(သမိုင်းမှားကို အမှန်ထင်နေတဲ့

သမိုင်းမှားကို အမှန်ထင်နေတဲ့
ကျေးဇူးကန်းတွေ သိအောင်ဖတ်စေဖို့
****************************
ရခိုင်သမိုင်းအမှန် (၁)
°°°°°°°°°°°°°°°°°
၁၅-၁-၂၀၁၈၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှာ
ပြုလုပ်တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ
ကျဆုံးခြင်း ၂၂၃ နှစ်မြောက် အခမ်းအနားမှာ
ပြောကြားခဲ့တဲ့ ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်
(ခ) အောင်ကျော်ဝင်း တို့ စကားများဟာ
သမိုင်းအထောက်အထားများအရ မှားယွင်းနေပါတယ်။

(၁) - ရခိုင်သားများဟာ အစဉ်အဆက် ကိုယ့်ထီး၊
ကိုယ့်နန်း၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့နေလာကြပြီး
ဘိုးတော် ဗဒုံမင်း လက်ထက်ရောက်မှ အချုပ်အခြာအာ
ဏာ ကျဆုံးပြီး ကျွန်ဖြစ်ရတယ်ဆိုတဲ့ စကားဟာလည်း
အလုံးစုံမှန်တဲ့ စကား မဟုတ်ပါဘူး။

(၂) - ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးတာ ၂၂၃ နှစ်မြောက်ရှိပြီ ဆိုတဲ့စကားဟာလည်း သမိုင်း
အထောက်အထားများအရ မှန်ကန်ခြင်း မရှိပါဘူး။

(၃) - ဗမာများအနေဖြင့် ရခိုင်သားများကို ဗမာ့ကျွန်
အဖြစ်လောက်သာထားရှိပြီး တန်းတူအခွင့်အရေး
မပေးကြောင်း ဆိုတာလဲ မှားယွင်းပါတယ်။

ဘာကြောင့်မှားယွင်းတယ်ဆိုတာ သမိုင်းအထောက်
အထားများနဲ့ ဆက်လက်တင်ပြပါမယ် ။။။။။
_________________

အထက်ပါ အချက် (၁) နဲ့ (၂) ဟာ သမိုင်းကြောင်းနဲ့
ဆိုင်တာမို့ သမိုင်းကြောင်း အမှန်ကို တင်ပြပါမယ်။

ရခိုင်ရာဇဝင်များကို ကြည့်ရင် ...
ရခိုင်မင်းတွေကို သာကီဝင်မင်းဆက်များအဖြစ်
ဖေါ်ပြကြပြီး ရခ်ိုင်သား ပြည်သူလူထု အများစုရဲ့
သမိုင်းကြောင်း မပါဝင်ပါဘူး။
ဒါလည်း မထူးဆန်းပါ။
ရာဇဝင်ဆိုတာ ရာဇဝံသဖြစ်လို့ မင်းတွေ အကြောင်းပဲ
ရေးတဲ့ကျမ်းဖြစ်နေလို့ပါ။

ဒါဆို
ရခိုင်သားများရဲ့ သမိုင်း၊ ရခိုင်ပြည်သူလူထုအများစုရဲ့
သမိုင်းကို ဘာနဲ့ ပြောမလဲ ?

ကိုလိုနီခေတ်က တင်သွင်းခဲ့တဲ့
တရုတ်ပြည်က ဆင်းလာတယ်ဆိုတဲ့ migration theory ဟာလည်း ဘာအထောက်အထားမှ မရှိသလို၊
ရခိုင် ရာဇဝင်များနဲ့ ကိုက်ညီခြင်းမရှိ၊
ဘယ်ရခိုင်သားမှလဲ လက်မခံ၊
ခေတ်သစ် သီအိုရီများအရ မှန်ကန်ခြင်းလဲ မရှိတော့ပါဘူး။

ရခိုင်ရာဇဝင်ဆရာ သမိုင်းဆရာတွေ ဖုံးကွယ်ထားတဲ့
ကျမ်းများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ရခိုင်သားတွေ ဘယ်က လာတာလဲဆိုတာ
ဇဗ္ဗူကွန်ချာ ကျမ်းမှာ ပါဝင်ပါတယ်။

အဲဒီကျမ်းဟာ ရခိုင်ရာဇဝင်ဆရာ သမိုင်းဆရာတွေ
လုံးဝ ဖုံးကွယ်ထားတဲ့ကျမ်းပဲ ဖြစ်ပါတယ်။

ယင်းကျမ်းမှာ ဗုဒ္ဓမပွင့်မီခေတ် ဗြဟ္မာ ခေါ် ပျူတို့ရဲ့
ဟံသာနာဂရ ဟံလင်း၊ ရတနာပူရ  သုနာပရန္တ ပြည်ကြီး
ပျက်တဲ့အခါ သုံးစုကွဲပြီး ရခိုင်ဓညဝတီ ဖြစ်လာမယ့် တစ်စု၊ တနင်္သာရီ ဖြစ်လာမယ့် တစ်စု၊ ထားဝယ်သား ဖြစ်လာမယ့် တစ်စု စသဖြင့် ဟံလင်း၊ ရတနာပူရ၊ သုနာပရန္တမှ
ရွှေ့ပြောင်းသွားကြသူများ ဖြစ်ပါတယ်။

ဇဗ္ဗူကွန်ချာ ကျမ်းနှင့် စေတိယကထာ အရ
ဧရာဝတီမြစ်ဝှမ်းလွင်ပြင်တွင် ကျန်နေသူ ဗြဟ္မာတွေကို
ပျူလို့ ခေါ်ပြီး နောင်အခါ မြန်မာ ဗမာ လို့ ခေါ်ကြပြီး
ကမ်းရိုးတန်းတစ်လျှောက်ရံပြီး နေသူတွေကို
ကမ်းယံလို့ ခေါ်ကြပါတယ်။

အဲဒီ ကမ်းယံတွေကိုပဲ
နေထိုင်ရာ ဒေသအလိုက်
* ရခိုင်ဒေသမှာ နေသူကို ရခိုင်သား၊
* ထားဝယ်မှာနေသူကို ထားဝယ်သား၊
* တနင်္သာရီမှာ နေသူကို တနင်္သာရီးသား၊
* မြိတ်မှာနေသူကိ မြိတ်သား
စသဖြင့် ခေါ်ကြတာ ဖြစ်ပါတယ်။

ရခိုင်ဟာ ဗမာနဲ့ မတူတဲ့ သီးခြား လူမျိုး၊ သီးခြား နိုင်ငံဆိုတာ ခွဲထွက်လိုသူတွေရဲ့ လုပ်ဇတ်သာ ဖြစ်ပြီး ရခိုင်ဟာ
ဗမာ (မြန်မာ) လူမျိုးသာ ဖြစ်ပြီး ရခိုင်မြို့ပြနိုင်ငံ (city state) တွေဆိုတာလည်း ခေတ်အဆက်ဆက် ပြည်မရဲ့
လက်အောက်ခံ၊ ပြည်ထောင်စုအတွင်းက မြို့ပြများသာ
ဖြစ်ပြီး ဗမာ (မြန်မာ) နဲ့ မတူညီတဲ့ သီးခြား လွပ်လပ်တဲ့
နိုင်ငံ၊ သီးခြား လွတ်လပ်တဲ့ လူမျိုး တစ်မျိုး မဟုတ်ပါဘူး။

ပျူခေတ်နှင့်ရခိုင်ဒေသ
°°°°°°°°°°°°°°°°°°
ပျူခေတ်မှာ ရခိုင်ဒေသဟာ
သရေခေတ္တရာရဲ့ လက်အောက်ခံဖြစ်ပါတယ်။

အထောက်အထားကတော့ သရေခေတ္တရာ
ဘုရားထောင်တွေ့ အတိတျာမင်း ကျောက်အိုးစာ
ဖြစ်ပါတယ်။

ယင်း ကျောက်အိုးစာမှာ
သရေခေတ္တာ အင်ပါယာကြီးက ပိုင်ဆိုင်တဲ့
တိုင်းနိုင်ငံပေါင်း တစ်ရာကျော် ရေးထိုးထားပြီး
တစ်ရာ့တစ်ပါးသော မင်းတို့ရဲ့ဘုရင်၊
ရာဇာဓိရာဇာဆိုတာ အဲဒါကို ပြောတာပါ။

ယင်းကျောက်အိုးစာမှာ သရေခေတ္တရာရဲ့ ပိုင်နက်
ကမ်းယံတိုင်းလို့ ရေးထိုးထားပါတယ်။

ဒါကြောင့် ပျူခေတ်မှာ ရခိုင်ဒေသဟာ သရေခေတ္တရာရဲ့
လက်အောက်ခံဖြစ်ပါတယ်။

ဒါဟာ နှိမ်ပြီးပြောတာမဟုတ်သလို
ကမ်းယံဒေသဟာ ပျူရဲ့ ကျွန်လို့
ပြောတာလဲ မဟုတ်ပါဘူး။

သာဓကဆိုရရင် ...
ယနေ့ခေတ် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ တောင်ငူ၊
မကွေး စတာတို့ဟာ နေပြည်တော်အစိုးရရဲ့
လက်အောက်မှာပေမယ့် နေပြည်တော်ရဲ့
ကျွန်မဟုတ်ပါဘူး။
ပြည်ထောင်စု တစ်ခုရဲ့ အစိတ်အပိုင်းတွေလို့
ပြောနေတာ ဖြစ်ပါတယ်။

ပုဂံခေတ်နှင့် ရခိုင်ဒေသ
°°°°°°°°°°°°°°°°°°°°
ပုဂံခေတ်မှာလဲ ကမ်းယံတိုင်းခေါ် ရခိုင်ဒေသဟာ
ပုဂံအင်ပါယာ အတွင်းမှာ ပါဝင်ပါတယ်။

အနော်ရထာမင်းလက်ထက် နိုင်ငံအကျယ်အဝန်းကို
ပုဂံဝန်ထောက်မင်း ဦးတင်ရဲ့ မြန်မာမင်းများ
အုပ်ချုပ်ပုံစာတမ်းမှာ အနောက်သို့လားသော်
ပဋိက္ကရား ခေါ်သော ကုလားပြည် နယ်စပ်အထိလို့
ဖေါ်ပြထားပါတယ်။

အဲဒီ ပဋိက္ကရားပြည် ဆိုတာ ယနေ့ခေတ်
ဘင်္ဂလားဒေ့ရှ်ကိုတောင်ကျော်ပြီး
စစ်တကောင်းမြို့ မြောက်ဘက်၊ ယခုခေတ် comilla မြို့ အရှေ့ဘက်၊ ရှေးခေတ် Tipperah ဒေသကို ပြောတာပါ။

အထောက်အထား ခေတ်ပြိုင်ကျောက်စာတော့
ဓမ္မရာဇိက ကျောက်စာဖြစ်ပါတယ်။
ဒီကျောက်စာမှာ ပုဂံနိုင်ငံရဲ့ အကျယ်အဝန်းကို ဖေါ်ပြတဲ့
နေရာမှာ ရခိုင်အကြောင်းပဲ တင်ပြပါမယ်။

အဲဒီမှာ ပုဂံအင်ပါယာရဲ့ အကျယ် အနောက်ဘက်ကို
“အနောက်ကား သစ္စကရိ၊ ဝရာတောင်၊ … ။ ပတိက္ကရား၊ တိက္ကစရ” လို့
ဖေါ်ပြထားလို့ အထက်က အနော်ရထာပိုင်နက်ကို
သက်သေပြုတဲ့ ကျောက်စာပါ။

အဲဒီ ပတိက္ကရား၊ တိက္ကစရ ဆိုတာ ဂင်္ဂါမြစ်ဝမှာရှိပြီး
ရခိုင်ကို ကျော်လွန်ကာ ယနေ့ခေတ် ဘင်္ဂလားနယ်ထဲ
အထိ ပုဂံအင်ပါယာက ပိုင်ဆိုင်ကြောင်း ဖေါ်ပြထားတာပါ။

ဒီကျောက်စာဟာလည်း ရခိုင်သမိုင်းဆရာ အချို့၊
လုစ်ဂိုဏ်းသား ဗမာသမိုင်းဆရာများ ထိမ်ချန် ဖုံးကွယ်ခြင်း ခံရတဲ့ ကျောက်စာ တစ်ချပ်ပဲ ဖြစ်ပါတယ်။

ပုဂံအင်ပါယာကြီးဟာ မွန်ဂိုစစ်ကြောင့်ရယ်၊ ပုဂံမင်း
နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း သတ္တိမရှိမှုကြောင့်
ရယ်ကြောင့် ပြိုကွဲခဲ့ပြီး မြန်မာနိုင်ငံ အထက်အညာမှာ
မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း တို့ အားကောင်းပြီး အောက်ပိုင်းမှာတော့ ပထမဆုံး မွန်မင်းဖြစ်လာမယ့် မဂဒူးက မုတ္တကနေ မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံး မွန်မင်းဆက် ထူထောင်ဖို့ စတင်ကြိုးပမ်းလာပါတယ်။

ပုဂံခေတ် မက္ခရာ၊ မြင်စိုင်း၊ ပင်လယ်၊ ပင်းယ၊ စစ်ကိုင်း တို့ကို အကျဉ်းဆုံးချုံ့ပြီး အလွယ် ပင်းယခေတ် လို့ပဲ ပြောပါရစေ။

အဲဒီပင်းယခေတ်မှာ ပြည်ပကျူးကျော်စစ်တွေဖြစ်တဲ့ မွန်ဂို၊ ယူနန်မောရှမ်းတို့နဲ့ စစ်တွေ အကြီးအကျယ် ဖြစ်ခဲ့ပေမယ့်
နိုင်ငံ လွတ်လပ်ရေး မဆုံးရှူံးပါ။

ဒီတော့ ပုဂံခေတ်အပြီးကို ပင်းယခေတ်လို့ အလွယ်ချုံ့ပြော
ရရင် ပင်းယကိုတည်တဲ့ အေဒီ ၁၃၁၃ ကနေ
စစ်ကိုင်းမင်းပြောက် နန်းကျတဲ့ အေဒီ ၁၃၆၄ အထိ
ပင်းယခေတ်ခေတ်ဟာ နှစ်ပေါင်း ၅၁ နှစ်သာ ရှိပါတယ်။

ကျောရိုးကိုသာ အကျဉ်းဆုံး ချုံ့ပြောရတာမို့ အသေးစိတ်
အချက်အလက်တွေ ချန်ခဲ့ပါတယ်။

ပုဂံ၊ ပင်းယ ခေတ်ပြီးနောက် အင်းဝအင်ပါယာ ခေတ်ပါ။
အေဒီ ၁၃၆၄ မှာပဲ သတိုးမင်းဖျားနန်းတက်ပြီး
အေဒီ ၁၃၆၅မှာ အင်းဝကိုတည်ကာ အင်ပါယာ
ပြန်ထူထောင်ပါတယ်။

သတိုးမင်းဖျားရဲ့ အင်းဝကို ဘာလို့ အင်ပါယာလို့ ပြောလဲဆိုတော့ စစ်ကိုင်း သက်တော်ရှည်ဘုရား မူလထိုး
ကျောက်စာအရပါ။

ယင်းကျောက်စာမှာ
“ ပြည်ရှင်သတိုး၊ ကြံလတ်ကြိုး၍၊ …. ၊ …..၊ ….. ၊
သောင်းအသျင်ဟု၊ ရန်ပင်ခြိုင်၍၊ စိုးထမုတ္တမ၊ ဒဝယ်ရခိုင်၊ တန်လိုင်နှစ်တိုင်းတုတ်ခွန်၊ သျှမ်းကျွန်စိုးခုတ်၊ ပုဆက်တုပ်
၍၊ မယုတ်ကြိုးနှမ်၊ ဦးထက်ခံ၏”

အဓိပ္ပါယ်ကို အကျဉ်းပြန်ဆိုရရင်
အင်းဝဧကရာဇ်မင်းကြီး သတိုးမင်းဖျားဟာ ရန်အပေါင်းကို နှိမ်နင်းပြီး မုတ္တမ၊ ဒဝယ်၊ ရခိုင်၊ တန်လိုင်း၊ သျှမ်း စသူရဲ့
ပုဆစ်တုပ် ရိုကြိုး၊ ဦးနှိမ်ပြီး ဆက်သတဲ့ အခွန်တွေကို
နှစ်တိုင်း ခံယူတော်မူပါသည်။ တဲ့။

လိုရင်းကတော့ ယင်းကျောက်စာအရ
အင်းဝ သတိုးမင်းဖျားခေတ်မှာလဲ ရခိုင်ဟာ
အင်းဝနိုင်ငံတော်ရဲ့ ပိုင်နက်ထဲမှာပါ။

ဒီကျောက်စာဟာလည်း သူတို့ သိသိကြီးနဲ့ ဖုံးကွယ်ထားတာခံရတဲ့ ကျောက်စာ တစ်ချပ်ဖြစ်ပါတယ်။

ရခိုင်ဒေသဟာ အင်းဝဧကရာဇ်နိုင်ငံတော်ကြီးခေတ်မှာ
အင်းဝနိုင်ငံအတွင်း အပါအဝင်ဖြစ်ကြောင်း နောက်ထပ်
အထောက်အထားကျောက်စာကတော့ သတိုးမင်းဖျား
နောက် နန်းတက်တဲ့ မင်းကြီးစွာစော်ကဲ လက်ထက်၊ မိဖုရား စောဥမ္မာရဲ့ ကျောက်စာပဲ ဖြစ်ပါတယ်။

ယင်းကျောက်စာ ကြောင်းရေ ၆၊ ၇၊ ၈ မှာ ...
“လက်ရုံးအားဖြင့် နှစ်ဖန် မမြုန်အံ့သော၊ အောင်ခြင်းကို
အောင်လိုက်၍၊ မြံမာပြည်စသော သျှမ်းပြည်ကုန်အောင်၊ ဓနုပေါင်လောင် ကန်တူအမြီအယောက် စသော
အရိုင်းပြည်ကုန်အောင်၊ ရခိုင်စသော ကုလားပြည်ကုန်
အောင်၊ ပဲကူးစသော တန်လိုင်ပြည်ကုန်အောင် အစိုးရ
သည်ဖြစ်၍၊ ပြည်သူတကာ လူအများ အလုံးသောကို၊
သားကဲ့သို့၊ အုပ် (ချုပ်) လျက်။”
စသဖြင့်ရေးထိုးထားတာကြောင့် ရခိုင်ဒေသဟာ
အင်းဝနိုင်ငံတော်အတွင်းဆိုတာ ပိုခိုင်မာပါတယ်။

ပထမမြောက်ဦး
°°°°°°°°°°°°
ရခိုင်ဘက်ကို ပြန်ကြည့်ရင်
ရခိုင်မင်း မင်းစောမွန် (အေဒီ ၁၄၃၀-၁၄၃၃) ဟာ
လောင်းကြက်မြို့ပျက်ပြီးနောက် အေဒီ ၁၄၃၀ မှာပဲ
ပထမဆုံး မြောက်ဦးမြို့ကို တည်ထောင်တယ်။

အနာရောဂါသည်းတာကြောင့် သုံးနှစ်သာ နန်းစံပြီး
အေဒီ ၁၄၃၃ မှာ ညီတော် မင်းခရီ (ခ) နရနုမင်း
(အေဒီ ၁၄၃၃-၁၄၅၈) နန်းတက်တယ်။

ယင်း မင်းခရီ(ခ) နရနု မင်းဟာ ရခိုင်မင်းတွေထဲမှာ
ပထမဆုံး မွတ်စလင် ဘွဲ့အမည် ခံတဲ့မင်း ဖြစ်ပြီး
သူ့ မွတ်စလင်ဘွဲဟာ အလီခင် ဖြစ်တယ်။

မင်းခရီ နဲ့ ခေတ်ပြိုင် အင်းဝမင်းကတော့
ရွှေနန်းကြော့ရှင် နရပတိ (အေဒီ ၁၄၄၂- ၁၄၆၈)
ဖြစ်တယ်။

ရွှေနန်းကြော့ရှင်နရပတိ နန်းတက်တဲ့အခါ
လက်အောက်ခံ မင်းငယ်တွေ လာရောက်ကန်တော့
သစ္စာခံကြတာကို မြန်မာသက္ကရာဇ် ၈၀၄ (အေဒီ ၁၄၄၂) ထိုး၊ စစ်ကိုင်းထူပါရုံဘုရား ကျောက်စာမှာ ရေးထိုးထားပြီး
ရခိုင်မင်း နရနုလည်း လာရောက် သစ္စာခံကန်တော့ကြောင်း ယင်းကျောက်စာ ကြောင်းရေ ၂၀မှ ၂၃ အထိ ရေးထိုးထားပါတယ်။

ဒါကို ခေတ်အက္ခရာ အသံထွက် အဓိပ္ပါယ်အတိုင်း
ဖေါ်ပြရရင် ...
“မစ္ဇျိမဒေသအရပ်နှိုက် ရှေ့ကပုဂံမင်းကြီးတို့ စစ်ထိုးလေစေသည့် သက်မြုန်ချင်းကို အစိုးရသော ကစ္စပတိ အဿပတိ
မည်သော ပန်သေးမင်းတို့၏ အမျိုးအနွယ်ဖြစ်သော
ရခိုင်မင်းသည် ဖိုးခေါင်ဆယ်ထပ်ကိုကျူး၍ (ကျော်၍)
အဖိုးအတိုင်းမသိသော မြရှင်လက်ကောက်ကို ဦးထက်တင်
၍ ဆက်(သ)ပြီးသော် ကိုကစသည် များသာ ရွာပြည် ထီးဖြူ မြောက်စည် အလုံးစုံကို ဆောင်နှင်းလာသောကြောင့်
ရွှေဖုန်းတော်စက်၏ အရိပ်နှိုက် ခိုစေ၍ နိုင်ငံအတိုင်း
အုပ်ကွပ်စေ၏”

ရှေးမြန်မာမင်းများ အုပ်ချုပ်ပုံက
ဧကရာဇ်မင်းနေပြည်ကြီးမှာ မင်းတစ်ပါး အသစ်တက်ရင်
လက်အောက်ခံ နယ်စား မြို့စား မင်းတွေဟာ သူတို့ကို
ပေးထားတဲ့ အဆောင်အယောင်တွေနဲ့ လက်ဆောင်ပဏ္ဍာ
တွေယူလာပြီး သစ္စာပြု ကန်တော့ရပါတယ်။

အဲဒီလိုလာပြီး သစ္စာပြုတော့မှ မင်းဧကရာဇ်က
စားမြဲတ်ိုင်း စည်းစိမ်အတိုင်း ဆက်လက်ခံစား စေပါတယ်။

မြောက်စည် ဆိုတာ ဧကရာဇ်မင်းဖြစ်စေ၊ လက်အောက်ခံ
မင်းငယ်တွေဖြစ်စေ နေ့စဉ် ညီလာခံတက် ဝင်တော့မယ်
ဆိုရင် ဝင်စည် တီးပေးရပါတယ်။
ညီလာခံပြီးလို့ ပြန်ထွက်တော့မယ်ဆိုရင် ထွက်စည် တီးပေးရပါတယ်။

အဲဒီနေရာမှာ ဧကရာဇ်မင်းကြီး စည်တော်အများဆုံး
ဖြစ်တယ်။

လက်အောက်ခံ နယ်စားမင်း၊ မြို့စားမင်းတွေကတော့
သူ့အဆင့်အလိုက် စည်တစ်လုံးရသူ၊ စည်နှစ်လုံး ရသူ
စသဖြင့် ဧကရာဇ်နန်းတော်က သတ်မှတ်ထားတဲ့အတိုင်း
စည်အရေအတွက် ထားရ တီးရပါတယ်။

ရခိုင်မင်းဟာ
ယခင် အင်းဝမင်းများလက်ထက် သူ့ကိုခွင့်ပြုထားတဲ့
မြောက်စည်ကိုပါ အင်းဝမှာ ဧကရာဇ်မင်း အသစ်
နန်းတက်တဲ့အခါ ပြန်အပ်ရတာ ဖြစ်ပါတယ်။

ဧကရာဇ်အသစ်က ဆက်လက်ခွင့်ပြုမှ သူဟာ ရခိုင်နယ်မှာ
မင်းဆက်ဖြစ်ခွင့်ရပြီး မြောက်စည် ခေါ် စည်ကို ဆက်
အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။
အဲဒီလို ခွင့်ပြုချက်ရဖို့ ပဏ္ဏာဆက်ပြီး သစ္စာရေ ကျမ်းကျိန် လာသောက်ရတာ ဖြစ်ပါတယ်။

အခြားအခြားသော လက်အောက်ခံမင်းတွေလည်း
ဒီလိုပါပဲ။

အင်းဝမင်း ရွှေနန်းကြော့ရှင် နရပတိဟာ ပထမမြောက်ဦး တည်စ ဒုတိယမင်းကို ဆက်လက်ပြီး စားမြဲစည်းစိမ်အတ်ိုင်း ခွင့်ပြုခဲ့ပါတယ်။

ဒီကျောက်စာကို ရခိုင်ဆရာ (ဦး) ခိုင်မြဝါနဲ့
ဒေါက်တာအေးချမ်း တို့လည်း လက်ခံရေးသား
ထားကြပါတယ်။

ဒီနေရာမှာ ကျောက်စာပါ ပန်သေးမင်းတို့၏
အမျိုးအနွယ်ဖြစ်သော ရခိုင်မင်းသည် ဆိုတဲ့ ဝေါဟာရရယ်၊ ရခိုင်မင်း မင်းခရီခေါ် နရနု ဟာ ကုလားအမည် အလီခင် ဘာကြောင့်ယူတာရယ် ဆိုတာကို ရှင်းလင်းဖို့ လိုပါတယ်။

ဓညဝတီအရေးတော်ပုံနှင့် ရခိုင်ရာဇဝင်သစ်တို့အရ
မင်းခရီရဲ့ အစ်ကို မင်းစောမွန်ဟာ သူထီးနန်း ပြန်ရဖို့ ကုလားပဆာမင်း (စူလတန်မင်း) ထံ စစ်ရေး အကူအညီ
တောင်းခဲ့တဲ့အခါ ကုလားပဆာမင်းထံ ကုလားအမည်ခံပြီး ဒင်္ဂါးသွန်းဖို့ ကတိခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မင်းစောမွန် လွန်တဲ့အခါ
သူ့ညီ မင်းခရီက အစ်ကို ကတိခံခဲ့တာ မချိုးဖောက်ချင်လို့ အလီခင် ဘွဲ့ကိုပါ ခံယူခဲ့တယ်လို့ ဆိုပေမယ့် အဓိက
ကတော့ ဘင်္ဂလား ၁၂နယ်ကို အုပ်ချုပ်ရလွယ်ကူအောင်လို့ ကုလားအမည်ပါ ယူခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီနေရာမှာ အင်းဝရွှေနန်းကြော့ရှင် နရပတိရဲ့ ကျောက်စာပါ ပန်းသေးမင်းတို့ အနွယ်ဆိုတာလည်း မင်းခရီဟာ ကုလားလို့ ဆိုလိုတာ မဟုတ်ပဲ ကုလားနယ်တွေကိုပါ အုပ်ချုပ်ရတဲ့မင်း လို့သာ အဓိပ္ပါယ်ရှိပါတယ်။

မင်းခရီဟာ နိုင်ငံရေးအရ ကုလားအမည် ယူခဲ့သော်လည်း မွတ်ဆလင်ဘာသာဝင် မဟုတ်ပဲ စေတီ၊ ပုထိုး၊ သိမ်၊
ကျောင်း၊ ဇရပ် များစွာ ဆောက်လုပ်ခြင်း၊ အဟောင်းများကို ပြုပြင်ခြင်း အပြင် ဗုဒ္ဓသာသနာကို အားပေးတဲ့ ဗုဒ္ဓဘာသာ မင်းတစ်ပါးသာ ဖြစ်ပါတယ်။
(ဓညဝတီအရေးတော်ပုံ၊ ခိုင်မြဝါ)

ဒါကြောင့် ရခိုင်မင်းအချို့ဟာ သူတို့ခေတ်ရဲ့ နိုင်ငံရေးအရ
ကုလားဘွဲ့ခံယူကြပေမယ့် မွတ်ဆလင်မဟုတ်ပဲ ဗုဒ္ဓဘာသာ မင်းများသာ ဖြစ်ကြဆိုတာ သူတို့ကောင်းမှု စေတီ ပုထိုး များစွာက သက်သေခံနေကြပါတယ်။

အင်းဝခေတ် ပြီးတဲ့နောက်
တပင်ရွှေထီး၊ ဆင်ဖြူများရှင် ဘုရင့်နောင် တို့လက်ထက်မှာလဲ ရခိုင်ဟာ တောင်ငူ၊ ဘုရင့်နောင်ရဲ့ ဟံသာဝတီနိုင်ငံ
တော် အတွင်းမှာ ပါဝင်ကြောင်း ဒေါက်တာကျော်ဝင်းက သူ့ရဲ့ တောင်ငူခေတ် အုပ်ချုပ်ရေး စာတမ်း
(ဒေါက်တာကျော်ဝင်း တည်းဖြတ်၊ တွင်းသစ်ရာဇဝင်သစ်၊ တည်းဖြတ်သူ နိဒါန်း၊ တည်းဖြတ်ပုံမှာ) ဖေါ်ပြထားပါတယ်။

ဒေါက်တာကျော်ဝင်းက မင်းတရားရွှေထီးနှင့် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် တို့လက်ထက် မြန်မာနိုင်ငံ
အကျယ်အဝန်းကို အေဒီ ၁၅၉၃ ခုထိုး ကျောက်စာ
အထောက်အထားနဲ့ ဖေါ်ပြထားပါတယ်။

ယင်းကျောက်စာမှာ ...
ရခိုင်၊ ဘင်္ဂလားနယ် စစ်တကောင်းတို့သာမက
တမလိတ္တတိုင်း အထိ မင်းတရားရွှေထီးနဲ့ ဘုရင့်နောင်တို့
ပိုင်ဆိုင်ခဲ့ကြောင်း၊
တမလိတ္တဆိုတာ စစ်တစ်ကောင်းကို ကျော်လွန်ပြီး
ဂင်္ဂါမြစ်ဝပေါ် တည်ရှိတဲ့ ဆိပ်ကမ်းမြို့ဖြစ်ကြောင်း
ဖေါ်ပြထားပါတယ်။

ဒါကြောင့် မင်းတရားရွှေထီးနဲ့ ဘုရင့်နောင်တို့ခေတ်မှာလဲ
ရခိုင်ဒေသဟာ သီးခြား မင်းနိုင်ငံမဟုတ်ပဲ မြန်မာဧကရာဇ် နိုင်ငံတော်အတွင်း အပါအဝင်သာ ဖြစ်ပါတယ်။

ဘုရင့်နောင်လွန်ပြီးနောက် ဘုရင့်နောင်ရဲ့ အခြားသား
တော်တစ်ပါး ဖြစ်တဲ့ ညောင်းရမ်းမင်းတရားကြီးက
တစ်နိုင်ငံလုံးကို ပြန်စုစည်းပြီး အင်းဝကနေ မြန်မာအင်ပါယာကို ပြန်ထူထောင်ပါတယ်။

ယင်း ဒုတိယ အင်းဝခေတ် (ဝါ) ညောင်ရမ်းခေတ်မှာလဲ
ရခိုင်ဒေသဟာ ညောင်ရမ်းဆက် အင်းဝ ဧကရာဇ်နိုင်ငံ
အတွင်း ပါဝင်ပါတယ်။

ဒေါက်တာသန်းထွန်း တည်းဖြတ်တဲ့
စမ္ဗူ့ဒီပ ဥဆောင်ကျမ်း စာမျက်နှာ ၅၅၊ ၅၆ ညောင်ရမ်းမင်းတရားကြီး စစ်တမ်းမှာ ယခင်မင်းများအတိုင်း အစုအငန်း
စစ်တမ်းဖြည့်တင်းရာမှာ ရက္ခိတမြို့များ ဆိုတာ ပါဝင်လို့
ညောင်ရမ်းခေတ်မှာလဲ ညောင်ရမ်းမင်းရဲ့ ပိုင်နက်အတွင်း
ပါဝင်နေပါတယ်။

မြန်မာမင်းများ အစဉ်အဆက် ပိုင်နက်ကိုဖေါ်ပြတဲ့
ယင်း ဇမ္ဗူ့ဒီပဥဆောင်းကျမ်း စာမျက်နှာ ၁၀၄ မှာ
ဓညဝတီနယ် ဆိုတာ ပါဝင်ပြီး အနောက်ကိုလားသော် ကုလားအက္ကပတ်မြေနှင့် ကျောခိုင်းလို့ ပါရှိတယ်။

ညောင်ရမ်းခေတ်ပြီးနောက် အလောင်းမင်းတရားကြီး
ဦးအောင်ဇေယျရဲ့ ကုန်းဘောင်ခေတ်မှာလဲ ဘိုးတော်
ဗဒုံမင်း ရခိုင်ကို စစ်တပ်လွှတ်ပြီး မသိမ်းမီကတည်းက
ရခိုင်ဒေသဟာ ကုန်းဘောင်အင်ပါယာအတွင်း
အပါအဝင်ဖြစ်ပါတယ်။

အထောက်အထားကျောက်စာကတော့
အလောင်းမင်းတရားကြီးရဲ့ ဒုတိယသားတော် ဆင်ဖြူရှင်
ရေးထိုးတဲ့ ပုဂံရွှေစည်းခုံ ကျောက်စာပဲ ဖြစ်တယ်။

ယင်းကျောက်စာ ကြောင်းရေ ၅၆၊ ၅၇ မှာ
အလောင်းမင်းတရားကြီးရဲ့ ကုန်းဘောင်ဧကရာဇ် အင်ပါယာကို ဖေါ်ပြရာမှာ ရခိုင်ကို ကျော်လွန်လို့ တာမလိတ္တိတ်ိုင်းလို့ ဖေါ်ပြတာကြောင့် ရခိုင်ဟာ ကုန်းဘောင်အင်ပါယာအတွင်း ပါဝင်ပြီး ဖြစ်ပါတယ်။

အထက်ပါ မူလထိုး ခေတ်ပြိုင် ကျောက်စာအထောက်
အထားများအရ ...
ရခိုင်ဟာ ပျူခေတ်မှသည် ကုန်းဘောင်ခေတ်အထိ
ခေတ်အဆက်ဆက် မြန်မာနိုင်ငံအတွင်းမှာ ပါရှိပြီး
ရခိုင်သားများဟာ မြန်မာလူမျိုးသာဖြစ်ပြီး မြန်မာနဲ့မတူတဲ့ သီးခြားလူမျိုး မဟုတ်သလို သီးခြားနိုင်ငံ တစ်ခုမဟုတ်
ကြောင်း ထင်ရှားပါတယ်။
ရခိုင်ဒေသဟာ အစဉ်အဆက် မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု သာဖြစ်ပါတယ်။

ဒါကြောင့် ရခိုင်သားများဟာ
အစဉ်အဆက် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်နန်း၊
ကိုယ့်ကြငှန်းနဲ့နေလာကြပြီး ဘိုးတော် ဗဒုံမင်း
လက်ထက်ရောက်မှ အချုပ်အခြာအာဏာ ကျဆုံးပြီး
ကျွန်ဖြစ်ရတယ်ဆိုတဲ့ စကားဟာ မမှန်သလို၊
ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးတာ
၂၂၃ နှစ်မြောက် ရှိပြီး ဆိုတဲ့စကားဟာလည်း
သမိုင်း အထောက်အထားများအရ မှန်ကန်ခြင်းမရှိပါဘူး။

ဒါဆို ဘိုးတော်ဗဒုံမင်းဟာ
ရခိုင်ဒေသကို ဘာကြောင့် စစ်တပ်လွှတ်ပြီး သိမ်းပိုက်
ထိမ်းသိမ်းရသလဲ ဆိုတာကို ရခိုင်ဆရာများ၊ ရခိုင်ရာဇဝင်မ
များက ရေးသားတဲ့အတိုင်း ဆက်လက်ဖေါ်ပြပါမယ်။

ဖေ့ဘုတ်မှာ ရေးရတာဖြစ်လို့
အလွန်ချုံ့ရေးတာတောင် စာရှည်လှပါပြီ။

ဒါကြောင့် ကျမ်းကိုးများ၊ ကျောက်စာအညွှန်းများ၊
ကျောက်စာများကို အလွယ်တကူ ကြည့်ရှုလို့ရစေရန်
ဓာတ်ပုံများနှင့် ဖေါ်ပြထားပါတယ်။
ဓာတ်ပုံများကို ဖွင့်ကြည့်ကြပါ။

ဘိုးတော်ဗဒုံမင်း ရခိုင်ဒေသကို ဘာလို့တိုက်ရသလဲဆိုတဲ့ သမိုင်းအမှန်ကို ဆက်လက်တင်ပြပါဦးမယ်။
ဆက်ရန်

#ဈာန်သစ်အောင်
________________

ရခိုင်သမိုင်းအမှန် (၂)
°°°°°°°°°°°°°°°°°°
ဘိုးတော်ဘုရားကြီး ဗဒုံမင်း (အေဒီ ၁၇၈၂ - ၁၈၁၉)
ရခိုင်ဒေသကို ဘာလို့တိုက်ရသလဲ ????

ဘိုးတော်ဘုရားကြီး ဗဒုံမင်းဟာ
သားတော် အိမ်ရှေ့ ဥပရာဇာကို ဦးဆောင်စေပြီး
ရခိုင်ဒေသသို့ ဘာကြောင့် တပ်တော်လွှတ်သလဲဆိုတာ
ရှင်းလင်း မြင်သာစွာသိဖို့ အဲဒီကာလ ရခိုင်ဒေသရဲ့
နိုင်ငံရေး အခြေအနေကို သိဖို့ လိုအပ်ပါတယ်။

ဘိုးတော်ဗဒုံမင်း နန်းမတက်မီ သူ့ရဲ့ အစ်ကိုဖြစ်တဲ့ မြေဒူးမင်း ခေါ် ဆင်ဖြူရှင်မင်းတရားကြီး (အေဒီ ၁၇၆၃ - ၁၇၇၆)
နတ်ရွာစံဖို့ တစ်နှစ်အလို အေဒီ ၁၇၇၅ က စပြီး ရခိုင်ဒေသရဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရအောင်။

ယင်း အေဒီ ၁၇၇၅ ဆိုတာ ဘိုးတော် ဗဒုံမင်း နန်းမတက်မီ ၇ နှစ်အလို ယင်းကာလ ကတည်းက ရခိုင်ဒေသဟာ
နိုင်ငံရေး အုပ်ချုပ်ရေး တည်ငြိမ်မှု မရှိတော့ဘဲ
သူတစ်လူ ငါတစ်မင်းဖြစ်ကာ ဒေသတွင်း နန်းလုစစ်ပွဲများ
ဖြစ်ပွားပြီး ရခိုင်သား ပြည်သူအများစု ဒုက္ခကြီးကျချိန်
ဖြစ်တယ်။

အေဒီ ၁၇၇၅ ဖေဖေါ်ဝါရီမှာ အေဒီ ၁၇၇၃ ကတည်းက
ပုန်ကန်တဲ့ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းတို့ မြောက်ဦး
နန်းတော်က တိုက်တာ မနိုင်ဘူး။

မာန်အောင်သား ရမ်းဗြဲသား တို့သာ နိုင်တယ်။
(ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက် နှာ ၁၃၁)

အေဒီ ၁၇၇၅ မေလ ၅ စံရွှေပေါ် ဆိုတဲ့ ရခိုင်သားကပဲ
မြောက်ဦး ရွှေနန်းတော်ကြီးကို မီးနဲ့တိုက်နိုင်တဲ့အထိ
သောင်းကျန်းတယ်။

ရခိုင်သားချင်း ပုန်ကန် မီးရှို့လို့ ပြာကျသွားတဲ့ မြောက်ဦး
နန်းတော်ကို အေဒီ ၁၇၇၅ မေ ၈ ရက်နေ့မှာ
ပြန်ဆောက်ရတယ်။

ပုန်ကန် မီးရှို့သူတွေကို ဖမ်းမိပြီး သတ်တယ်။
(ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက် နှာ ၁၃၁၊ ၁၃၂)

အေဒီ ၁၇၇၅ စက်တင်ဘာလမှ
စစ်တွေကျွန်းက ကုလားတွေ ပုန်ကန်ပြီး မြောက်ဦး
နန်းတော်အထိ ဝင်တိုက်တယ်။
အခြေအနေက ဘယ်လောက်တောင် ဆိုးတုန်းဆိုတော့
မြောက်ဦးနန်းတော်မှာ သက်တော်စောင့် သူရဲသူခက်
တောင်မရှိလို့ ဘုရင်က ကိုယ်လုပ်မောင်းမတွေကို
ခုခံတိုက်ခိုက်ခိုင်းရတယ်။

ဆရာတော် ဝိနည်းဓိုရ်က ဗဟုစရ ရဟန်းတွေကို လွှတ်ပြီး ကုလားတွေကို တိုက်ခိုင်းရတဲ့ အဖြစ်အထိ အခြေအနေ
ဆိုးရွားတယ်။

ရဟန်းတွေ တိုက်လို့ နိုင်လို့ ကုလားတွေ စစ်တကောင်း
ဘက်ကို ထွက်ပြေးတယ်။
(ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်းမိတ်ဆက်၊ နှာ ၁၃၂)

ကြည့်ပါ။
အေဒီ ၁၇၇၅ တစ်နှစ်ထဲမှာကို ဒေသတွင်း ပုန်ကန်
ဆူပူမှုတွေ များလွန်းလို့ နန်းတော်မီးလောင်တဲ့အထိ၊
ဘုန်းကြီးတွေပါ စစ်ဝင်တိုက်ရတဲ့အထိ ရခိုင်နိုင်ငံရေးဟာ
ရှုပ်ထွေး ဆူပူခဲ့တယ်။

ပြည်မ ဗဟိုနန်းတော်က နိုင်ငံရေး အခြေအနေကို ကြည့်ရင် အေဒီ ၁၇၇၆မှာ ယိုးဒယားနိုင်၊ တရုတ် (မန်ချူး)နိုင် ဆင်ဖြူရှင်မင်းတရားကြီး နတ်ရွာစံပြီး သူ့သားတော် စဉ့်ကူးမင်း
(အေဒီ ၁၇၇၆ - ၁၇၈၂) နန်းတက်ပြီး အေဒီ ၁၇၈၂ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ ဖောင်းကားစား မောင်မောင် နန်းလုပေ
မယ့် ၇ရက်သာ နန်းစံရတယ်။

အဲဒီနောက် အေဒီ ၁၇၈၂ ဖေဖေါ်ဝါရီမှာ၁၁ မှာ
ဖောင်းကားစား မောင်မောင်၊
ဖေဖေါ်ဝါရီ ၁၄မှာ စဉ့်ကူးမင်းကို ထုံးစံအတိုင်း စီရင်ပြီး ဘိုးတော် ဗဒုံမင်း နန်းတက်လာတာ ဖြစ်တယ်။

ရခိုင်ဒေသမှာလဲ ဆင်ဖြူရှင် နတ်ရွာစံတဲ့
အေဒီ ၁၇၇၆ ကနေ ဘိုးတော် နန်းတက်တဲ့ အေဒီ ၁၇၈၂ အထိ နိုင်ငံရေး အခြေအနေဟာ ပိုမိုကောင်းမွန်မလာဘဲ
ပိုမို ရှုပ်ထွေး ဆူပူသောင်းကျန်းမှုများသာ ပြည့်နှက်နေ
တယ်။
(အကျယ်ကို ဓညဝတီအရေးတော်ပုံ၊ ရခိုင်ရာဇဝင်သစ်၊
ဒေါက်တာအေးချမ်း ရခိုင်သမိုင်းမိတ်ဆက် တို့တွင် ရှု)

ပြည်မ ဗဟိုနန်းတော်မှာ ဆင်ဖြူရှင်နတ်ရွာစံတဲ့
အေဒီ ၁၇၇၆ နောက် သားတော် စဉ့်ကူးမင်းလက်ထက်
အေဒီ ၁၇၇၇ မှာ ရခိုင်ဒေသ နိုင်ငံရေး အခြေအနေဟာ
အဆိုးဆုံး ဖြစ်ခဲ့တယ်။

ယင်း ခရစ်နှစ် အေဒီ ၁၇၇၇ မှာ နန်းကျတဲ့ စန္ဒသုမန
ခေါ် စန္ဒသုမနရာဇာ အကြောင်းကို ဓညဝတီ အရေးတော်ပုံမှာ ဖေါ်ပြထားတာကို ကြည့်ပါ။

စန္ဒသုမနမင်းဟာ ရခိုင်မင်းရိုးမဟုတ်ပဲ သူ့ရှေ့က
အဘယမဟာရာဇာကို ပုန်ကန်နန်းလုပြီး တက်လာတဲ့
သက်လူမျိုး ဓားပိုင်ကြီး ငသောက်ကြယ် ဖြစ်တယ်။

ထို သုနမမင်းသည် မင်းကြမ်း၊ မင်းယုတ်၊ အကျင့်မကောင်း
၊ အမျိုးမစောင့်၊ ပညာရှိကို မသုံး၊ ရှေးပညာရှိ  မှူးကောင်း
မတ်ကောင်းတို့ကို နှိပ်စက်ညှင်းပန်း၊ သတ်ဖြတ်
တာကြောင့် ထွက်ပြေးကြရတယ်။

ရှေးမင်းတို့ ဖွဲ့ခဲ့တဲ့ သူရဲအစို့အငန်း ကိုယ်ရံတော်တို့ကိုလည်း အစို့ဖျက်ပြီး အသည်သား ဖြစ်စေတယ်။

အဲဒီလို တရားလွန်ပြုလုပ်တာကြောင့် အေဒီ ၁၇၇၇ မှာ
အမတ်ပိုးရွှေက ပုန်ကန်ပြီး စန္ဒဝိမလမင်း ဘွဲ့အမည်ခံကာ
နန်းတက်လာတာ ဖြစ်တယ်။
(ဓညဝတီအရေးတော်ပုံ၊ နှာ ၉၃၊ ၉၅၊ ရာပြည့်ထုတ်)

ယင်းမင်းဟာ ပုန်ကန်မှုတွေကို စစ်တိုက်ရင် ပြည်သူအများ သေကြေကြမှာ စိုးတာကြောင့် နန်းတက်ပြီး ရက်လေးဆယ် အကြာမှာ ရဟန်းပြုသွားတယ်။

ပုန်ကန်သူတွေထဲက
တောင်စဉ်သား ပဆိန်သည် အောင်စုံဟာ အလွယ်တကူပဲ နန်းတက်ပြီး ဓမ္မရာဇ်ရာဇာ (စန္ဒတိဿရာဇာ)
(အေဒီ ၁၇၇၇ - ၁၇၈၂ ) ဘွဲ့ခံယူတယ်။

ယင်း ဓမ္မရာဇ်ရာဇာ (ခ) စန္ဒတိဿရာဇာ ဟာ အေဒီ ၁၇၈၂ မှာ သေလွန်ပြီးနောက် သူ့ တူမရဲ့ ခင်ပွန်းဟာ မဟာသမ္မတရာဇာ အမည်နဲ့ နန်းတက်တယ်။
မြောက်ဦးရဲ့ နောက်ဆုံးမင်း မဟာသမ္မတမင်းဆိုတာ
သူပဲ ဖြစ်တယ်။

အဲဒီကတည်းက ရခိုင်မင်းရိုး ပြုတ်ခဲ့ပြီးဖြစ်တယ်။
ဓညဝတီ အရေးတော်ပုံ နှာ ၉၇ မှာ အောင်စုံဟာ မင်းရိုး၊ မှူးမတ်ရိုး မဟုတ်ဘဲ ပက်ကျိကိုစားသည့် ကမ်းယံဘလဲမျိုးလို့ ဖေါ်ပြထားပါတယ်။

မြောက်ဦးရဲ့ နောက်ဆုံးမင်း နှစ်ပါး ဖြစ်တဲ့
သူတို့ လက်ထက်မှာ ပြည်သူအပေါင်းတို့ မီးကဲ့သို့ပူကြပြီး
သောင်းကျန်းတိုက်ခိုက် လုယက် ဖျက်ဆီး သူတစ်လူ
ငါတစ်မင်း ဆူပူကြတယ်။

ငကြည့်ထောင့် အရပ်မှာ
ဓားမနိုင် ဆိုသူ ၊ ရိုးကျွန်းမှာ ကုလား ငရွှေစာ၊ ပိန်းနဲချောင်းမှာ ကောင်းညွှန့်ရန်တိုင်၊ ကြပ်စင်ကျွန်းမှာ ငသံတွေ၊ ဒန်လွဲ အရပ်မှာ ကျော်ထွေ၊ မာန်အောင်ကျွန်းမှာ သတိုးဖြူ စသဖြင့် အချင်းချင်း မညီညွတ်ကွဲပြီး သောင်းကျန် ပုန်ကန် လုယက် တိုက်ခိုက်ကြတယ်။ (ဓညဝတီ၊ နှာ ၉၈)

ရခိုင်ပြည်မှာ တရားဥပဒေစိုးမိုးမှု အားနည်းပြီး
ကြည်းကြောင်း ရေကြောင်း သွားလာသူတို့ အချင်းချင်း
နိုင်ထက်စီးကဲ ပြုပြီး ရွှေငွေဥစ္စာ တို့ကို လုယူကြတယ်။
တစ်ရွာနှင့်တစ်ရွာ ဓားပြတိုက်ကြတယ်။
ဥစ္စာရွှေငွေ၊ ဆွေမျိုးအင်အားကောင်းသူများက ပြည်သူများကို နှိပ်စက်ကြတယ်။
ကျား၊ မိချောင်း၊ တိရိစာ္ဆန်တို့လည်း ရဲ ကြပြီး ပြည်သူတို့
ဒုက္ခရောက်ကြတယ်။
(ဒေါက်တာအေးချမ်း၊ ရခိုင်သမိုင်း မိတ်ဆက် နှာ ၁၄၂၊
ရခိုင်ရာဇဝင်သစ်)

ဒီနေရာမှာ ရခိုင်ရာဇဝင်တွေ အပါအဝင်
မြန်မာရာဇဝင်ကျမ်းများမှာ မပါတဲ့ အချက်ကို
ဆရာကြီး ဦးလှထွန်းဖြူ တည်းဖြတ်တဲ့ မစ္ဇျိမဒေသ
အရေးတော်ပုံကျမ်းမှာ ဖေါ်ပြထားပါတယ်။

မကြာသေးမီက ကွယ်လွန်သွားတဲ့ ဆရာကြီးဦးလှထွန်းဖြူဆိုတာ ရခိုင်သား စစ်စစ်ပြီး ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှာ တွဲဘက်ပါမောက္ခ (၂၀၀၄)၊ ရှေးဟောင်းသုတေသန
မေဂျာ ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် (၂၀၀၈) အဖြစ်
တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး ဖြစ်ပါတယ်။

ယင်း မစ္ဇျိမဒေသအရေးတော်ပုံကျမ်း ဌာ ချပ်မှာ
(နိုင်ငံရေး အခြေအနေ အလွန်ဆိုးရွားပြီး ပြည်သူများ
ဒုက္ခရောက်ကြတာမို့) ရခိုင်အမတ်ကြီး တစ်ဦးဖြစ်တဲ့
ဓားပိုင်ကြီး ငသံတွေနှင့် မိတ်ဆွေများက ဘိုးတော်ဘုရားထံ စစ်ပန် (စစ်ရေးအကူအညီ တောင်းခံ) ခဲ့ကြခြင်း ဖြစ်ပါ
တယ်။

ဘာလို့ စစ်ပန် (စစ်တပ်လွှတ်၍ သိမ်းယူရန် ပန်ကြား)
ရသလဲဆိုတာ သုံးသပ်ရရင် ...
ရခိုင်ပြည်နယ် အခြေအနေဟာ အထက်ဖေါ်ပြပါအတိုင်း အဆိုးဝါးဆိုး ဖြစ်နေရုံတင်မက ဘင်္ဂလား ကုလားတို့
အန္တရာယ်လည်း ရှိနေပါသေးတယ်။

ဘင်္ဂလားနယ်ကို မွတ်စလင် ကုလားတို့ သိမ်းပြီးတဲ့နောက်
မှာ ရှေးယခင် ဝင်္ဂတိုင်းခေတ်၊ ပါလခေတ် တင်မက သူတို့
မသိမ်းမီ ထွန်းကားခဲ့တဲ့ ဗုဒ္ဓသာသနိက ဆိုင်ရာတွေကို
ဖျက်ဆီး၊ ငဇင်ကာကဲ့သို့ ခေါင်းလောင်း ဘုရားဆင်းတုများကိုပါ အရည်ကြိုပြီး အမြောက်သွန်း နေပါပြီ။

ရခိုင်ကိုသာ ဘင်္ဂလားမှ မွတ်စလင်ကုလားတွေ
သိမ်းလိုက်ရင် ရခိုင်သားတို့ အခြေအနေတင်မက
ဗုဒ္ဓသာသနာပါ အဆိုးဆုံး ဖျက်ဆီးခံရမှာ ဖြစ်ပါတယ်။

စကားပမာ ဆိုရရင်
ဘင်္ဂလားထဲက ခေါင်းလောင်း၊ ဘုရားဆင်းတုတော်တွေ
တောင် အရည်ကြိုခံရတာ ဘိုးတော်ဘုရားသာ အချိန်မီ
ရခိုင်ကို မရောက်ပဲ ဘင်္ဂလားကုလားသာ လက်ဦးခဲ့ရင် မဟာမုနိကြီးပါ ကုလားက အရည်ကြို အမြောက်သွန်း
ပစ်မယ့် အခြေအနေပါ။

ဒါကြောင့် ဘိုးတော်ဘုရားရဲ့ အိမ်ရှေ့ဥပရာဇာရဲ့ တပ်ဟာ
လောင်းကြက်မြို့ဟောင်းမှာ တပ်တည် တပ်စွဲနေတဲ့ အချိန် ရခိုင်ပြည်သူအများဟာ တိုင်းကားပြည်ရွာ စည်ပင်သာယာ
အောင် ပြုလုပ်မယ့် မင်းကောင်းမင်းမွန် ရောက်လာပြီ
ဆိုပြီး အလွန်ဝမ်းသာ ရွှင်လန်းကာ ကခုန်ပျော်ပါး
အောင်သေအောင်သား စားသောက်ကြတယ်လို့
ရခိုင်ရာဇဝင်သစ်နဲ့ ဒေါက်တာအေးချမ်းရဲ့ ရခိုင်သမိုင်းမိတ်
ဆက် (နှာ ၁၄၇) တို့မှာ ဖေါ်ပြကြပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့်
ရခိုင်ပြည်သူအများစုဟာ လက်ရှိရခိုင်မင်းကို စိတ်ပျက်နေ
ကြပြီး ပြည်မက တပ်များကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြ
ကြောင်း ပေါ်လွင်နေပါတယ်။
ရခိုင်ပြည်သူတွေကိုယ်တိုင်က လိုလားတယ်ဆိုတာ
ထင်ရှားနေပါတယ်။

ဒါကြောင့်
“သာသနာ့ ဒါယကာ လောင်းလျာမှန်သော တရားမင်းမြတ် (ဘိုးတော် ဗဒုံမင်း) သည် ဝေနေယျ သတ္တဝါ အပေါင်းတို့အား သနားကရုဏာ မေတ္တာတော်သက်ခြင်း၊ ဂရုဓမ္မဖြင့် (တရားသဖြင့် ကူညီစောင့်ရှောက် လိုသဖြင့်) သိမ်းပိုက်
မစတော်မူလို၍ အလောင်းမင်း အိမ်ရှေ့နန်းလျာ
သားတော်အကြီးကို အုပ်ချုပ် စေလျက် . . .၊ . . . ၊
သက္ကရာဇ် တစ်ထောင့်တစ်ရာ လေးဆယ်ခြောက်ခု
(အေဒီ ၁၇၈၄)တွင် ရက္ခပူရတိုင်း၊ ဓညဝတီ အမည်ရှိသော မြောက်ဦးရွှေပြည်တော်ကြီးကို သ်ိမ်းပိုက်တော်မူသည်” 
လို့ ဓညဝတီအရေးတော်ပုံ နှာ ၉၈မှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ဒီအပိုင်းကို နိဂုံးချုပ်ရရင် ရခိုင်ဒေသရဲ့ မတည်ငြိမ်မှု၊
သူတလူငါတမင်း ဆူပူသောင်းကျန်းမှုများ၊ ကြီးနိုင်ငယ်ညှင်း ပြဿနာများ၊ ပြည်သူများ ဆင်းရဲဒုက္ခကြီးမားမှုများ၊ ပြည်ပ ဘင်္ဂလားကုလားတို့ရဲ့ အန္တရာယ်တို့ကြောင့် ရခိုင်သား
အမတ်ကြီးနှင့် အဖွဲ့ လာရောက်စစ်ပန်မှုကြောင့် ရခိုင်ဒေသကို ဘိုးတော်ဘုရားဟာ စစ်တပ်လွှတ်သိမ်းပိုက်ပြီး
အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပြည်သူများ တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒေသစွဲ လူမျိုးရေး အစွန်းရောက်များ၊ ခွဲထွက်ရေးသမားများ ဝါဒဖြန့်သလို မတရားအနိုင်ကျင့် သိမ်းပိုက်တာ
မဟုတ်ပါလေ။

မိမိပိုက်နက်အတွင်းမှ ဒေသတစ်ခု ထိုခေတ်အခါက
စနစ်အတိုင်း အုပ်ချုပ်မှု စီမံခန့်ခွဲခြင်း တစ်ရပ်သာ
ဖြစ်ပါကြောင်း။

#ဈာန်သစ်အောင်

ကျမ်းကိုး။ ။
ဓညဝတီအရေးတော်ပုံ - ကဝိသာရာဘိ သိရီပဝရ အဂ္ဂမဟာ ဓမ္မရာဇာဓိ ရာဇာဂုရု ရခိုင်ဆရာတော်၊ (မြန်မာမင်းများ အရေးတော်ပုံ၊ အရေးတော်ပုံ (၆) စောင်တွဲ)
ရခိုင်ရာဇဝင်သစ် - အရှင်စန္ဒမာလာလင်္ကာရ (ပ၊ဒု ပေါင်းချုပ်)
မစ္ဇျိမဒေသ အရေးတော်ပုံကျမ်း - တည်းဖြတ်၊ (ဦး) လှထွန်းဖြူ၊
(သမိုင်းတွဲဘက်ပါမောက္ခ (၂၀၀၄)၊ ရှေးဟောင်းသုတေသန ပါမောက္ခ (၂၀၀၈)၊ ရန်ကုန်တက္ကသိုလ် (ငြိမ်း))၊ ၁၉၉၂ မဟာဝိဇ္ဇာကျမ်း
ရခိုင်သမိုင်း မိတ်ဆက် - ဒေါက်တာအေးချမ်း (ရက္ခဝံသ ရက္ခိတ)

စာကြွင်း။ ။ အောက်သားတွေ လိုရာဆွဲရေးနေတယ် ပြောမှာစိုးလို့ ရခိုင်ရာဇဝင်၊ ရခိုင်ဆရာတွေ ရေးတဲ့ ကျမ်းများမှသာ ထုတ်နှုတ်ဖေါ်ပြလိုက်ပါတယ်။
https://www.facebook.com/1382829653/posts/10213066635085531/

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

သမထမှဝိပသနာသို့ကူးပုံ