပူရ်ကို သိမ်းပိုက်ပြီး ဘင်္ဂါနယ်မှ ကျေးကျွန်တစ်သောင်းခန့်ကို ဖမ်းဆီးခဲ့ကြောင်း ၁၆၂၅ ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲပါ ဒတ်ချ်မှတ်တမ်းတစ်ခုတွင်တွေ့ရသည်၊ ရခိုင်တို့၏ ခြိမ်းခြောက်တိုက်ခိုက်မှုများကြောင့် ဘင်္ဂါဘုရင်ခံ ခန်နာဟ်ဇတ်ခန်သည် ဒါကာတွင်ရုံးမစိုက်ရဲချေ၊ ထို့ကြောင့် သူ၏လက်ထောက်နှစ်ဦးကိုသာ ဒါကာမြို့ဝန်အဖြစ်ခန့်အပ် ရုံးစိုက်စေခဲ့သည်၊ ၁၆၂၆ အစောပိုင်းတွင် ရခိုင်ဘုရင်သည် ဒါကာကို တိုက်ခိုက်ဖျက်ဆီးသည်၊ ထိုဖြစ်ရပ်ကြောင့် ၁၆၂၆ ဇွန်လတွင် ဘင်္ဂါဘုရင်ခံနှင့် သူ၏လက်ထောက် ဒါကာမြို့ဝန်များကို မဂိုဘုရင်မှ ရာထူးမှ ဖယ်ရှားခဲ့သည်၊ ၁၆၂၆ ခုနှစ်တွင် ရခိုင်တို့၏ ဒါကာအောင်ပွဲကို ၁၆၂၆ ဇွန်လ ၄ ရက်နေ့စွဲပါ ဒတ်ချ်မှတ်တမ်းကဖော်ပြသည်၊ မဂိုနန်းတွင်း ရာဇဝင်တွင်မူ မဂိုတို့၏ ဘင်္ဂါမြို့တော်ဖြစ်သော ဒါကာကို ရခိုင်တို့ မည်သို့မည်ပုံ မီးရှိုးဖျက်ဆီးပြီး ပတ်ဝန်းကျင်ဒေသများကို လုယက်ကာ ဒေသခံများကို ကျေးကျွန်အဖြစ် ဖမ်းဆီးသွားကြောင်းများကို အသေးစိတ်ဖော်ပြထားသည်ကိုတွေ့ရသည်၊
ယခု မဒရပ်ပြတိုက်တွင်တွေ့ရသော အမြောက်မှာ ခရစ် ၁၆၂၆ ခုနှစ်ဦးပိုင်းဖြစ်သည် ရခိုင်သက္ကရာဇ် ၉၈၇ အတွင်း ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ ဒါကာကို တိုက်ခိုက်စဉ်က မဂိုတို့ထံမှ သိမ်းပိုက်ရရှိခဲ့သောအမြောက် ဖြစ်ပါသည်၊ အမြောက်တွင် ရခိုင်အက္ခရာ ရခိုင်ဘာသာဖြင့် အောက်ပါအတိုင်း စာရေးထိုးထားသည်၊
၁။ ၉ ၈ ၇ ခု ဆ င် ဖြူ ဆ င် နီ သ ခင် ဩိ သု ဒါ မ္မာ ရာ ဇာ ဒါ ဂာ ကို နိုင် ၍
၂။ ရာ တော် ပြု သှ် ပြော င်
ခေတ်သစ်အရေးသားဖြင့် ဖော်ပြရလျှင်
၉၈၇ ခု (ခရစ်နှစ် ၁၆၂၅_၂၆ ခန့်) ဆင်ဖြူ ဆင်နီ သခင် သီရိသုဓမ္မရာဇာ ဒါကာကို နိုင်၍ ရတော်ပြုသည့်ပြောင်း (ပြောင်း=အမြောက်)ဟူ၍ ဖြစ်ပါသည်၊
(ခ) ရခိုင်ဘုရင် မဒရာဇ်ရာဇာ စစ်တကောင်းနှင့် ဒါကာမှ စစ်ကူကိုချေမှုန်းသည့်အမြောက်
တတိယမြောက်ဦးခေတ် ရခိုင်ဘုရင်တစ်ဦးဖြစ်သည့် မဒရာဇ်ရာဇာမင်းသည် ခရစ် ၁၇၃၇ မှ ၁၇၄၂ အထိ မြောက်ဦးထီးနန်းကို စိုးစံခဲ့သည်၊ သက္ကရာဇ် ၁၀၉၉ (ခရစ် ၁၃၇၃) တွင် ရွှေနန်းသခင် မဒရာဇ်ရာဇာဘွဲ့အမည်ဖြင့် ဒင်္ဂါးသွန်းခဲ့သည်၊ ရခိုင်တို့သည် တတိယမြောက်ဦးခေတ်အတွင်း ဘင်္ဂါဒေသ စစ်တကောင်းနယ်အား ခရစ် ၁၆၆၆ တွင် မဂိုတို့ထံ ဆုံးရှုံးသွားခဲ့သော်လည်း နောက်ထပ်ရာစုနှစ်တစ်ခုအကြာထိ ဘင်္ဂါဒေသအတွင်းသို့ စစ်ဆင်ရေးများဆင်နွဲခဲ့ကြောင်း ရခိုင်ရာဇဝင်များတွင် ဖော်ပြပါရှိသည်၊ ထင်ရှားသော အဖြစ်အပျက်များမှာ ရခိုင်ဘုရင် စန္ဒဝိဇယရာဇာ ခရစ် (၁၇၁၀_၁၇၃၁) လက်ထက် ဘင်္ဂါနယ်အတွင်း စစ်ချီတိုက်ခိုက်ခြင်း နရအဘယရာဇာမင်း (ခရစ် ၁၇၄၂_၁၇၆၁) လက်ထက် ဘင်္ဂါနယ်သို့ ဟရမားတိုက်ရန် (harmad- ပင်လယ်ပြင်လုယက်တိုက်ခိုက်ခြင်းပြုရန်) စစ်ချီခြင်းများဖြစ်ကြသည်၊ စစ်တကောင်း ကျဆုံးပြီးနောက်ပိုင်းကာလဖြစ်သည့် ခရစ် ၁၇၇၇ ခန့်တွင်လည်း ဘင်္ဂါနယ်အတွင်းသို့ ရခိုင်တို့ဝင်ရောက်စစ်ချီခြင်းနှင့် ကျွန်ဖမ်းခြင်းအဖြစ်အပျက်များကို အင်္ဂလိပ်မှတ်တမ်းတစ်ခုတွင်တွေ့ရသည်၊ သို့ရာတွင် မဒရာဇ်ရာဇာမင်းလက်ထက် စစ်ရေးနိုင်ငံရေး ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရခိုင်ရာဇဝင်များတွင် ဖော်ပြထားသည်ကို မတွေ့ရပေ၊ ယခုတင်ပြမည့်အမြောက်တွင် ရေးထိုးထားသော ကမ္ပည်းစာအရ မဒရာဇ်ရာဇာမင်း လက်ထက်တွင်လည်း ဘင်္ဂါနယ်သို့ရခိုင်တို့ ခရစ်နှစ် ၁၇၄၁ (သက္ကရာဇ် ၁၁၀၃) အတွင်းက စစ်ချီခဲ့ကြောင်း အထောက်ထားအသစ်ရရှိပါသည်၊
မဒရာဇ်ရာဇာမင်း၏ အမတ်တော် သေနာပတိ ဘင်္ဂါနယ်အတွင်းသို့ စစ်ချီရာတွင် အသုံးပြုခဲ့သည့်အမြောက်ကို မြောက်ဦးမြို့ ရှေးဟောင်းသုတေသန ပြတိုက်တွင် ပြသထားသည်၊ ကြေးအမြောက်ဖြစ်ပြီး ရခိုင်ပြည်တွင် သွန်းလုပ်သော ပြည်တွင်းဖြစ်အမြောက်တစ်လက်ဖြစ်သည်၊ မြောက်ဦး ရှေးဟောင်းသုတေသန ပြတိုက်နံပါတ် (၅၃) ဖြစ်ပြီး ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များ လေ့လာရေးဌာန (EFEO)က မှတ်တမ်းပြုစုလျက်ရှိသည့် ရခိုင်ကျောက်စာကမ္ပည်းစာ အညွန်းစာရင်းတွင် ဤကြေးအမြောက်စာကို ကတ်တလောက်နံပါတ် (A.44) အဖြစ် မှတ်တမ်းတင်ထားပါသည်၊ ဤအမြောက်စာကို (၁) ရခိုင်မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း (၂) ရခိုင်သမိုင်း သုတေသီ ဦးအောင်လှသိန်း (၃) ရှေးဟောင်းသုတေသန ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး (ငြိမ်း) ဆရာဦးကျော်ထွန်းအောင် (တက်ထွန်းနီ ) တို့က ဖတ်ရှု အက္ခရာ ဖလှယ်ခဲ့ကြဖူးပြီး ဆရာဦးကျော်ထွန်းအောင်က တက်ထွန်းနီ (မြောက်ဦး ) ကလောင်အမည်ဖြင့် (၁၉၈၄_၈၅) ခုနှစ် စစ်တွေကောလိပ် နှစ်လည်မဂ္ဂဇင်းတွင် ရခိုင်အမြောက်ကြီးများအကြောင်း ရေးသားတင်ပြရာတွင် ဖော်ပြခဲ့သည်၊
အမြောက်ပေါ်တွင် စာငါးကြောင်းရေးထိုးပါရှိပြီး အမြောက်ပေါ်မှ စာများကို ဤဆောင်းပါးတွင် အောက်ပါအတိုင်း ဖတ်ရှုဖော်ပြပါသည်၊ ထိုသို့ဖတ်ရှုရာတွင် ဆရာကြီး ဦးဦးသာထွန်း ဆရာ ဦးအောင်လှသိန်း ဆရာ ဦးကျော်ထွန်းအောင်တ်ို့၏ ဖတ်ရှုဖော်ပြချက်များကို အခြေပြုလျက် ထပ်ဆင့်ပြန်လည်ဖတ်ရှုတင်ပြခြင်းသာဖြစ်ပြီး ဖော်ပြပါ ဆရာကြီးများ ကနဦး ဖတ်ရှုသုတေသနပြုခဲ့ကြသည့်ကျေးဇူးကြောင့်သာ ကျတော့်အနေဖြင့် ယခုကဲ့သို့ တင်ပြနိုင်ခြင်းဖြစ်ကြောင်းကိုလည်း အလေးအနက်တင်ပြလိုက်ပါသည်၊
အောက်ဖော်ပြပါ ကြေးအမြောက်စာ ဖတ်ရှုမှုတွင် ဆရာကြီး (၁) (၃)တို့၏ဖတ်ရှုမှုနှင့် စာကြောင်းရေ ၁ တွင် စာလုံး နှစ်လုံးခန့် စာကြောင်းရေ ၄ တွင် စာလုံး နှစ်လုံးခန့် ဆရာကြီး (၂) ဖတ်ရှုမှုနှင့် စာကြောင်းရေ ၂ တွင် စာလုံး သုံးလုံးခန့် စာကြောင်းရေ ၃ တွင် စာလုံးတစ်လုံးခန့် စာကြောင်းရေ ၄ တွင် စာလုံးတစ်လုံးခန့် ကွဲလွဲစွာ ဖတ်ရှုတင်ပြထားပါသည်၊ ဥပမာအားဖြင့် ဖော်ပြရလျှင် `သျှင်´ (ဟထိုးပါ)နှင့် `သျင်´ (ဟထိုးမပါ) `စစ်တကောင်း´ `စစ် ၁ ဂေါင်း´ `ဂြွတ်လှည်´ `ဂြွတ်လည်´ `သတ်ရသှ်´ `သတ်၍ရသှ်´
ကဲ့သို့သောကွဲလွဲချက်များဖြစ်ပါသည်၊
၁။ သ က္က ရာ ဇ် ၁ ၁ ၀ ၃ ခု ရွှေ န န် သ ခင် သျင်
ဘ ဝ သျင် မ ဒ ရာဇ်ရာ
၂။ ဇာ က သှ် အ မ တေ် သေနာ ပ တိ ကိုဝ် လွှတ်၍ စစ် ၁ ဂေါင်
၃။ ကို ဝ် မျ က် တေ် ထုပ် သော ခါ ဒ ဂါ (က) စစ် ကု လာ သှ် သင်ဘော
၄။ ဂြွ တ် လည် ကျင် ေ (ရ) တ က် တော င် တ တ် ကိုဝ် သတ် ၍ရသူ အ န
၅။ က် ပြောင်
ခေတ်သစ်အရေးသားဖြင့် ပြန်လည်ရေးသားတင်ပြပါက `` သက္ကရာဇ် ၁၁၀၃ ခု (ခရစ်နှစ် ၁၇၄၁ ခန့်) ရွှေနန်းသခင် အသျှင် ဘဝသျှင် မဒရာဇ် ရာဇာသည် အမတ်တော် သေနာပတိကို လွှတ်၍ စစ်တကောင်းကို အမျက်တော်ထွက်သောအခါ ဒါကာက စစ်ကုလားသည့် သင်္ဘောဂြွတ်လှေကျင် ရေတပ် တောင်တပ်ကို သတ်၍ရသည့် လက်နက် ပြောင်း´´ ဟူ၍ဖြစ်ပါသည်၊(ဂြွတ်လှေ ghurab ရွက်တိုင် ၂ ခုတပ် စစ်လှေ စစ်သင်္ဘော လက်နက်ပြောင်း_အမြောက်)၊
(ဂ) ဓညဝတီသိမ်းရ အမြောက်များ
ဓညဝတီသိမ်းရအမြောက်ဆိုသည်မှာ ဓညဝတီ ရခိုင်ပြည်မှ သိမ်းပိုက်ရရှိသော အမြောက်များကိုဆိုလိုပါသည်၊ ခရစ်နှစ် ၁၇၈၅ တွင် ဓညဝတီ ရခိုင်ပြည်ကို မြန်မာတို့ သိမ်းပိုက်ပြီးနောက် ရခိုင်ဘုရင်တို့၏ မြောက်ဦးခေတ် နိဂုံးချုပ်ခဲ့သည်၊ ဓညဝတီသိမ်းရအမြောက်ကဲ့သို့ပင် ဒွါရာဝတီသိမ်းရ အမြောက်များကိုလည်းတွေ့ရသည်၊ ဒွါရာဝတီသိမ်းရ အမြောက်များပေါ်ရှိ ရေးထိုးနှစ်များမှာ ဒွါရာဝတီမည်သော ယိုးဒယားပြည်ကို မြန်မာဘုရင်တို့ ကျုးကျော်သည့် ခုနှစ်များနှင့်သာ တိုက်ဆိုင်နေသည်ကိုတွေ့ရသဖြင့် အဆိုပါ အမြောက်များသည် ရခိုင် ဒွါရာဝတီ (သံတွဲ) နှင့် သက်ဆိုင်မှု မရှိလှပါ၊
ယခုအချိန်ထိ ဓညဝတီသိမ်းရ အမြောက်သုံးလက် တွေ့ရှိထားပါသည်၊ အမြောက်များတွင် ရေးထိုးထားသည့် ကမ္ပည်းစာအရ ရခိုင်တို့မြောက်ဦးမြို့တော် ကျဆုံးချိန်ကို အတိအကျသိရှိနိုင်သည်၊ ဓညဝတီ ရခိုင်ပြည်ကို သိမ်းပိုက်ရရှိချိန်ကို သက္ကရာဇ် ၁၁၄၆ ခု ပြာသိုလပြည့်ကျော် ၇ ရက် စနေနေ့ ညဉ့် ၄ ချက်တီးကျော် ၁ နာရီ ဟု ခုနှစ် လ ရက် အချိန် နာရီနှင့်တကွ အမြောက်အားလုံးက တညီတညွတ်တည်း ဖော်ပြကြပါသည်၊
(ဂ-၁) ဓညဝတီသိမ်းရ စာတန်းပါ စကော့တလန်ရောက် ရခိုင်ပြည်သုံး အမြောက်
ဤအမြောက်ကို ဗြိတိန်နိုင်ငံ စကော့တလန်နယ် အီဒင်ဘာရာမြို့ရှိ ကောလ်တန် တောင်ကုန်းပေါ်တွင် တွေ့ရသည်၊ ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များ လေ့လာရေးဌာန (EFEO)က မှတ်တမ်းပြုစုလျက်ရှိသည့် ရခိုင်ကျောက်စာကမ္ပည်းစာ အညွန်းစာရင်းတွင် ဤကြေးအမြောက်စာကို ကတ်တလောက်နံပါတ် (A.233)အဖြစ် မှတ်တမ်းတင်ထားသည်၊ ဤအမြောက်အကြောင်းကို ရခိုင်သမိုင်းပညာရှင် ဆရာမကြီး ဒေါ်ကြန်က အဝေးရောက် မြန်မာအမြောက် ခေါင်းစဉ်ဖြင့် ၁၉၉၄ ခုနှစ် မတ်လထုတ် ကနောင် စက်မှုစီးပွားဂျာနယ်တွင် ခရီးသွားမှတ်တမ်းအသွင်ဆောင်သည့် ဆောင်းပါးတစ်ပုဒ်ရေးသားဖူးပါသည်၊
အမြောက်ကို စပိန်နိုင်ငံဘုရင် စတုတ္ထမြောက် ဖိလစ် (၁၆၀၅_၁၆၆၅)လက်ထက် Royal Arms of Spain တွင် သွန်းလုပ်သည်ဟု ယူဆရပြီး အမြောက်ပေါ်တွင် ခရစ် ၁၆၂၄ ဟု ရေးထိုးပါရှိသည်၊ အမြောက်သွန်းလုပ်နှစ်သည် ရခိုင်တွင် သီရိသုဓမ္မရာဇာဘုရင် ထီးနန်းစိုးစံချိန် (ခရစ် ၁၆၂၂_၁၆၃၈)လက်ထက်အတွင်း ကျရောက်လျက်ရှိနေသည်၊ ရခိုင်ဘုရင်သည် ဤအမြောက်ကို ပေါ်တူဂီ ရေကြောင်းသွားလာသူများထံမှတစ်ဆင့် ရရှိပိုင်ဆိုင်ခဲ့သည်ဟု ယူဆရပြီး သီရိသုဓမ္မရာဇာ လက်ထက်တွင် အသုံးပြုခဲ့ပါက ရခိုင်ပြည်သုံး ခေတ်အမီဆုံး ဥရောပထုတ် အမြောက်လက်နက်တစ်ခု ဖြစ်ဖွယ် ရှိပါသည်၊ ခရစ် ၁၇၈၅ ခုနှစ် မြောက်ဦးမြို့တော် ကျဆုံးချိန်တွင် ဤအမြောက်ကို မြန်မာတပ်များက သိမ်းပိုက်ရရှိသည်၊ ၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးသောအခါ ဤအမြောက်ကို စကော့တလန်နယ် အီဒင်ဘာရာမြို့သို့ ဗြိတိသျှတို့က သယ်ယူသွားကြသည်၊ အမြောက်ပေါ်တွင် ရခိုင်ပြည်မှ သိမ်းပိုက်ရရှိသည့် အထိမ်းမှတ်အဖြစ် ရေးထိုးထားသည့် (၁၁၄၆ ခု ပြာသိုလပြည့်ကျော် ၇ ရက်နေ့ ၀နေ့ (စနေနေ့) ည ၄ ချက်တီးကျော် တစ်နာရီတွင် ဓညဝတီသိမ်းရ)ဟု မြန်မာဘာသာ စာတစ်ကြောင်းပါရှိသည်၊
(မှတ်ချက် ၁ နေ့ _တနင်္ဂနွေ
၂ လာ _တနင်္လာ
၆ ကြာ _သောကြာ
၀နေ့_စနေ)
(ဂ-၂) ဓညဝတီသိမ်းရ စာတန်းပါ သီရိသုဓမ္မရာဇာ ဒါကာမှ သိမ်းပိုက်ရရှိသည့် မဂို အမြောက်
ဤအမြောက်အကြောင်းကို ဆောင်းပါး၏အစပိုင်း အပိုဒ်ခွဲ(က) တွင် တင်ပြခဲ့ပြီးဖြစ်ပါသည်၊ မူလက မဂိုတို့ အသုံးပြုခဲ့သည့်အမြောက်ကြီးဖြစ်ပြီး ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ ဒါကာကို ခရစ်နှစ် ၁၆၂၆ တွင် သိမ်းပိုက်စဉ်က ရရှိခဲ့ကြောင်းကို ရခိုင်ဘာသာဖြင့် စာရေးထိုးပါရှိသည်၊ (အမြောက်ပေါ်မှ ရခိုင်ဘာသာကမ္ပည်းစာကို EFEO ကတ်တလောက်နံပါတ် A.253 အဖြစ် မှတ်တမ်းတင်ထားပါသည်၊)
၁၇၈၅ ခု ရခိုင်ပြည်ကျဆုံးသောအခါ ဤအမြောက်ကို မြန်မာတပ်များက မြန်မာမင်းနေပြည်တော်သို့တစ်ဖန် သိမ်းပိုက်သွားကြပြီး အမြောက်ပေါ်တွင် ဓညဝတီ ရခိုင်ပြည်မှ သိမ်းပိုက်ရရှိကြောင်း မှတ်နမ်းတင်ကြသည်၊ ၁၈၈၅ ခု တတိယ အင်္ဂလိပ် မြန်မာစစ်အပြီး အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးချိန်တွင် ဤအမြောက်ကို အိန္ဒိယနိုင်ငံ မဒရပ်မြို့ကို ဗြိတိသျှတို့က ယူဆောင်သွားကြပြန်သည်၊ အမြောက်ပေါ်မှ ဓညဝတီသိမ်းရ မြန်မာဘာသာ ကမ္ပည်းရေးထိုးချက်ကို ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များလေ့လာရေးဌာန (EFEO) မှ မှတ်တမ်းပြုစုလျက်ရှိသည့် ရခိုင်ကျောက်စာကမ္ပည်းစာ အညွန်းစာရင်းတွင် ကတ်တလောက်နံပါတ် (A.254 ) အဖြစ် မှတ်တမ်းတင်ထားပါသည်၊ စာသုံးကြောင်းပါရှိပြီး အောက်ပါအတိုင်း ဖတ်ရှုနိုင်သည်၊
၁။ ၁၁၄၆ ခု ပြာသိုလပြည့်ကျော်
၂။ ၇ ရက် ၀နေ ည ၄ ချက်တီးကျော်
၃။ ၁ နာရီတွင် ဓညဝတီ သိမ်းရ
(ဂ-၃) ဓညဝတီသိမ်းရ စာတန်းပါ နေပြည်တော်စစ်သမိုင်းပြတိုက်ရောက် ရခိုင်ပြည်သုံး အမြောက်
ဤအမြောက်ကို ယခုအခါ နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြသထားသည်ကိုတွေ့ရပြီး ဥရောပတိုက်ထုတ် ခေတ်မီကြေးအမြောက်ဖြစ်ပါသည်၊ အဝေးရောက် မြန်မာအမြောက် ခေါင်းစဉ်ဖြင့် ၁၉၉၄ ခုနှစ် ကနောင် စက်မှုစီးပွားဂျာနယ်ပါ ဆရာမကြီး ဒေါ်ကြန်၏ စကော့တလန်ရောက် ရခိုင်ပြည်သုံးအမြောက်အကြောင်းရေးသားထားသည့်ဆောင်းပါးတွင် စကော့တလန်ရောက် အမြောက်နှင့်အလားတူသည့် အမြောက်တစ်လက် တပ်မတော်မော်ကွန်းတိုက်တွင် ရှိကြောင်း ရေးသားပါရှိသည်၊ တပ်မတော် စစ်သမိုင်းပြတိုက်ကို နေပြည်တော်သို့ မပြောင်းရွှေ့မီအချိန်ထိ ဤအမြောက်မှာ ရန်ကုန်မြို့ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် တည်ရှိခဲ့ပါသည်၊ ဆရာမကြီး ဒေါ်ကြန်၏ ဖော်ပြချက်ကို ထောက်ရှု၍ အဆိုပါ အမြောက်မှာ ရန်ကုန်မြို့ တပ်မတော်မော်ကွန်းတိုက်မှ ရန်ကုန်မြို့ တပ်မတော်စစ်သမိုင်းပြတိုက် ထိုမှတဖန် နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်သို့ အဆင့်ဆင့် ပြောင်းရွှေ့ခဲ့သည်ဟု ယူဆရပါသည်၊ အမြောက်တွင် စာနှစ်ကြောင်း ရေးထိုးပါရှိပြီး အမြောက်စာကို ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များလေ့လာရေးဌာန (EFEO) မှ မှတ်တမ်းပြုစုလျက်ရှိသည့် ရခိုင်ကျောက်စာကမ္ပည်းစာ အညွန်းစာရင်းတွင် ကတ်တလောက်နံပါတ် (A.252 ) အဖြစ် မှတ်တမ်းတင်ထားပါသည်၊
၁။ ၁၁၄၆ ခု ပြာသိုလပြည့်ကျော် ၇ ရက် ၀နေ ည
၂။ ၄ ချက်တီးကျော် ၁ နာရီတွင် ဓညဝတီသိမ်းရ
မြောက်ဦးခေတ်တလျောက် ရခိုင်ပြည်တွင် အသုံးပြုခဲ့သော အမြောက်များနှင့် အမြောက်ပေါ်တွင်ရေးထိုးထားသော ကမ္ပည်းစာများအကြောင်းကို အထက်တွင်တင်ပြခဲ့ပါသည်၊ ရခိုင်ဘုရင်တို့သည် ခေတ်မီအမြောက်လက်နက်များကို ပြည်ပမှ တင်သွင်းအသုံးပြုခဲ့ကြသကဲ့သို့ ကိုယ်တိုင်လည်း ပြည်တွင်းတွင် ထုတ်လုပ်သုံးစွဲခဲ့ကြသည်ကို တွေ့ရသည်၊ သံအမြောက်များကို သွန်းလုပ်ရန်အတွက် သံရိုင်းကို အိန္ဒိယနိုင်ငံမှ တင်သွင်းခဲ့ပြီး ရခိုင်ပြည်အတွင်းတွင် သံချက်လုပ်ရာ သံထောင်နည်များ တည်ထောင်ကာ သံချက်လုပ် အမြောက်သွန်းခဲ့ကြသည်၊ ကြေးအမြောက်အများကိုလည်း ကိုယ်တိုင်သွန်းလုပ် အသုံးပြုကြသည်၊
ထိုနည်းတူစွာ မဂိုတို့သည် ရခိုင်ရန်မှ ကာကွယ်ရန် သီးသန် ့ဦးတည်ချက်ဖြင့် အမြောက်ကြီးများ သွန်းလုပ် အသုံးပြုခဲ့ကြောင်းကိုလည်း မှတ်တမ်းများက ပြဆိုသည်၊ အဆိုပါ အမြောက်ကြီးအချို့ကို ဒါကာမြို့တွင် ယနေ့တိုင် တွေ့မြင်နိုင်ပါသေးသည်၊
ယခုတင်ပြခဲ့သည့် ရခိုင်ပြည်သုံးအမြောက်များနှင့် ယင်းတို့အပေါ် ရေးထိုးထားသည့်စာပေများကို လေ့လာခြင်းဖြင့် ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ လက်ထက်တွင် ဒါကာကိုအောင်နိုင်ခဲ့ခြင်းအပေါ် ခေတ်ပြိုင်အထောက်အထားအဖြစ် အတည်ပြုနိုင်ခြင်း ရခိုင်ရာဇဝင်များတွင် ဖော်ပြမပါရှိသော ရခိုင်ဘုရင် မဒရာဇ်ရာဇာလက်ထက်အတွင်းက စစ်တကောင်းသို့ ချီတက်တိုက်ခိုက်ခြင်းအကြောင်းကို မူရင်းအထောက်အထားအဖြစ်ဖော်ထုတ်နိုင်ခြင်း ဓညဝတီ ရခိုင်ပြည်ကျဆုံးခဲ့သော ခုနှစ် လ ရက် အချိန်အတိကျကို ခေတ်ပြိုင်မူရင်းအထောက်ထားများမှနေ၍ ဖော်ထုတ်တင်ပြနိုင်ခြင်း စသည့် သမိုင်းဆိုင်ရာ အချက်အလက်သစ်များကိုရရှိစေပါသည်၊
ရခိုင်သမိုင်းဆိုင်ရာ ကျောက်စာ ကမ္ပည်းစာများကို စတင်စုဆောင်းဖော်ထုတ် လေ့လာဖတ်ရှုခဲ့သော ရခိုင် မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းနှင့်တစ်ကွ ရခိုင်ကျောက်စာကမ္ပည်းစာများကို ကနဦး ဖတ်ရှုသုတေသနပြုခဲ့ကြသည့် ဆရာဦးအောင်လှသိန်း ဆရာ ဦးကျော်ထွန်းအောင်နှင့် ဆရာတော် ရမ္မာဝတီ ပညာစာရတို့ကို ဤဆောင်းပါးဖြင့်ဂါရဝပြုပါသည်။ (ကျော်မင်းထင်)
ရခိုင်မဂ္ဂဇင်းမှကူးယူဖော်ပြပါသည်
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
Photos_Credit
Comments
Post a Comment