သင် ဘယ်လိုလူမျိုးဖြစ်ချင်လဲ
ဘယ်လိုလူမျိုးဖြစ်ချင်လဲ
ဌာနေ အမေရိကန်လူမျိုးတွေရဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။
လူတိုင်းရဲ့ ကိုယ်ထဲမှာ ၀ံပုလွေနှစ်ကောင်ရှိတယ်။ အဲဒီဝံပုလွေနှစ်ကောင်ကလည်း အမြဲတမ်းတိုက်ခိုက်နေကြတယ်။
တစ်ကောင်က ဒေါသ၊ ၀န်တိုမှု၊ လောဘ၊ မုန်းတီးမှု၊ မုသား၊ မာနနဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကို ကိုယ်စားပြုပြီး
နောက်တစ်ကောင်ကတော့ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ကြင်နာမှု၊ ညှာတာစာနာမှုတွေကို ကိုယ်စားပြုပါတယ်။
ဒီဝံပုလွေနှစ်ကောင်ကြားတိုက်ပွဲမှာ အနိုင်ရသူက ကိုယ်အစာကျွေးတဲ့ဝံပုလွေပါတဲ့။
ကိုယ့်ရဲ့ တုံ့ပြန်မှု၊ အမူအကျင့်မှန်သမျှနဲ့ ကိုယ်ဘယ်လိုလူလဲဆိုတာဟာ ကိုယ့်ရဲ့ရွေးချယ်မှုအရဖြစ်လာတာပါ။ ပတ်ဝန်းကျင်က ကိုယ့်ကို ပုံသွင်းလို့မရဘူး။ လှုံ့ဆော်ပြီး လမ်းကြောင်းပေးလို့ပဲရတာ။ တကယ်တမ်း ဘယ်လိုလူဆိုတာကို ဆုံးဖြတ်တာက ကိုယ်တိုင်ပဲ။
လူတွေက အဲဒီသဘောကို သေချာနားမလည်ဘူး။ ကျွန်တော်လည်း အချိန်ကြာကြာနားမလည်ခဲ့ဘူး။ အမြဲယူဆခဲ့တာက ပတ်ဝန်းကျင်က ကိုယ့်ကိုဘယ်လိုလူလဲဆိုတာ ဖြစ်လာစေတာ။ ပတ်ဝန်းကျင်ကောင်းရင် ငါကောင်းတယ်။ ပတ်ဝန်းကျင်ဆိုးရင်တော့ ငါလည်းဆိုးမှာပေါ့လို့ ထင်မြင်ခဲ့တယ်။ ငါ့မိဘ မချမ်းသာလို့ ငါမချမ်းသာတာ။ ငါ့မိဘပညာမတတ်လို့ ငါလည်းပညာမတတ်ရတာဆိုတာမျိုးပေါ့။
အမှန်တော့ ကိုယ်ဖြစ်လာသမျှဟာ ကိုယ့်ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်တွေအရပဲ။ ဝံပုလွေပုံပြင်ထဲကလိုဆိုရင် ကိုယ်အစာကျွေးတဲ့ဝံပုလွေကြီးထွားလာတာပဲ။
ဘာလို့ အင်္ဂလိပ်စာမတတ်တာလဲ။ မကြီးပွားတာလဲ။ မထူးချွန်တာလဲ။
ထူးချွန်တက်မြောက်အောင် လေ့လာဖို့ မရွေးခဲ့လို့၊ ကြီးပွားအောင် ကြိုးစားဖို့ အားမထုတ်ခဲ့လို့ပေါ့။
လူတိုင်းမှာသူတို့ကိုလှုံ့ဆော်တဲ့အကြောင်းအရာ (Stimulus) နဲ့ အဲဒီအကြောင်းအရာပေါ်တုံ့ပြန်မှု (Response) ဆိုတာရှိတယ်။ ကိုယ့်နားမှာ ကိုယ့်ဆီမှာ အဖြစ်အပျက်တွေဖြစ်လာတာက လှုံ့ဆော်မှု(Stimulus) ဖြစ်ပြီး အဲဒီအကြောင်းအရာတွေအပေါ် ကိုယ်ဘယ်လိုပြုမူဆုံးဖြတ်လိုက်လဲဆိုတာက ကိုယ့်ရဲ့တုံ့ပြန်မှု (Response) ဖြစ်ပါတယ်။
“ကိုယ့်ရဲ့ ရွေးချယ်နိုင်မှု အခွင့်အရေးကို ဘယ်သူမှ ပိတ်ပင်တားဆီးလို့မရဘူး”
ကိုယ့်နားမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ ကိုယ့်အပေါ်ဖြစ်လာတဲ့အရာတွေကို ဘယ်ဟာတော့ဖြစ် ဘယ်ဟာကတော့မဖြစ်နဲ့ဆိုပြီး ရွေးချယ်လို့မရပေမယ့် ကိုယ်ဘယ်လိုတုံ့ပြန်မယ်ဆိုတာကတော့ ရွေးချယ်နိုင်ခွင့်ရှိတယ်။
ဥပမာ အလုပ်မှာ အဆူခံရတယ်ဆိုပါစို့။ အဆူခံရတယ်ဆိုတာကလှုံ့ဆော်မှုပါ။ အဲဒီလှုံ့ဆော်မှုကို ဘယ်လိုတုံ့ပြန်လိုက်မလဲဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်ထားတဲ့ ဆုံးဖြတ်ချက်ပါ။ အဆူခံရတာကို ဒေါသတကြီးနဲ့ အော်ဟစ်ပေါက်ကွဲငိုယိုပြီး အလုပ်ထွက်လိုက်နိုင်သလို ဘာကြောင့်အဆူခံရတာလဲ၊ ဘာတွေမှားနေတာလဲဆိုတာကို ပြန်သုံးသပ်ပြင်ဆင်ပြီး အမှားတွေကနေ သင်ခန်းစာယူ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ယူလို့လည်းရတယ်။
ကိုယ်တုံ့ပြန်ပုံမူတည်ပြီး ဆက်လက်ဖြစ်လာတဲ့ အဖြစ်အပျက်တွေက ကွဲပြားခြားနားသွားမယ် ပြီးရင်လူချင်းလည်း ကွဲပြားသွားလိမ့်မယ်။
ဒီဥပမာကိုပဲ ဆက်ကြည့်ရင် ကိုယ်အဆူခံရတဲ့လှုံ့ဆော်မှုအပေါ် အလုပ်ထွက်မလား မထွက်ဘူးလားဆိုတဲ့ တုံ့ပြန်မှုဟာ ကိုယ့်ရွေးချယ်ပိုင်ခွင့်ပဲ။ ဒါပေမယ့် အလုပ်ထွက်ပြီးနောက်ဖြစ်လာတာတွေအတွက် ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ အလုပ်လက်မဲ့ ဖြစ်သွားခြင်း ဒါမှမဟုတ် အမှားကနေ သင်ခန်းစာယူပြီး ပိုတော်လာခြင်းဆိုတာက ဆက်ဖြစ်လာမယ့်အရာတွေပဲ။
“ကိုယ်ဟာ ကြိုက်တဲ့ဝံပုလွေကိုအစာကျွေးခွင့်ရှိတယ်။ ဒါပေမယ့် ကိုယ်အစာကျွေးတဲ့ဝံပုလွေကြီးထွားလာပြီး ဖြစ်လာတဲ့အကျိုးဆက်တွေကိုတော့ တားဆီးနိုင်ခွင့်မရှိဘူး”
ကိုယ့်မှာ အမြဲတမ်းရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာကို အမှတ်ရနေပါ။ ကိုယ်ဘယ်လိုလူမျိုးဆိုတာက ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ ဒါနဲ့ပတ်သက်လို့ဘယ်သူ့ကိုမှ ဘယ်လိုအကြောင်းအရာကိုမှ အပြစ်တင်နေလို့လည်းမရဘူး။ တချို့တွေက “တကယ်လို့သာဆိုရင်” ဆိုတာကို အားသန်တယ်။ “ငါဖြစ်နိုင်တယ်” ဆိုတာကို အားမသန်ဘူး။ ဒါကြောင့် သူတို့ရဲ့ ဘ၀အခြေအနေဟာ သူတို့အပေါ်ဖြစ်လာတဲ့အရာတွေကြောင့်လို့ပဲ တထစ်ချယူပြီး အပြစ်တင်တယ်။ ဥပမာ မြန်မာနိုင်ငံ ပညာရေးစနစ်နိမ့်ကျလို့ ငါပညာတတ်မဖြစ်လာတာ။ ငါပညာသိပ်မတတ်လို့ ငါခုလိုနေရာကောင်းကောင်းမရနိုင်တာ။ တကယ်လို့သာ ပညာရေးစနစ်သာကောင်းရင် ငါအဆင်ပြေနေမှာပဲ ဆိုတာမျိုးပေါ့။ ကိုယ့်ရဲ့ ရွေးချယ်ပိုင်ခွင့်ကိုမေ့ထားပြီး တကယ်လို့သာဆိုရင်ကိုပဲ အာရုံရောက်တယ်။ တချို့တွေကတော့ “ငါဖြစ်နိုင်တယ်” ဆိုတာကိုအားသန်တယ်။ “တကယ်လို့သာဆိုရင်”ကို အားမသန်ဘူး။ ပညာရေးစနစ်မကောင်းလည်း ငါပညာတတ်အောင်သင်မယ်။ နေရာကောင်းရအောင် ကြိုးစားမယ်ဆိုတာမျိုးပေါ့။
တကယ်လို့သာဆိုရင်ဆိုတဲ့လူမျိုးတွေက သူတို့ရဲ့ ဘဝတွေကို သူများတွေနဲ့ ပတ်ဝန်းကျင်ရဲ့ လက်ထဲကို ထည့်ထားလေ့ရှိတယ်။ သူတို့ရဲ့အောင်မြင်မှု၊ သာယာပျော်ရွှင်မှု ဒါမှမဟုတ် ဆိုးသွမ်းမှုတွေက သူတို့အပေါ်မှာ မမူတည်နေဘူး။ သူတို့ပတ်ဝန်းကျင်အပေါ်မှာမူတည်နေတယ်။
အကြောင်းအရာတိုင်းအတွက် ရွေးချယ်ပိုင်ခွင့်ရှိသူဟာ ကိုယ်ပါ။ ဆုတ်ယုတ်နိုင်တာလည်း ကိုယ့်ရွေးချယ်မှု၊ တိုးတက်နိုင်စေတာလည်း ကိုယ့်ရွေးချယ်မှု။ လူတိုင်းဟာ သူတို့ရွေးချယ်တဲ့အတိုင်းပဲ ဖြစ်လာတယ်။ ဒီသဘောတရားကို ခေါင်းထဲထည့်ထားနိုင်ရင် မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ဖို့အတွက် တစ်နည်းအားဖြင့် မှန်ကန်တဲ့ဝံပုလွေကိုအစာကျွေးဖို့အတွက် အကူအညီဖြစ်နိုင်ပါလိမ့်မယ်။
“မင်းဘယ်သူဆိုတာကို မင်းမိဘတွေက ရွေးချယ်ပေးတယ်။ မင်းဘာဖြစ်လာမလဲဆိုတာကိုတော့ မင်းကသာ ရွေးချယ်ရတယ်”
နောင်တမရနိုင်တဲ့ ရွေးချယ်မှုတွေကို ရွေးနိုင်ပါစေ။
ဒေါက်တာသူရိန်လှိုင်ဝင်း (Thurein Hlaing Win သူရိန်လှိုင်ဝင်း)
Comments
Post a Comment