ခန္ဓာရတဲ့ ဘဝဟူသည်

ခန္ဓာရတဲ့ ဘဝဟူသည်
သုဿန်တွင် ဂိတ်ဆုံး၏။

သေခြင်းတရားကို လူတိုင်းက အလိုမရှိကြ။
သို့သော် လူတိုင်း လက်ခံရယူနေရ၏။
သေမယ်ဆိုတဲ့ စကားကို လူတိုင်းက မကြားလိုကြ။
သို့သော် လူတိုင်း ကြားနေကြရ၏။
သေဆုံးတဲ့ခန္ဓာကို လူတိုင်းက မမြင်လိုကြ။
သို့သော် အသေခန္ဓာကို လူတိုင်းက မြင်နေကြရသည်။

လောကလူသားတွေအတွက်
မွေးဖွားလာခြင်းကိုက သေဆုံးဖို့အတွက်ချည်းသာဟု
ဆင်ခြင်တွေးတောနေသူက အတော်နည်းလှ၏။
မသိ၍ မဟုတ်ကြ။
သိရဲ့နဲ့  မသိချင်ယောင်ဆောင်ကာ လက်ရှိဘဝခန္ဓာကို
အခိုင်အမာကြီး အထင်ဖြင့် ဆုပ်ကိုင်ထားကြ၏။
ငါ့ကိုယ် ငါ့ခန္ဓာဟု သိမ်းပိုက်ထားကြ၏။

ခန္ဓာရခြင်းသည် ဆင်းရဲမျှသာဟု ဘုရားက ဟော၏။
မိမိတို့က ဆင်းရဲဟု မမြင်။
ဘဝရလာရင် ချမ်းသာခြင်းတွေနဲ့ ပြည့်စုံရမည်
ဟူသောဘဝအားမာန်တို့ဖြင့် အားကုန်
ကြိုးပမ်းကြ၏။

ရှာဖွေနေတာက ချမ်းသာခြင်း။
ရှာရင်းနဲ့ ရနေတာက ဆင်းရဲခြင်းချည်းသာ ဖြစ်နေ၏။
လောက၏ မမြဲသော အဆာင်အယောင် ဥစ္စာပစ္စည်းတို့၏
ပြည့်စုံရယူနိုင်ခြင်းကို ချမ်းသာခြင်းဟု ထင်၏။
ထိုအထင် ထိုအမြင်တို့သည်ကား ချမ်းသာခြင်း မဟုတ်။
မသိမှုက မြှောက်ပင့်ပေးထားသော
မာန်မာနတို့ ကြီးထွားစေသည့် အကြောင်းမျှသာတည်း။

အဖေတို့ အမေတို့သည်
ငါ့သားလေး ငါ့သမီးလေးဟု သိမ်းပိုက်ထား၏။
ငါ့သားသညျသာ ငါ့ဘဝ
ငါ့သမီးသညျသာ ငါ့ဘဝဟု
ထင်မြင်ထားကြ၏။
ငါ့သားတွေ ငါ့သမီးတွေ ပြည့်စုံလာစေဖို့ ချမ်းသာလာစေဖို့
လောကအလယ် မျက်နှာမငယ်ရစေဖို့အတွက်
လောဘဖြင့်လည်း ရှာဖွေ၏။
ဒေါသဖြင့်လည်း ရှာဖွေ၏။
ထိုထို လောဘ ဒေါသတို့ဖြင့် ရှာဖွေ၍
ရလာသမျှသော ပစ္စည်းလာဘ်လာဘတို့ကို သားသမီးတို့ သုံးဆောင်နေတာ မြင်ရလျှင်
မောဟဖြင့် အရိပ်တစ်ကြည့်ကြည့် ပီတိဖြစ်၏။

ဤသို့ဖြင့်သာ မိမိတို့ဘဝတစ်ခုလုံးကို မိသားစုအတွက်သာ ရုန်းကန်ရင်း
အသက်တမ်း တစ်ရာအတွင်းသာရှိနေသည့်
မိမိတို့၏ အချိန်တို့သည် ကုန်မှန်းမသိ ကုန်နေကြရ၏။

ဤနည်းအားဖြင့်သာ မိဘတို့သည် သားသမီးအတွက် ဘဝကို ပေးဆပ်သွားကြပြီး
သားသမီးတို့သည်လည်း မိဘနေရာ ပြန်ရောက်ကာ
ထိုနည်းထိုပုံမျှသာဖြင့် ဘဝကို ထုဆစ်ပုံဖော် နေကြလေသည်။
ဤသည်ကိုပင် သံသရာလည်ဟု ဆိုအပ်၏။

အရွယ်သုံးပါးဟု
လောကအမှတ်ဖြင့် ပိုင်းခြားထားသော်လည်း
အချို့သည် အရွယ်သုံးပါးလုံး ဘဝအတွက် ပေးဆပ်ကြရ၍ သံသရာလွတ်ကြောင်းအလုပ် လုပ်ခွင့် မရကြ။

အချို့သည် ဒုတိယအရွယ်တွင် အသိတရားရကြ၍
သံသရာလွတ်ကြောင်းအလုပ် လုပ်ခွင့်ရကြ၏။

အချို့သည် တတိယအရွယ်တွင် အသိတရားရကြ၍
သံသရာလွတ်ကြောင်းအလုပ် လုပ်ခွင့်ရကြ၏။

ဤကား မိဘတို့၏ ဘဝအပိုင်းအခြား ဖြစ်ပေသည်။

မည်သို့ပင် ဖြစ်စေကာမူ
ခန္ဓာရလာသည့် သတ္တဝါဟူသမျှတို့သည် ပေးဆပ်ခြင်းဘဝကို  ရသည်ဖြစ်စေ၊ ရယူနိုင်ခွင့်ရှိသော ဘဝကို ရသည်ဖြစ်စေ
နောက်ဆုံးတော့ ခန္ဓာရထားသည့် သတ္တဝါတိုင်းတို့၏ လမ်းဆုံး(ဂိတ်ဆုံး)ကား
သုဿန်သို့သာ သွားရခြင်းမျှသာတည်း။
သေခြင်းတရားဖြင့်သာ အဆုံးသတ်သွားကြ၏။

သဗ်ဗသေတ်တာ မရဏဓမ်မာ၊
မရဏဓမမြံ အနတီတာ၊
မရဏ ပရိယောသနာ။

သဗ္ဗေ- အလုံးစုံကုန်သော။ သတ္တာ- သတ္တဝါ မှန်သမျှ
တို့သည်။ မရဏဓမ္မာ- သေဆုံးခြင်း သဘောတရားသာ ရှိပါပေကုန်၏ ။

မရဏဓမ္မံ- သေရခြင်း သဘောတရားကို။
အနတီတာ- ကျော်လွန်၍ မသွားနိုင်ကြပါကုန် ။
မရဏ ပရိယောသနာ- သေရခြင်းသည်သာလျှင်
အဆုံးရှိပါပေကုန်၏ ။

ဒီတော့ မိမိတို့အနေနဲ့
ဘဝတိုင်း-ဘဝတိုင်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ သေခြင်းတရားက  လွတ်မြောက်ဖို့အတွက်
ဒီခန္ဓာကို အသုံးချတတ်ဖို့လိုတယ်။
မမေ့ဖို့ လိုတယ်။ ဒီခန္ဓာကို အရင်း ပြုပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ရမယ်။

ဒီခန္ဓာကို အားကိုးပြီး သံသရာလွတ်ကြောင်းကို
ရှာဖွေအားထုတ်ရမယ်။

မိတ်ဆွေများအားလုံး သံဝေဂအသိဖြင့်
ဓမ္မအသိဖြစ်အောင် ကြိုးစားအားထုတ်
နိုင်ကြပါစေကုန် ။

                               ဦးဓမ္မသာရ(ဆေးသဲ့တောင်)

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ