ရခိုင်စစ်တမ်း

ရခိုင် စစ်တမ်း ၁
****************

ရခိုင်ပြည်ဟာ 1785 ၀န်းကျင်မှာ ဘိုးတော်မောင်ဝိုင်းရဲ့ လက်အောက်မှာ ကျဆုံးပြီး အချုပ်အချာအာဏာမဲ့ခဲ့ရတယ်။ အင်္ဂလိပ်လက်အောက်မရောက်ခင် 1885 ထိ ဒုက္ခ ပေါင်းများစွာကို ခါးစည်းခံခဲ့ရတယ်။

ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းရဲ့ ရက်စက်မှုကြောင့် သန်းနဲ့ချီတဲ့ ရခိုင်ပြည်သူတွေ အသက်ဆုံးရှုံး Genocide အလုပ်ခံခဲ့ရတယ်။ တင်းဝါးပန်းခိုင် တမြိုင်မြိုင် ရခိုင်လူအလောင်း လို့ ဆိုစမှတ်ရှိတယ်။

စစ်နိုင်တော့ ရသမျှ အကုန်ယူတယ် ရခိုင်ရဲ့ နန်းတော်လည်း နန်းတော်ရာ နာမည်နဲ့ အုတ်ပုံပဲ ကျန်ခဲ့တယ်။ နန်းတော်မှာ မိုးထားတဲ့ ကြေးဝါပြားတွေက မင်းကွန်းခေါင်းလောင်း ဖြစ်သွားတယ်။ ရခိုင်မဟာမုနိ ဘုရားက မန္တလေး မဟာမုနိဖြစ်သွားတယ်။ ရခိုင်ရဲ့ ဘုရားနောက်တစ်ဆူက ပြည်မြို့က ရွှေဘုံသာမုနိဖြစ်သွားတယ်။ နောက်တစ်ဆူက ဇလွန်ပြည်တော်ပြန် ဘုရားဖြစ်သွားတယ်။ ထားပါတော့ ဘုရားသမိုင်းရေးတာ မဟုတ်တော့။  အဲဒီအချိန်ကစပြီး ယူလိုက်တဲ့ သယံဇာတ ဆိုတာ ပြောမနေနဲ့တော့ တန်ချီ သန်းချီတဲ့ သစ်တွေ ၀ါးတွေ သဘာဝဓါတ်ငွေ့တွေ သဘာဝဒြပ်စင် အများအပြားပါတဲ့ Heavy Sand တွေ ယူလို့ရတာ အကုန်ယူတယ်။ ရခိုင်ကို ဘာပြန်ကြည့်ပေးခဲ့လဲ

ကျွန်တော် Facebook ပေါ်က မိတ်ဆွေ ဗမာတစ်ချို့က ပြောကြတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ရခိုင်တွေချည်း အဖိနှိပ်ခံရတာ မဟုတ်ဘူး။ သူတို့ ဗမာတွေလည်း အခွင့်ထူးခံရတာမှ မဟုတ်တာ ဆိုပြီးတော့။ ဗမာတွေ စစ်အုပ်ချုပ်ရေးရောက်တာဟာ 1948 နောက်ပိုင်းကနေ 2010 လောက်အထိပဲ။ လူမျိုးတုန်း သတ်ဖြတ်ခံရတာ မရှိဘူး။ အဲဒါတောင် မခံနိုင်ဘဲ ပြန်ထချကြတဲ့ စံရိပ်ငြိမ် တိုက်ပွဲတွေက အထင်အရှားပဲ မဟုတ်လား။ ကိုယ့်လူမျိုးချင်း ဖြစ်တဲ့ ပဋိပက္ခက မလိမ္မာတဲ့သားကို အဖေက ဆုံးမတာထက် မပိုဘူး မဟုတ်လား။

Genocide အလုပ်ခံရတဲ့လူတွေဘက်က လုပ်တဲ့သူတွေကိုမုန်းတာ သဘာဝပဲ။ လုပ်တဲ့လူတွေကသာ မေ့ပျောက်ချင် မေ့ပျောက်မယ် အလုပ်ခံရတဲ့ လူတွေက မေ့ဖို့မလွယ်ဘူး။

နောက်တစ်ကြိမ် လွတ်လပ်ရေး စခါစမှာ ရခိုင်ကုလား အဓိကရုဏ်းဖြစ်တယ်။ ရခိုင်တွေ ထောင်သောင်းချီသေတယ်။ ပြဿနာကို ဖြေရှင်းဖို့အတွက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်ကို လွှတ်တယ်။ ကုလားအရေးကို မဖြေရှင်းဘဲ ရခိုင်လူထုခေါင်းဆောင် ကို ရခိုင်လူပုံအလည်မှာ ကွပ်မျက်တယ်။ ဘူးသီးတောင်က ထွက်ပြေးလာတဲ့ ရခိုင်တွေကို သဘောင်္နစ်သတ်တယ်။ လူတွေ အများကြီး သေကြပြန်တယ်။

တစ်ခါ 1967 သြဂုတ် ၁၃ မှာ ဆန်ပြဿနာဖြစ်တယ်။ လက်နက်မရှိတဲ့ လူထုကို မဲမဲမြင်ရာ ၀ိုင်းပြစ်ပြီး လူသေရော မသေမရှင်ရော မသေတဲ့လူရော အကုန်ဖမ်းပြီး ကျင်းတစ်ကျင်းထဲ ထည့်မြှပ်ပစ်တယ်။

ဒါကိုမှ မနာတတ်ရင် ဘယ်ဟာကို နာရမလဲ။ ဒါကိုမှ ဖိနှိပ်တယ် မခေါ်ရင် ဘာကိုခေါ်ရမလဲ။ အတိတ်ကအကြောင်းကို ထားပါ။ ဒီမိုကရေစီ ဖော်ဆောင်နေတယ်။ အချိန်စောင့်ပါ စောင့်တယ်လေ။

2010 ရွေးကောက်ပွဲမှာရော 2015 ရွေးကောက်ပွဲမှာရော ရခိုင်အမျိုးသားပါတီက ရာနှုန်းပြည့်နီးပါးနိုင်တယ်။ နိုင်တဲ့အတွက် ပါတီက အစိုးရဖွဲ့ချင်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်။ ဟိုက ဂရုကို မစိုက်တာ။ အမျိုးသားအကျိုးစီးပွးကိုသာ ရှေးရှုတဲ့ အစိုးရဆိုရင် လက်ခံဆွေးနွေးရမယ်။ အစိုးရဖွဲ့ခွင့်ပေးတာ မပေးတာ တစ်ကဏ္ဍ

ရခိုင်လူထုခေါင်းဆောင် ဒေါက်တာအေးမောင်ရဲ့ တရားစီရင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပဋိပက္ခကို အမြင့်ဆုံး ရောက်ရှိသွားစေနိုင်ပါတယ်။ ဒါဟာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတာ နိုင်ငံတော်ကို ပုန်ကန်တာမဟုတ်ဘဲ ကိုယ့်သမိုင်းကြောင်းကို နောင်လာနောင်သားတွေ သိအောင် ပြောပြတာပဲ ဖြစ်ပါတယ်။ ဗမာသမိုင်းကို အခြေခံပညာကျောင်းတွေကိုမှာ မဖြစ်မနေ သင်ရသလို ရခိုင်သမိုင်းကို ပြန်ပြောင်းပြောပြခြင်းဟာ နိုင်ငံကို ပုန်ကန်တာ မဟုတ်ပါ။ ဗမာတိုင်း အနော်ရထာ၊ ဘုရင့်နောင်၊ ကျန်စစ်သား စသဖြင့် ချစ်ကြသလို ရခိုင်မှာလည်း သမိုင်းရှိတာ နားလည်ကြစေလိုပါတယ်။

နောက်တစ်ခါ ကုလားနဲ့အရေးအခင်းဖြစ်တော့ လူထုထောက်ခံမှုလည်း မပါတဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်ဖွဲ့ပြန်တယ်။ AA နဲ့ တိုက်ပွဲပြင်းထန်တော့လည်း ကာယကံရှင် သဘောထားမပါတဲ့ ရခိုင်က ဆရာဦးလှစော နဲ့ ဒေါ်ထုမေကို အတင်းထည့်တယ်။ ဒါဟာ တိုင်းရင်းသားတွေကို တစ်လျှောက်လုံး မလေးစားတဲ့ သဘောဖြစ်တယ်။ ဖိနှိပ်တဲ့သဘောဆိုလည်း မှားမယ် မထင်ပါ။

AA နဲ့ တိုက်ပွဲဖြစ်တဲ့ တစ်လျှောက်လုံး ဗမာပြည်က ဘယ်အရပ်သားတစ်ယောက်မှ သေတာ မရှိဘူး။ ဗမာ့တပ်မတော်ကြောင့် ရခိုင်အရပ်သူအရပ်သားတွေ သေတာပဲရှိတယ်။ ရခိုင်ဟာ ဗမာလူမျိုးစု တစ်ခုလုံးကို မုန်းတီးနေတာ မဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ရအောင် ကြိုးစားနေကြတာပဲ ရှိတယ်။

1885 ကနေ 1948 လောက်ထိပဲ သူများလက်အောက်မှာ နေခဲ့ရတဲ့ ခင်ဗျားတို့တောင် ဒီလောက် မျိုးချစ်စိတ်နဲ့ တော်လှန်ခဲ့ရင် ကျွန်တော်တို့ကိုလည်း ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ပါဦး။ ခင်ဗျားတို့ သီဟတင်စိုးတောင် ဘယ်လောက်ထိ တော်လှန်ခဲ့သလဲ :P

အင်္ဂလိပ်လက်အောက်မှာ ဗမာဘုရင် ပါတော်မူတာပဲ ရှိတယ်။ ဖမ်းပြီး ရတနာဂီရိမှာဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်ထားပါတယ်။ အသေသတ်ပစ်တာမျိုး မရှိခဲ့ဘူး။ အင်္ဂလိပ်တွေ သစ်ထုတ်တယ်။ တစ်ပင်ခုတ်ရင် အပင်ရာနဲ့ချီပြီး ပြန်စိုက်ပေးခဲ့တယ်။ ရန်ကုန်ကိုတည်တယ်။ ရေနှုပ်မြောင်းကအစ ကားလမ်းအဆုံး ငါ့လက်အောက်က လူတွေပဲဆိုပြီး ထင်သလို မလုပ်ခဲ့ဘူး။ အခုထိ ရန်ကုန်မှာ သုံးနေဆဲဖြစ်တဲ့ ဂျိုးဖြူပိုက်လိုင်းက သက်သေပါ။

ဗမာ့လက်အောက်မှာ ခဏပဲရောက်ခဲ့တဲ့ ထိုင်း(ယိုးဒယား)လို နိုင်ငံမျိုးတောင် အခုချိန်ထိ ဗမာဆို မုန်းတီး၊ ဗမာမုန်းတရားတွေကို တွင်တွင်ဟောဆဲ။ မယုံရင် ရေပေါ်ဈေးက ပြဇာတ်လေးပဲ သွားကြည့်လိုက်။

ရခိုင်ကိုသာခွဲထွက်ခွင့်ပေးလိုက်ရင် ကုလားပြည်ဖြစ်မှာ ဘာညာနဲ့ ပြောကြတာလည်း ရှိတယ်။ ပြောကြတဲ့အထဲမှာ ရခိုင်စစ်စစ်အချို့နဲ့ အပြင်မှာ ခင်မင်ရတဲ့ ရခိုင်သွေးစပ်တွေလည်း ပါတယ်။ အဲလိုသာ ကုလားပြည်ဖြစ်ရကြေးဆို အခုထိ ဘင်္ဂလားဒှေ့ရှ်မှာ နေနေတဲ့ စစ်တကောင်းသား၊ ဖလောင်းချိပ်သား ပင်းဝါသားတွေကိုလည်း အားနာပါဦး။ အနေနီးစပ်လို့ သာယာတတ်တာ ဘယ်လူမျိုးလည်းပဲ ပြန်ကြည့်ပါဦး။

နှစ်ပေါင်းထောင်ချီပြီး ကိုယ့်သမိုင်းနဲ့ ကိုယ်နေလာခဲ့သူတွေကို အဲဒါနဲ့ ပတ်သက်လို့ အထူးစိုးရိမ်စရာမရှိပါဘူး။ မြေမျိုလို့ လူမျိုးမပျောက်ပါဘူး။ လူမျိုမှ လူမျိုးပျောက်တာပါ။

ဗမာမိတ်ဆွေတွေကိုလည်း ပြောချင်တာက ကုလားပြည်ဖြစ်ဖို့ စိုးရိမ်တယ်ဆို ရခိုင်ကို ထားပါဦး ကန်တော်လေးက ရပ်ကွက်အချို့ကိုပဲ ဗမာပြည်ဖြစ်အောင် ဗမာအမျိုးသမီးလေးတွေ ကုလားမိန်းမ မဖြစ်အောင် ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (အကောင့်ထဲက မူစလင်မိတ်ဆွေတွေကိုတော့ အားနာပါတယ်)

အဲလိုသာ ခွဲပြောကြေးဆို ဒီနိုင်ငံမှာ ရှိတဲ့ ကုလားတွေကို ဘယ်သွားပို့မလဲ။ ပင်လယ်ထဲ မောင်းချမှလား။ လူမျိုးတုန်း Genocide လုပ်ပစ်မှာလား။ အနာနဲ့ဆေး တစ်ခြားစီပါ။

မြောက်ဦးပြဿာနာဖြစ်တော့ မင်းသိင်္ခရေးတဲ့ မြင်းကပါ အကျဉ်းသားစာအုပ်က ဇာတ်ကွက်တစ်ချို့ကို မျက်လုံးထဲ ပြန်မြင်တယ်။ ပါးစပ်ကပဲ ငြိမ်းချမ်းရေးအတွက် လုပ်ရတာပါ။ ကျမ်းစာတွေ လာကူးတာပါ အော်လည်း ဓါးကို လက်ပေါ်က မချ မည်းမည်းမြင်ရာ ၀င်ခုတ်တယ် ဆိုတာမျိုး ။ အကျယ်သိချင်ရင် အဲဒီစာအုပ်ပြန်ဖတ်ပါ။

ပြောချင်တာကတော့ ပြည်ထောင်စုမပြိုကွဲရေးဟာ ရခိုင်တွေ ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ ဗမာပြည်သူပဲ အဆုံးအဖြတ်ပေးရမှာပါ။ ရခိုင်မှာ ပြည်သူလိုလားတဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်ရေး၊ သယံဇာတ အချိုးကျ ခွဲဝေခွင့်ရရေး၊ ပြည်ထောင်စုမပြိုကွဲ ရေးကို ဆောင်ရွက်ခဲ့ရင် စစ်ရေးပဋိပက္ခကို အလိုက်အလျောက်လျှော့ချနိုင်မှာဖြစ်ပါတယ်။

တန်းတူရည်တူ အခွင့်အရေးရကြတဲ့ ကတ်တလန်ဒေသနဲ့ စကော့တလန်တောင် ခွဲထွက်ချင်သေးရင် ဘာမှ ဖြစ်မလာတဲ့ ရခိုင်တွေ ခွဲထွက်ချင်တာ သဘာဝကျပါတယ်။

ထိုင်းတောင် အခုချိန်ထိ ဗမာပြည်လက်အောက်မှာ ရှိခဲ့ရင် ဘန်ကောက်လည်း အခုလိုမျိုး ဖြစ်နေမယ် မထင်ဘူး။ မီးပျက်လို့ ပြန်လာရင် ဟေးခနဲ အော်ရတဲ့ အစုတ်အပြတ် ပြည်နယ်တစ်ခုထက်ပိုမယ် မထင်ဘူး။

စစ်တလင်းဖြစ်ရတဲ့ ဒေသတိုင်း ပျော်ရွှင်တဲ့သူမရှိပါဘူး။ ကိုယ့်ဘက်သူ့ဘက် အထိအခိုက်တွေရှိမယ် အသေအပျောက်တွေရှိမယ်။ ဘယ်ဘက်က သေသေ လူတွေချည်းပဲမို့ သူတို့အပေါ် မှီခိုသူတွေလည်း ရှိမှာပါပဲ။ ကိုယ်သေတာ မဟုတ်တိုင်း အပြုတ်တိုက်ခိုင်းနေတဲ့ လူတွေကိုလည်း သေတဲ့သူတွေဘက်က ကိုယ်ချင်းစာ အားနာကြည့် စေချင်ပါတယ်။

အထူးပြောချင်တာကတော့ လူမျိုးရေးအမုန်းတရား ပဋိပက္ခကို ဦးတည်မသွားစေချင်ဘဲ ညီညီညွတ်ညွတ် အဖြေရှာကြစေချင်တာပါပဲ။ အဖြေရှာဖို့ ခက်ခဲတယ် ဆိုရင်တောင် အရပ်သား ပြည်သူပြည်သားတွေကို အတတ်နိုင်ဆုံး ထိခိုက်မှု နည်းအောင် လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ လူမှုကွန်ယက်မှာ တစ်ဖက်နဲ့ တစ်ဖက် အမုန်းပွားကြတဲ့ စကားတွေကိုလည်း နှစ်ဖက်လုံး အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြစေချင်ပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် စကားရည်လုကြတာက ဘယ်လိုမှ ကောင်းကျိုးမရှိဘဲ နှစ်ဘက်လုံးကိုပဲ အမုန်းပွားစေပါတယ်။

ရခိုင်စစ်စစ်တွေ ရခိုင်ကပြားတွေကိုလည်း အကြောင်းရင်းမှန် သမိုင်းမှန် မသိဘဲ အာမချောင်စေချင်ပါ။ သူတို့ပြောတာ သူတို့လုပ်တာက သမိုင်းမှန်နဲ့ ပိုဝေးစေပါတယ်။ ကိုယ့်သမိုင်းကို မသိရင် ဂဃနဏသိအောင် လေ့လာပါ။ နည်းနည်းပဲ သွေးစပ်စပ် ရခိုင်ဟာ ရခိုင်ပဲမို့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ ကိုယ့်လူမျိုးကို ထိခိုက်သွားစေရင် သမိုင်းမှန်မသိနိုင်တဲ့ တစ်ဖက်က ပိုပြီးတော့တောင် အမှန်တရားနဲ့ ဝေးသွားစေမှာပါ။

ရခိုင်ပြည်အေးချမ်းသာယာပါစေ
   crd# Ray Marm Aung

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ