မြန်မာနိုင်ငံရဲ့အဓိကပြသနာ
မြန်မာနိုင်ငံရဲ့အဓိကပြသနာ
သရ၀ဏ်(ပြည်)
မြန်မာနိုင်ငံ၏အဓိကပြသနာမှာ ပုဒ်မ ၅၉(စ)လည်းမဟုတ် ။ အဂတိလိုက်စားမှုလည်းမဟုတ် ၊ ဆင်းရဲမွဲတေမှုလည်းမဟုတ် ၊ အမျိုးဘာသာသာသနာကိစ္စလည်းမဟုတ် ၊ သွေးနှောခြင်းကိုငါတို့ မုန်း လူမျိုးအညွန့်တုန်း ဆိုသော မဟုတ်ကဟုတ်က သင်ခန်းစာလည်းမဟုတ် ၊ NLD နှင့် ကြံ့ခိုင်ရေးပါတီ အားပြိုင်နေတာလည်းမဟုတ် ၊ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေလည်းမဟုတ် ၊ ဘင်္ဂလီကိစ္စလည်းမဟုတ် ၊ တရုတ်လွှမ်းမိုးမှုလည်းမဟုတ် ၊ လက်ပန်းတောင်းတောင်စီမံကိန်းလဲမဟုတ် ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းလဲမဟုတ် ၊ မူးယစ်ဆေးဝါးပြသနာလည်းမဟုတ် ၊ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေတဲ့ ကိစ္စလည်းမဟုတ် ၊ အခြားမည်သည့်အကြောင်းတရားကြောင့်မှမဟုတ် ။ ဘယ်နိုင်ငံမှမရှိသောစနစ်တခုကြောင့်သာဖြစ်သည် ။ မြန်မာနိုင်ငံ၏အဓိကရင်ဆိုင်နေရသောပြသနာ မှာ နိုင်ငံတစ်ခုအတွင်း တရားဝင်အစိုးရ နှစ်ရပ် ရှိသည့်ပမာ ဖြစ်နေသောပြသနာဖြစ်သည် ။
နိုင်ငံအတော်များများတွင် ပြည်သူလူထုကရွေးချယ်တင်မြှောက်သော ရွေးကောက်ခံအရပ်သားအစိုးရ တရပ်ရှိသည် ။ အရပ်သားအစိုးရလက်အောက်တွင် တပ်မတော်ရှိသည် ။ အစိုးရကသပ်သပ် တပ်မတော်ကသပ်သပ် (၀ါ) တပ်မတော်၏လုပ်ပိုင်ခွင့် သည် အစိုးရ၏ထိမ်းချုပ်မှုမှသာလွန်ကင်းလွတ်နေမှုမျိုး ဘယ်နိုင်ငံမှမရှိပေ ။ခြွင်းချက်အားဖြင့် စစ်အာဏာသိမ်းအစိုးရများတွင်တော့ စစ်တပ်က အုပ်ချုပ်မှုအာဏာရော ၊ စစ်ဘက်ဆိုင်ရာ အာဏာကိုရော တွဲကိုင်ထားလေ့ရှိသည် ။ စစ်အုပ်ချုပ်ရေး ၊ စစ်အစိုးရမဟုတ်ပါပဲ ၊ ဒီမိုကရေစီနည်းဖြင့်ရွေးကောက်ပွဲများပြုလုပ်ပြီးမှ စစ်တပ်က သီးသန့်အာဏာဆုပ်ကိုင်ထားမှုမျိုးမရှိတာများပါသည် ။ မြန်မာ ၊ ထိုင်း၊လစ်ဗျား၊ပါကစ္စတန် ၊ ဆူဒန်နိုင်ငံများ သည် ကမ္ဘာပေါ်တွင် စစ်အာဏာရှင်စနစ်အားကောင်းသောနိုင်ငံ ငါးနိုင်ငံအဖြစ်သတ်မှတ်ခံထားရသည် ။ထိုင်းနိုင်ငံသည် မကြာမီရွေးကောက်ပွဲ များကျင်းပရန်စီစဉ်ထားသည် ။ ရွေးကောက်ပွဲအပြီးတွင်တက်လာသော အရပ်သားအစိုးရသည် အပြည့်အ၀လုပ်ပိုင်ခွင့်ရမည်လား ၊ မြန်မာကဲ့သို့ စစ်တပိုင်းဒီမိုကရေစီပုံစံမျိုးသွားမည်လားဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည် ။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိသည် ။ အရပ်သားအစိုးရ၏အုပ်ချုပ်မှုအောက်တွင် စစ်တပ်က လိုက်နာဆောင်ရွက်ရသည့်နိုင်ငံပေါင်းမှာ ၁၉၀ ဖြစ်သည် ။ အာဏာရှင်နိုင်ငံဟုသတ်မှတ်ခံရသော မြောက်ကိုရီးယားနိုင်ငံသည်ပင်လျှင် အရပ်သားဖြစ်သော သမ္မတ ကင်ဂျုံအန်အစိုးရ၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင် မြောက်ကိုရီးယားစစ်တပ်ရှိသည် ။ ကွန်မြူနစ်နိုင်ငံဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အရပ်သားသမ္မတ ရှီကျင်းဖျင်သည် တရုတ်စစ်တပ်၏ ဗဟိုစစ်ကော်မရှင်ဥက္ကဌ ဖြစ်သည် ။ ဆိုလိုသည်မှာ တရုတ်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံပင်မဟုတ် ၊ သို့ သော်အလွန်အင်အားကြီးလှသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏အကြီးအကဲမှာ ကာကွယ်ရေးဦးစီးချုပ်မဟုတ် ၊ တရုတ်ကွန်မြူနစ်ပါတီ ၏အထွေထွေအတွင်းရေးမှူးလည်းဖြစ် ၊ သမ္မတလည်းဖြစ် ၊ အရပ်သားလည်းဖြစ်သော အစိုးရအဖွဲ့ခေါင်းဆောင်၏ ဦးဆောင်မှအောက်တွင် အတိအလင်းရှိနေခြင်းဖြစ်သည် ။ ထို့ကြောင့်တရုတ်နိုင်ငံတွင် စစ်တပ်သည် အစိုးရလက်အောက်တွင်အပြည့်အ၀ရှိသည် ။ မြောက်ကိုရီးယားတွင် စစ်တပ်သည် အစိုးရလက်အောက်တွင် အပြည့်အ၀ရှိသည် ။ အမေရိကန်ပြည်ထောင်စုတွင် စစ်တပ်သည် အရပ်သားအစိုးရလက်အောက်တွင် အပြည့်အ၀ရှိသည် ။ တကမ္ဘာလုံးတွင် စစ်တပ်သည် အရပ်သားအစိုးရ လက်အောက်တွင် အပြည့်အ၀ရှိသည် ။ ထိုအခါ ထိုနိုင်ငံများတွင် အစိုးရ နှစ်ရပ်ရှိနေသလို ထိန်းချုပ်ရခက်သောပြသနာများမရှိတော့ပါပေ ။
မြန်မာနိုင်ငံတွင် တကောင်းအဘိရာဇာမင်းလက်ထက်မှစကာ ပဒေသရာဇ်မင်းအဆက်ဆက်လက်ထက်က စစ်သူကြီးသည် ဘုရင်(သို့မဟုတ်)အိမ်ရှေ့မင်း၏လက်အောက်ခံဖြစ်သည် ။ စစ်တပ်သည် ဘုရင်၏အမိန့်ပေးထိန်းချုပ်မှုအောက်တွင်ရှိပေ၏ ။ ဒီမိုကရေစီခေတ်မဟုတ်သော်လည်း အစိုးရက( ဘုရင်နှင့်ဝန်ကြီးအဖွဲ့)ကသပ်သပ် စစ်တပ်ကသပ်သပ် မဟုတ်ပေ ။တပ်ပိုင်းဆိုင်ရာကိစ္စအားလုံကို ဘုရင်သည် အပြည့်အ၀စီမံဆောင်ရွက်ခွင့်ရခဲ့ပေ၏။ စတုတ္ထတရုတ်-မြန်မာစစ်ပွဲတွင် မိမိသဘောဖြင့်မိမိ စစ်ပြေငြိမ်းစာချုပ်ချုပ်လာခဲ့သော စစ်သူကြီးမဟာသီဟသူရကို သားမယားဆွေမျိုးနှင့်တကွ လူပုံအလည်တွင် ဘုရင်ကြီးဆင်ဖြူရှင်မင်းက တရုတ်ပေးသောလက်ဆောင်များကိုခေါင်းတွင်ရွက်စေကာ နေလှန်းအပြစ်ပေးခဲ့ဖူးသည် ။ဆိုလိုရင်းမှာ ပဒေသရာဇ်ခေတ်တွင် စစ်တပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သူ ဘုရင်၏လက်အောက်တွင် သာ ဘုရင့်အမိန့်ကိုနာခံကာ အမှုထမ်းရခြင်းဖြစ်သည် ။အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုလာရောက်တိုက်ခိုက်သိမ်း ပိုက်ပြီးသည့်နောက်တွင်လည်း မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးတွင် ဘုရင်ခံခေါင်းဆောင်သော အရပ်သားအစိုးရဖြင့်အုပ်ချုပ်ပြီး ၎င်းဘုရင်ခံအစိုးရ၏လက်အောက်တွင်ဗြိတိသျှ တပ်မတော်ကအမှုထမ်းရခြင်းဖြစ်သည် ။ ကိုလိုနီခေတ်တွင် စစ်အစိုးရအာဏာစက်ဖြင့်အုပ်ချုပ်သည့်အချိန်အနည်းငယ်ရှိခဲ့သော်လည်း အများစုမှာ အရပ်သားအစိုးရအုပ်ချုပ်ရေးဖြစ်ပြီး စစ်တပ်သည် အစိုးရ၏လက်အောက်ခံစနစ်ဖြစ်သည် ။ ထိုခေတ်တွင် စစ်တပ်ကသပ်သပ် ၊ အစိုးရကသပ်သပ် မဟုတ်မူပဲ စစ်တပ်သည် အစိုးရ၏ အစိတ်အပိုင်းတခုအဖြစ်သာရှိခဲ့သည် ။ လွတ်လပ်ရေး ရပြီးသောခေတ်တွင်လည်း အရပ်သားအစိုးရ၊အရပ်သားကာကွယ်ရေးဝန်ကြီးလက်အောက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တကွ တပ်မတော်တခုလုံးသည် အစိုးရ၏အစိတ်အပိုင်းတရပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပဲဖြစ်သည် ။ဥပမာ ၀န်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သော ဦးဗဆွေ၏လက်အောက်တွင်တပ်မတော်ကာကွယ်ရေးဦစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည် ။ကွန်မြူနစ်များ၊ ကရင်များနှင့် ပြည်တွင်းစစ်ဖြစ်နေဆဲကာလပင်ဖြစ်သော်လည်း တပ်မတော်သည် လွှတ်တော်တွင်ဝင်ပါခြင်း ၊ ၀န်ကြီးအဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှအမည်စာရင်းတင်သွင်းခြင်း ၊ သမ္မတလောင်းအဖြစ်အမည်စာရင်းတင်သွင်းခြင်း တို့ကိုမလုပ်ကြပါ ။ တပ်မတော်၏စာရင်းအင်း အားလုံး၊ရသုံးငွေစာရင်းများအားလုံးကိုလည်း အရပ်ဘက်အဖွဲ့အစည်းဖြစ်သော နိုင်ငံတော်စာရင်းစစ်အဖွဲ့ဖြင့် စစ်ဆေးခွင့်ရခဲ့လေသည် ။ ဗိုလ်ချုပ်အောင်ဆန်းဦးစီးကာတိုင်းပြုပြည်ပြုလွှတ်တော်ကရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေအရ ထိုသို့ အရပ်ဘက်၏ထိန်းချုပ်မှုအောက်တွင် စစ်တပ်ကရှိခဲ့ခြင်းဖြစ်သည် ။အရပ်သားအစိုးရလက်အောက်တွင် တပ်မတော်က နိုင်ငံရေးတွင်မပါဝင်ပဲ ပရော်ဖက်ရှင်နယ်ဆန်ဆန်တာဝန်ထမ်းဆောင်သော စနစ်သည် ၁၉၅၈ မှ ၁၉၆၀ အထိ ၂ နှစ်ခန့်ပျက်ပျယ်ခဲ့သည် ။ ၁၉၅၈တွင် ၀န်ကြီးချုပ်ဦးနုကဗိုလ်ချုပ်ကြီးနေ၀င်းအား အာဏာခြောက်လ လွှဲပေးကာရွေးကောက်ပွဲကျင်းပပေးရန်တာဝန်ပေးလိုက်သည် ။ မူလက ခြောက်လသာတာဝန်ပေးခဲ့သော်လည်း အချိန်မလုံလောက်သဖြင့်ဟုဆိုကာ ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သော အိမ်စောင့်အစိုးရ (စစ်အစိုးရ) ၏အုပ်ချုပ်မှုသည် ၂ နှစ်ကြာသွား၏ ။ ထို ၂ နှစ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အရပ်သားအစိုးရ၏အုပ်ချုပ်မှုအောက်တွင် တပ်မတော်က ရှိရေးဟူသော ကမ္ဘာ့ဒီမိုကရေစီစံနှန်းစတင်ကျိုးပျက်သော ကာလဖြစ်သည် ။ လွှတ်တော်နှင့်အရပ်သားအစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သဖြင့် တပ်မတော်သည် Check and balance မရှိတော့ပဲ သီးခြားလွတ်လပ်သောအဖွဲ့ကြီးဖြစ်သွားလေသည် ။ ထို ၂၄ လတာကာလအတွင်း ဗိုလ်ချုပ်နေ၀င်းသည် အာဏာ၏အရသာကို ကောင်းကောင်းမြည်းစမ်းမိသွားကာ ၁၉၆၀တွင် ရွေးကောက်ပွဲ ကျင်းပပေးပြီး မှ ၁၉၆၂မတ်လ ၂ ရက်နေ့တွင် အရပ်သားအစိုးရဖြစ်သော သန့်ရှင်းဖဆပလ အဖွဲ့ထံမှ စစ်အာဏာသိမ်းလိုက်ပြီး နိုင်ငံရေးပါတီအားလုံးကိုဖျက်သိမ်းလိုက်လေသည် ။
၁၉၆၂ မှ ၁၉၇၄ အထိကာလများတွင် စစ်အာဏာသိမ်း တော်လှန်ရေးကောင်စီကအုပ်ချုပ်သဖြင့် အရပ်သားအစိုးရဆိုတာမရှိချေ။ ၁၉၇၄ တွင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရေးဆွဲအတည်ပြုကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဟူသော တခုတည်းသောအစိုးရ၊တခုတည်းသော နိုင်ငံရေးပါတီပေါ်ပေါက်လာသည် ။ ဘာပဲဖြစ်ဖြစ် ထို ၁၉၇၄ မှစကာ အရပ်သားအစိုးရ တရပ်ပေါ်ပေါက်လာပြီး တပ်မတော်သည် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ၁၀၀ ရာခိုင်နှုန်းရှိခဲ့လေသည် ။ ထိုစဉ်ကပေါ်ပေါက်ခဲ့သေသော မဆလ အစိုးရမှာ ဒီမိုကရေစီအစိုးရမဟုတ်ခဲ့သော်လည်း အစိုးရ၏ထိမ်းချုပ်မှုအောက်တွင်တပ်မတော်ကအပြည့်အ၀ ရှိခဲ့လေသည် ။ လွှတ်တော်တွင်တပ်မတော်က ၂၅ ရာခိုင်နှန်းပါခြင်း၊ ကာကွယ်ရေးဝန်ကြီး၊ပြည်ထဲရေးဝန်ကြီး၊နယ်စပ်ရေးရာဝန်ကြီးဟူသောဝန်ကြီးသုံးဦးကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကခန့်အပ်ခြင်း၊ ဒုတိယသမ္မတလောင်းတယောက်ကို တပ်မတော်မှရွေးချယ်ခြင်း စသည့်ကိစ္စများကို ၁၉၇၄ အခြေခံဥပဒေက ခွင့်မပြုခဲ့ပေ ။ ထို့အပြင် စစ်ဗိုလ်ချုပ်တဦးဖြစ်သော ဦးနေ၀င်းသည် တပ်ပိုင်းဆိုင်ရာ စာရင်းအင်းများအားလုံးကို အရပ်ဘက် နိုင်ငံတော်စာရင်းစစ်အဖွဲ့ကစစ်ဆေးခြင်းကို လက်ခံခွင့်ပြုခဲ့သည် ။ ထို့ကြောင့် ဦးနေ၀င်း နှင့် မဆလ ခေတ်သည် ဒီမိုကရေစီခေတ်မဟုတ်သော်လည်း တပ်မတော်ကသီးခြား၊အစိုးရကသီးခြားလိုဖြစ်နေခဲ့ခြင်းမရှိပေ ။ တပ်မတော်သည် အစိုးရ၏အစိတ်အပိုင်းတရပ်အဖြစ်သာ (တရုတ်ပြည်တို့  ၊ ဗီယက်နမ်တို့ ၊ ဆိုဗီယက်ပြည်ထောင်စုတို့လို)ရှိနေခဲ့သည် ။ ထိုခေတ်ထိုအချိန်က ကျိကျိတက်ချမ်းသာသောတပ်မတော်ခေါင်းဆောင်များမရှိ ၊ တပ်မတော်အရာရှိကြီးများ၏သားသမီးများ ကုမ္မဏီထောင်ကာ စီးပွားလုပ်ငန်းများလုပ်ခွင့်လည်းမရှိချေ။
မြန်မာနိုင်ငံ၏ပြသနာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) သည် သူအာဏာမှမစွန့်ခွာမီ သူနှင့် န.၀.တ ၊ န.အ.ဖ အဖွဲ့ဝင်များ၏နောင်ရေး အတွက် စစ်တပ်ကိုလွန်လွန်ကျူးကျူးလုပ်ပိုင်ခွင့်ပေးထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို ၁၉၉၃ မှ ၂၀၀၈ အထိ (၁၅)နှစ်တိတိ အတ္တနောမတိဖြင့် စိတ်ကြိုက်တဖက်သတ်ရေးဆွဲသွားခြင်းဖြစ်သည် ။ တကောင်းအဘိရာဇာမင်းလက်ထက်မှစကာ ၊ အင်္ဂလိပ်ကိုလိုနီခေတ် ၊ ဂျပန်ခေတ် ၊ လွတ်လပ်ရေးရပြီးခေတ် ၊ ပါလီမန်ဒီမိုကရေစီခေတ် ၊ အိမ်စောင့်အစိုးရခေတ် ၊ တော်လှန်ရေးကောင်စီခေတ် ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် စသည့်မြန်မာ့သမိုင်းတလျောက် တခါမှမရှိခဲ့ဖူးသော စစ်တပ်လွှမ်းမိုးရေး အယူအဆများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို အတင်းအဓမ္မ အာဏာအသုံးပြုကာ အသက်သွင်းပြီးမှ စစ်သဘောအရ အောင်မြင်စွာဆုပ်ခွာသွားခြင်းဖြစ်သည် ။ထို့ကြောင့်မြန်မာနိုင်ငံတွင် အုပ်ချုပ်ပိုင်း၌ ကမ္ဘာ၏မည်သည့်နေရာမှမရှိသော စစ်တပိုင်းဒီမိုကရေစီစနစ် ( Hybrid Democracy)ဖြစ်နေပေသည် ။နိုင်ငံတော်အကြီးအကဲနှင့်နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်ဟု ပုဒ်မ ၁၆ ကဆိုသည်။ နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး၏အထွတ်အထိပ်နေရာတွင်ရှိသည် ဟုဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ ကဆိုသည် ။ ထိုပြဌာန်းချက်များနှင့်ဆန့်ကျင်စွာပင် ပုဒ်မ ၂၀(ဂ)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲဖြစ်သည် ဟုလည်းကောင်း ၊ ပုဒ်မ ၂၀(ခ)တွင်တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည် ဟုလည်းကောင်း ပြဌာန်းထားပေသည် ။ နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး၏အထွတ်အထိပ်နေရာတွင်ရှိသည်ဟု ပြဌာန်းထားပြီးမှ တပ်မတော်၏အထွတ်အထိတ်နေရာသည်လည်း နိုင်ငံတော်သမ္မတသာဖြစ်သင့်ပေသည် ။ ယခုဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရမူကား အထွတ်အထိပ်တော့ အထွတ်အထိပ်ပဲ ဒါပေမယ့် တို့အဖွဲ့ထဲမှာ လာမပါနဲ့ အခြားနေရာမှာ ခေါင်းဆောင်ချေ ဟု ပြောနေသလိုရှိသည် ။ ထို ပြဌာန်းချက် ပုဒ်မ နှစ်ခုသည် တခုစီဖတ်ကြည့်လျှင် မှန်သလိုလို ရှိသော်လည်း ပုဒ်မ ၂၀ (ဂ)နှင့် ပုဒ်မ ၅၈ ကိုယှဉ်ကြည့်လျှင် ဆန့်ကျင်ဘက်ဖြစ်နေသည်ကိုတွေ့ ရမည် ။ သမ္မတသည်နိုင်ငံသားအးလုံး၏အထွတ်အထိပ်ဖြစ်သည်ဆိုလျှင် တပ်မတော်၏ အထွတ်အထိပ်ပုဂ္ဂိုလ်လည်းဖြစ်ရမည် ။ ထိုအထွတ်အထိပ်ပုဂ္ဂိုလ်သည် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊နယ်စပ်ရေးရာဝန်ကြီး ဟူသော ၀န်ကြီးသုံးပါးကိုလည်းခန့်အပ်ပိုင်ခွင့်ရှိရမည် ။ ထိုနေရာများကို မိမိစိတ်ကြိုက်ခန့်အပ်ပိုင်ခွင့်မရှိပဲ နိုင်ငံသားအားလုံး၏အထွတ်အထိပ် နေရာတွင် ရှိနေသည်ဆိုတာ သည် ကလေးများဆော့ကစားသောအခါ အလွန်ငယ်သောကလေးများ ကိုနေရာမပေးချင်သဖြင့် တို့ကစားဝိုင်းထဲမှာ ပါတော့ပါချေ ဟုပြောကာ ထိုကလေးကို ရေနံဆီပုံးဟူ၍လည်းကောင်း ၊ ထမင်းအိုးထမ်းဟင်းအိုးထမ်းဟူ၍လည်းကောင်း ခေါ်သည့်ပုံစံမျိုးဖြစ်နေသည် ။ ကလေးကိုကစားပွဲတွင် ပါတော့ပါခိုင်းထားသည် ၊ သို့သော် ထိုကလေး၏ဆောင်ရွက်ချက်မှန်သမျှကို ထည့်မတွက်ပါချေ ။ ယခု မြန်မာနိုင်ငံတွင်လည်းထိုသို့ဖြစ်နေပါသည် ။ အုပ်ချုပ်ရေး၏အကြီးအကဲမှာ သမ္မတဖြစ်သည်ဟု ပြဌာန်းထားပါသည် ။ သို့သော် ထိုအကြီးအကဲသည် အခြားနေရာမှာသာအကြီးအကဲလုပ်ပါ ၊ စစ်တပ်နှင့်ပတ်သက်လာလျှင် အကြီးအကဲလည်းမဟုတ် ၊၀င်ပါ၍လည်းမရ ၊ စစ်တပ်ကသပ်သပ် သမ္မတကသပ်သပ်ဖြစ်နေပေသည် ။ လက်နက်ကိုင်အဖွဲ့များအားလုံးတွင် သမ္မတသည်အကြီးအကဲမဟုတ် ၊ ကာကွယ်ရေးဦးစီးချုပ်သည်အကြီးအကဲဖြစ်နေသည် ။ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုဆိုသည် ။ ဤနေရာတွင်စကားလုံးရွေးချယ်သုံးနှန်းရာတွင် ဦးသန်းရွှေသည် ရေပက်မ၀င်အောင် စကားလုံးများထည့်ထားတာကိုတွေ့ရမည် ။
(က)လွတ်လပ်စွာ Free and Independent
(ခ)စီမံ ( Plan )
(ဂ)ခန့်ခွဲ ( Manage)
(ဃ)စီရင် ( Decide )
(င)ဆောင်ရွက် ( Action )
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်သည် free ဖြစ်နေသည် ၊ အစီအမံ(Plan)များ၊ခန့်ခွဲမှု(Management)များ၊ဆုံးဖြတ်ချက် (Decision )များ၊ ဆောင်ရွက်မှု (Action )များတွင် အားလုံးသည် တပ်မတော်၏သဘောအတိုင်းသာဖြစ်သည် ။အခြားကဏ္ဍများတွင် စောင့်ကြည့်ထိမ်းညှိစနစ်ရှိသော်လည်း တပ်မတော်ကို Check and balance လုပ်မည့် ဒိုင်လူကြီးသည်မရှိသလိုဖြစ်နေသည် ။ ကာကွယ်ရေးဘတ်ဂျက်ကို တနှစ်တကြိမ် လွှတ်တော်တွင်တင်ပြတောင်းခံသည်မှတပါး တပ်မတော်၏ကိစ္စ အ၀၀ကို လွှတ်တော်တွင်တင်ပြစရာမလို ၊ နိုင်ငံတော်သမ္မတမှ ပါဝင်စရာမလို ၊အရပ်ဘက် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးမှစာရင်းစစ်စရာမလို ၊တရားစီရင်ရာတွင် လည်း အရပ်ဘက်တရားရုံးက စစ်ဆေးစီရင်စရာမလိုအောင် သီးခြားစီဖြစ်နေသော စနစ်ဖြစ်သည် ။ ထိုသို့ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် အရပ်ဘက်အစိုးရ နှင့် စစ်ဘက်အစိုးရဟူ၍တရားဝင်ခွဲခြားမထားသော်လည်း အစိုးရနှစ်ရပ် ပုံသဏ္ဍန်ဖြစ်ပေါ်နေပါသည် ။
တိုင်းနှင့်ပြည်နယ် ၁၄ ခု၏ ရဲတပ်ဖွဲ့ကို ထိုတိုင်းနှင့်ပြည်နယ်များရှိနယ်/လုံဝန်ကြီးများက ကိုင်တွယ်ပါသည် ။ နယ်လုံဝန်ကြီးများသည် တပ်မတော်သားများဖြစ်သည် ၊ ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးကအုပ်ချုပ်ပါသည် ။ ပြည်ထဲရေးဝန်ကြီးသည်လည်းတပ်မတော်မှဖြစ်ပါသည် ။ ထိုပြည်ထဲရေးဝန်ကြီးကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကရွေးချယ်အမည်စာရင်းတင်သွင်းပါသည် ။ထို့ကြောင့် ရဲတပ်ဖွဲ့သည်လည်း တပ်မတော်၏လက်အောက်ခံတပ်ဖွဲ့တခုဖြစ်သွားပါသည် ။ ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတကိုတာဝန်ခံရမည် ဟု ပုဒ်မ ၂၃၂(ဇ)တွင် ပါပါသည် ။ သို့သော် ပြည်ထဲရေး၊ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးများကို သမ္မတကအမည်စာရင်းတင်သွင်းခွင့်မရှိပါ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကမောက်ကမ ရှေ့နောက်မညီသော ပြဌာန်းချက်များစွာပါဝင်ပါသည် ။
ပြည်သူလူထုအတော်များများကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထဲထဲဝင်ဝင်သိကြသည်မဟုတ်ပါ ။ လက်တွေ့ မြင်ရတွေ့ရကြုံရသည့်ကိစ္စများနှင့်သာချင့်တွက်၍နားလည်နေရပါသည် ။ အရပ်ထဲတွင် နားလည်ထားကြသည်မှာကား မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့်ပတ်သက်၍သော်လည်းကောင်း၊ တရားစီရင်ရေးနှင့်ပတ်သက်၍သော်လည်းကောင်း စစ်ဘက်နှင့်အရပ်ဘက်ဟူ၍ အဖွဲ့နှစ်ဖွဲ့ရှိသည် ။ အရပ်သားများ ၊ရွေးကောက်တင်မြှောက်ထားသူများ၏ ဥပဒေပြုလုပ်ငန်းများတွင် တပ်မတော်သား၂၅ ရာခိုင်က ပါဝင်ဆောင်ရွက်ခွင့်ရသော်လည်း တပ်မတော်၏ လုပ်ငန်းဆောင်တာဟူသမျှတွင် အရပ်သား ၁ ရာခိုင်နှုန်းကပင် ၀င်ရောက်စွက်ဖက်ခွင့်မရှိ ။ သမ္မတကြီးပင်လျှင် ၀င်ရောက် စွက်ဖက်ခွင့် ၊စစ်ဆေးခွင့် ၊ ပြင်ဆင်ခွင့်မရှိ ။ ထို့ကြောင့် စီးပွားရေးလုပ်ရာတွင်လည်းကောင်း ကြေးနီ ၊ကျောက်မျက်စသော လုပ်ငန်းကြီးများတွင်လည်းကောင်း ၊မြေသိမ်းယာသိမ်းကိစ္စများတွင်လည်းကောင်း၊ လူမှုရေးကိစ္စများတွင်သော်လည်းကောင်း ကိုယ့်နေရာ ကိုယ်သိ၍ ကိုယ့်ဘာသာ လွတ်လွတ်ကင်းကင်းနေကြ ၊ ပြသနာတက်လာလျှင် သမ္မတကြီးမပြောနှင့် သိကြားမင်းပင်ဆင်းမကယ်နိုင် ဟူသော ဘ၀ပေးအသိများရနေကြပေသည် ။မြန်မာနိုင်ငံတွင် ဘာကိစ္စပဲလုပ်လုပ် ၊ အရပ်ဘက်ကသပ်သပ် ၊ တပ်ဘက်ကသပ်သပ် ဆိုပြီးပြည်သူလူထုက နှစ်မျိုး စဉ်းစားကြသည် ။ ဆေးရုံမှာလည်းနှစ်မျိုးရှိသည် ၊ သတင်းစာတွေမှာလည်းနှစ်မျိုးရှိသည် ၊ ရုပ်သံလွှင့်ဌာနမှာလည်းနှစ်မျိုးရှိသည် ၊ တယ်လီဖုန်းဆင်းမ်ကတ်တွေမှာလည်းနှစ်မျိုးရှိသည် ၊ဘဏ်တွေမှာလည်းနှစ်မျိုးရှိသည် ၊ တက္ကသိုလ်တွေ မှာလည်း နှစ်မျိုးရှိသည် ၊ မဲရုံတွေမှာလည်းနှစ်မျိုးရှိသည် ၊စီးပွားရေးကုမ္မဏီတွေမှာလည်းနှစ်မျိုးရှိသည် ၊ ဂေါက်ကွင်းမှာပင်နှစ်မျိုးရှိသည် ၊လွှတ်တော်ကိုယ်စားလှယ်တွေမှာလည်းနှစ်မျိုးရှိသည် ၊၀န်ကြီးတွေမှာနှစ်မျိုး၇ှိသည် ၊မြေယာပိုင်ဆိုင်မှုမှာလည်းနှစ်မျိုးရှိသည် ၊ ဒုတိယသမ္မတတွေမှာလည်းနှစ်မျိုးရှိသည် ။
ထိုသို့နှစ်မျိုးနှစ်မျိုးခွဲခြားနေကြခြင်း၊ ကွဲပြားနေကြခြင်းတို့သည် မြန်မာနိုင်ငံ၏ အဓိက အကြောင်းကိစ္စကြီးဖြစ်ပါသည် ။ ထိုကွဲပြားမှုနှစ်ရပ်သည် ဥပဒေနှင့်လုပ်ပိုင်ခွင့်အရာတွင် တသားတည်းဖြစ်သွားသော နေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး စတင်တိုးတက်သောနေ့ပင်ဖြစ်ပါကြောင်း ။
သရ၀ဏ်(ပြည်)
News Watch ဂျာနယ်
၁၅.၃.၂၀၁၉
Comments
Post a Comment