" ဓမ္မစင်္ကြာသုတ် (ဝါ) သစ္စာလေးပါးတရားတော် " အပိုင်း (၁)
" ဓမ္မစင်္ကြာသုတ် (ဝါ) သစ္စာလေးပါးတရားတော် " အပိုင်း (၁)
( သစ္စာလေးတန် မဟာသတိပဌာန် ဝိပဿနာ တရားစခန်း )
< Unicode Font >
နေရာ ။ ။ ဗာရာဏသီပြည်အနီး၊ ဣသိပတန မိဂဒါဝုန်တော။
နေ့ရက် ။ ။ မဟာသက္ကရာဇ် ၁၀၃ ခု၊ဝါဆိုလပြည့်နေ့ စနေနေ့။
အချိန် ။ ။ နေဝန်းလည်းတစ်ခြမ်းဝင်ဆဲ၊ လဝန်းလည်းတစ်ခြမ်းထွက်ဆဲ ညနေချမ်း အချိန်။
ဟောကြားသူ ။ ။ လွန်ခဲ့သော ၃လက ကိုယ်တိုင်သစ္စာ သိမြင်၍ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူသော ဗုဒ္ဓဘုရားရှင်။
တရားနာသူ ။ ။ ဝဂ္ဂီ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ။
ဟောကြားသောတရား ။ ။ ဓမ္မစက္ကပဝတ္တနသုတ် (ဝါ) သစ္စာလေးပါးတရားတော်။
#နိဒါန်း
၁။ သတ္တဝါအားလုံးတို့ ဝဋ်ဒုက္ခမှလွတ်ကင်းရန် မိမိကိုယ်တော်တိုင် ရှာဖွေသိမြင်ကျင့်သုံးခဲ့ပြီးသော ကျင့်စဉ်တို့ကို ဟောကြားရန်အတွက် နည်းလမ်း(Method)ကို ကိုယ်တော်တိုင် ရွေးချယ်ခဲ့၏။ ထိုနည်းလမ်းကား အပြစ်လည်းကင်း အစွန်းတို့မှလည်း လွတ်ကင်းသော ဝဋ်ဒုက္ခကို လျင်မြန်စွာ ဖယ်ရှားနိုင်၍ သတ္တဝါတို့ သိနားလည်နိုင်သည့် သစ္စာလေးပါး အယူအဆ(Theory) ကိုဗုဒ္ဓ ဉာဏ်တော်ဖြင့် ဖော်ထုတ် ခဲ့၏။
ဤသစ္စာလေးပါးကား ………
ဒုက္ခသစ္စာ
သမုဒယသစ္စာ
နိရောဓသစ္စာ
မဂ္ဂသစ္စာ တို့ပင် ဖြစ်လေသည်။
<<<>>>
၂။ ထို သစ္စာလေးပါး ပါဝင်သော ဓမ္မစင်္ကြာသုတ် တရားတော်သည် ဗုဒ္ဓ သာသနာ(အဆုံးအမ)တွင် ရှေးဦးစွာ သိနားလည် ရမည့် ပထမသင်ခန်းစာပင် ဖြစ်သည်။ ဆရာတစ်ဦး၏ ပညာကို သင်ယူမည် ဆိုပါက ထိုဆရာ သင်ကြားပို့ချသော သင်ခန်းစာများကို အစဉ်လိုက် လေ့လာသင်ကြားရန် လိုအပ်သကဲ့ သို့ ဗုဒ္ဓကိုယ်တော်တိုင် ရွေးချယ်ထားသော ဓမ္မစင်္ကြာသုတ်သည် ပထမသင်ခန်းစာ ဖြစ်၍ အနတ္တလက္ခဏာသုတ် သည် ဒုတိယ သင်ခန်းစာပင် ဖြစ်လေသည်။ ထို့ကြောင့် ဗုဒ္ဓ၏ အတတ်ပညာကို သင်ယူလိုသူသည် ဓမ္မစင်္ကြာသုတ်ကို မဖြစ်မနေ လေးလေးနက်နက် သင်ယူရပေလိမ့်မည်။
<<<>>>
၃။ နောင် ၄၅ဝါကာလပတ်လုံး ဟောကြားတော်မူသော တရားဒေသနာ အားလုံးသည် ဤသစ္စာလေးပါး တရားပေါ်တွင် အခြေခံ၍ ဟောကြားတော်မူခဲ့ပြး ဓမ္မနိုင်ငံတော်ကို တည်ထောင်ခဲ့၏။ ပဉ္စဝဂ္ဂီ ၅ဦး၊ ယသသတိုးသား နှင့်သူငယ်ချင်းလေးယောက် စသော သာဝကများ မှစ၍ နောက်ဆုံး သာဝက သုဘဒ္ဒါပရဗိုဇ် အထိ သစ္စာလေးပါးကို သင်ကြားပေးပြီးမှ နောင်သိအပ်သော အသိအကျင့်များ ကို သစ္စာဉာဏ် ရင့်ကျက်ရန် အလို့ငှါ ဟောကြားတော်မူပါသည်။
<<<>>>
#ဗုဒ္ဓဉာဏ်တော်ဖြင့် ရှေ့နောက်စဉ်ခြင်း
၄။ သစ္စာလေးပါးတွင်လည်း ပထမ ဒုက္ခသစ္စာ(အကျိုး) ကို ဟောတော်မူ၍ ဒုတိယ သမုဒယသစ္စာ (အကြောင်း) ကို ဗုဒ္ဓဉာဏ်တော်ဖြင့် စဉ်၍ ဟောတော်မူပါသည်။ ဒုက္ခသစ္စာကို ရှေးဦးစွာဟောကြားတော် မူခြင်း သည် သတ္တဝါတို့ မိမိဒုက္ခကို ပိုင်းခြားသိစေလို၍ ဖြစ်၏။ ဒုက္ခကို သိပြီးမှ ထိုဒုက္ခကို ဖြစ်စေရာ အကြောင်းရင်း ပယ်သတ်ရမည့် သမုဒယသစ္စာကို ဒုတိယအနေဖြင့် ဟောတော်မူသည်။ မိမိ ဒုက္ခကို မသိဘဲ မိမိ သမုဒယကို ဘယ်သောအခါမှ မသိနိုင်သောကြောင့် ဖြစ်၏။ ထို ဒုက္ခ/သမုဒယ သိပြီးသောသူကို တတိယ အနေဖြင့် နိရောဓသစ္စာ (နိဗ္ဗာန်/အကျိုး) ကိုဟောတော်မူ၏။ နိရောဓသစ္စာကို ကောင်းစွာနာကြား၍ စမ်းသပ်အားထုတ်ပြီး တဒင်္ဂ အနေဖြင့် သိနိုင်အောင် ဟောကြားတော်မူပါသည်။ ဤနေရာ၌ အသိရှင်းလင်းစေရန် အကျင့်နှင့်တွဲရမည်ကို သတိချပ်သင့်သည်။ စတုတ္တ အနေဖြင့် မဂ္ဂသစ္စာ (အကြောင်း) ကို ဟောကြားတော်မူပါသည်။
<<<>>>
၅။ မဂ္ဂသစ္စာသည် မိမိသန္တန်၌ ဒုက္ခကိုမြင်၍ သမုဒယကို ပယ်သတ်ရန်၊ မိမိသိခဲ့သော နိရောဓကို ပြည့်စုံစေရန် အာသဝေါကုန်ခမ်းသည်အထိ ပွားများရန် ဟောတော်မူပါသည်။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာသည် ဗုဒ္ဓဉာဏ်တော်ဖြင့် စဉ်ထားတော်မူသည့် အတိုင်းအမှန်ပင်ဖြစ်၏။ ဥပမာ။ လိပ်စာကို ဦးစွာ မသိသောသူသည် လိပ်စာနေရာသို့ လက်တွေ့ရောက်အောင်မသွားနိုင်ပေ။ လိပ်စာကို သိသောသူသာ လိပ်စာနေရာသို့ အရောက် သွားနိုင်သကဲ့သို့ဖြစ်ပေသည်။ လိပ်စာတည်းဟူသော နိရောဓသစ္စာ ကိုသိထားမှသာ လက်တွေ့သွားရောက်ခြင်းတည်းဟူသောမဂ္ဂသစ္စာကို ပွားများခြင်းဖြင့် အရောက်သွားနိုင်မည့် သဘောဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါး တရားတော်ကို သိ၊ ပယ်၊ ဆိုက်၊ ပွား အစဉ်ဖြင့် မြတ်စွာဘုရားရှင်သည် ဟောကြားတော် မူခြင်းဖြစ်လေ၏။ ယခုဖော်ပြခဲ့သည့် သစ္စာလေးပါး ရှေ့နောက် အစီအစဉ်ကိုပင် သစ္စာပေါ်မှာ အခြေခံစဉ်းစားခြင်းမပြုပါက မည်သို့မျှ နားမလည်နိုင်ပေ။
(ဝိနည်းမဟာဝဂ် ပါဠိတော်၊ မဟာခန္ဓက)
<<<>>>
#အယုတ်တရားနှစ်ပါး
၆။ ဘိက္ခဝေ။ ပဉ္စဝဂ္ဂီတို့၊ ပဗ္ဗဇိတေန။ ရဟန်း ဖြစ်သောသူသည်၊ ဒွေ။ နှစ်ပါးကုန်သော၊ ဣမေအန္တာ။ အယုတ်တရားတို့ကို၊ နသေဝိတဗ္ဗာ။ မမှီဝဲအပ်ပေ၊ ဒွေအန္တာ။ ထိုအယုတ်တရား ၂ပါးသည်၊ ကတမေ။ အဘယ်နည်းဆိုသော်၊ ပထမအကျင့်ကား …
ကာမသုခလ္လိကာနုယောဂေါ။ ငါးပါးအာရုံ ကာမဂုဏ်၌ အကြိမ်ကြိမ်ခံစားသော အကျင့်ဖြစ်၏၊
ယော စာယံ။ ထိုကာမဂုဏ် ခံစားသော အကျင့်သည်၊
ဟီနော။ ယုတ်ညံ့သောအကျင့်၊
ဂါမ္မော။ ရပ်ရွာလူအပေါင်းတို့၏ အကျင့်၊
ပုထုဇ္ဇနိကော။ သာမာန်လူတို့အကျင့်၊
အနရိယော။ မြင့်မြတ်သူမဟုတ်သော သူတို့၏အကျင့်၊
အနတ္တသံဟိတော။ အကျိုးမရ အချည်းနှီးအကျင့်ဖြစ်၏။
<<<>>>
၇။ ထိုအကျင့်သည် ခန္ဓာ နာမ်ရုပ်၏ အာယာတနတို့၌မှီသော မြင်မှု၊ ကြားမူ၊ နံမူ၊ အရသာခံမှု၊ ထိတွေ့ခံစားမူ၊ တို့၌ ကြိမ်ဖန်တလဲလဲ ကာမဂုဏ်ချမ်းသာကို ခံစားနေခြင်းဖြစ်၏။ လောကစည်းစိမ်၊ လောကချမ်းသာ၊ လောကနိဗ္ဗာန်လည်း ဖြစ်၏။ သတ္တလောကတစ်ခုလုံး မီးကုန် ယမ်းကုန် ခံစားနေသော ချမ်းသာဖြစ်လေသည်။ ဗုဒ္ဓရှင်တော်မြတ်ကိုယ်တိုင် အလောင်းတော် မင်းသား ဘဝကလည်း ထိုအာရုံများ၌ ခံစားပြီး ကုန်ဆုံးခဲ့သည့် အချိန်ကာလတွေရှိခဲ့၏။ ထိုခေတ်အခါမှ ယနေ့အထိ ချမ်းသာမှုဟူသည် ကောင်းကောင်းနေ၊ ကောင်းကောင်းစား၊ စည်းစိမ်အပြည့် နေထိုင်ရမှုကိုပင် ဆိုလိုပေသည်။ ဘုရားရှင်လက်ထက် မာဂဏ္ဍီပရိဗိုဇ်တို့၏ အယူအဆသည်လည်း မမြင်ဘူးတာကို မြင်အောင်ကြည့်၊ မခံစားဘူးတာကို ရအောင်ခံစား ထိုသူသည် ကြီးမြတ်သူ လောကနိဗ္ဗာန်နှင့် ပြည့်စုံသူ "အရှင်ဂေါတမ သင်တို့ပြောတယ့် နိဗ္ဗာန် ငါရပြီ" ဟုဆိုခဲ့ဘူးသော အယူဝါဒတို့သည်ရှိကြကုန်၏။ ဒိဋ္ဌိ ၆၂ပါးမှာ အခြေခံ၍ သေပြီးနောက် ဘာမှပါမှာမဟုတ် မသေခင် ပြည့်ပြည့်ဝဝခံစားဟူသော အကျင့်ပင်ဖြစ်လေသည်။
<<<>>>
၈။ ကာမဂုဏ်အာရုံ၏ ထုံးစံအတိုင်း အချိန်အနည်းငယ် ချမ်းသာ ခံစား၍ ကြာမြင့်စွာ ဆင်းရဲ နှင့် ကြုံဆုံရလေ သည်။ ယနေ့ခေတ် စည်းစိမ်ရှင်တို့ အလိုအတိုင်းမပြည့်စုံသော် ပူပင်သောကဆင်းရဲဖြင့် မျက်ရည်ကျရလေသော် မိမိကာမဂုဏ် စည်းစိမ်တွေက မကယ်နိုင်ပေ။ ထို့ကြောင့် ဤအကျင့်ကို ယုတ်ညံ့သူ၊ သာမာန်အရပ်သူ အရပ်သား၊ ရိုးရိုးလူတန်းစားတို့၏ အကျင့်ဟူ၍လည်းကောင်း၊ ကဲ့ရဲ့ဖွယ်ကောင်းသော သူတို့၏အကျင့်ဟူ၍လည်းကောင်း၊ ဆင်းရဲကင်းကာ နိဗ္ဗာန်စော်မနံဘဲ အပယ်နံ့သင်းသော အကျင့်ဟူ၍လည်းဟောတော်မူပါသည်။
<<<>>>
၉။ ဒုတိယအကျင့်ကား …. ဒုက္ခော။ မိမိခန္ဓာငါးပါးကို ဆင်းရဲစေတတ်သော၊ အနရိယော။ မြင့်မြတ်သူတို့၏ အကျင့်မဟုတ်သော၊ အနတ္တသံဟိတော။ အကျိုးမရ အချည်းနှီးဖြစ်သော၊ အတ္တကိလမထာနုယောဂေါ အကျင့်ဖြစ်၏၊ ထိုအကျင့်သည် ဗုဒ္ဓရှင်တော်မြတ်ကိုယ်တိုင် အလောင်းတော်ရဟန်းဘဝက. ၆ နှစ်တိုင်တိုင် ကျင့်ခဲ့သော်လည်း ဘာအကျိုးမှ မရခဲ့သော အကျင့် ဖြစ်၏။ ဤခန္ဓာငါးပါး၌ ခြိုးခြံလျှက်၊ ခေါင်းပါးစွာနေလျှက်၊ ဆင်းရဲစွာနေလျှက် အားထုတ်သောအကျင့်ဖြစ်၏။ အထက်က ဖော်ပြခဲ့သော ကာမဂုဏ်ခံစားနေသော အကျင့်သည် စက်ဆုတ်ဖွယ်ကောင်း၏။ ယုတ်ညံ့၏။ ထို့ကြောင့် ထိုကာမဂုဏ်ကို ခန္ဓာမှ ဖယ်ထုတ်ရန် ခြိုးခြံလျှက်နေရမည်၊ ခေါင်းပါးစွာနေရမည်၊ အဆင်းရဲခံနေရမည်ဟူ၍ တိတ္ထိတို့ကျင့်သော "တပေါဇိဂုစ္ဆာဝါဒ" ပင်ဖြစ်လေသည်။
<<<>>>
၁၀။ တချို့က ကာမဂုဏ်စိတ်ပေါ်လာလျင် ဂင်္ဂါမြစ်ကမ်းက သဲတဆုတ်သွားကြုံး၍ ဤနေရာ၌ ပုံထားလော့ဟူသော အကျင့်တို့သည်လည်း အသွား/အပြန် ပင်ပန်း၍ ကာမဂုဏ်စိတ်ကုန်အောင် လုပ်သောအကျင့်ဖြစ်လေသည်။ ချမ်းသာလိုလျှင် ဆင်းရဲခံ ဆင်းရဲတစ်ခုခံလျှင် ဝဋ်တစ်ခုငြိမ်း၍ ဝေဒနာတစ်ခုချုပ်၏ ဝေဒနာအားလုံးကုန်လျှင် ဆင်းရဲအားလုံးကုန်ပြီဟူသော နိဂဏ္ဍတို့၏ ကျင့်စဉ်သည်လည်း ထိုကျင့်စဉ်ပင်ဖြစ်လေသည်။ ခန္ဓာငါးပါးကိုညိူးသွားအောင်၊ အချိန်ကြာကြာထိုင်၍ ပင်ပန်းအောင်၊ ရှိနေသော ဝေဒနာကိုဆုံးအောင်၊ အကြောင်းကြောင့်ဖြစ်သော ခန္ဓာကိုမုန်းအောင်၊ နောက်ထပ် ခန္ဓာမရအောင် ကျင့်သော အကျင့်တို့သည်လည်း နိဂဏ္ဍတို့၏ ကျင့်စဉ်အတိုင်း ပင်ဖြစ်လေသည်။
ထိုအကျင့်တို့ဖြင့် ဒေါမနဿ ဆင်းရဲသာတိုးပွား၍ ချမ်းသာမရပေ။ အရိယာတို့၏ အမြင်ဖြင့် ကျင့်သော အကျင့်မဟုတ်ပေ။ နိဗ္ဗာန်မရ အပယ်ကျမည့် အကျင့်ဖြစ်သောကြောင့် ရဟန်းတို့မမှီဝဲအပ်ကြောင်း ဟောတော်မူပါသည်။ သို့သော် ထိုအကျင့်တို့ကို မြတ်စွာဘုရားရှင်သည် ယုတ်ညံ့သောအကျင့် ရပ်ထဲရွာထဲကအကျင့် သာမာန်လူတို့အကျင့် ဟူ၍ကား မဟောကြားပေ။ အဘယ်ကြောင့်ဆိုသော် သာမာန်လူတို့ မကျင့်နိုင်သောကြောင့်ဖြစ်၏။
<<<>>>
ဟောကြားသူ - ဆရာတော် အရှင်အရိယဓမ္မ
သစ္စာလေးတန် မဟာသတိပဌာန် ကမ္မဌာန်းကျောင်းတိုက်
၈၂ - ရပ်ကွက်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်
ဖုန်း - ၀၉ ၄၃၀၃ ၈၈၀၂
မူရင်းပို့စ်လင့်ခ်
- ဓမ္မစင်္ကြာသုတ် (ဝါ) သစ္စာလေးပါးတရားတော် အပိုင်း (၁) Page Link
https://www.facebook.com/DhammaofSFNT/posts/2656022461337205?__tn__=K-R
" သူတော်ကောင်းတို့၏ အဆုံးအမတရားများ "
လူ့ခန္ဓာကိုယ်ကြီးဟာ အသက်(၅၀)လောက်က
စပြီး တဖြေးဖြေးပျက်စီးလာပြီ၊အင်အားတွေ
ဆုတ်ယုတ်လာပြီ...
အိုရာကနေ နာလာမယ်၊နောက်ဆုံးသေဆုံးချိန်
မှာတော့ ပစ္စည်းဥစ္စာတွေ၊ရာထူးတွေ၊အသိုင်း
အဝိုင်းတွေ အားလုံးစွန့်ခဲ့ရတာပါပဲ...
လူတွေဟာ ဘဝပျော်ရွှင်နေချိန်မှာ အားလုံးကို
မေ့လျော့နေကြတယ်၊ပျော်ရွှင်မှုမှာ ယစ်မူး
နေကြတယ်...
လုပ်သင့်တာတွေလုပ်ဖို့ အချိန်ရွေ့နေကြတယ်၊
နောင်ဖြစ်လာမဲ့ဒုက္ခတွေကို မစဉ်းစားဘူး...
ကျန်းမာရေးကောင်းနေကြတော့ ငါဘာမှမဖြစ်
နိုင်ဘူး၊မသေနိုင်သေးဘူးလို့မှတ်ယူကြတယ်...
ပျော်ရွှင်မှုတွေ၊ကျန်းမာမှုတွေ ပျက်စီးသွားတဲ့
အချိန်ကျမှ ယူကြုံးမရဖြစ်ကြတယ်၊နောင်တတွေ
ဖြစ်ကြရတယ်...
ခန္ဓာဖြစ်စဉ်နဲ့အနိစ္စသဘောတွေကို ကြိုတင်ပြီး
သိနေရမယ်၊ပြင်ဆင်ထားရမယ်၊လုပ်သင့်တာ
လုပ်ထားရမယ်...
ဗုဒ္ဓရဲ့ အဆုံးအမတရားတော်များသည် ကိုယ့်
ကိုယ်ကို အားကိုးရန်တရားများသာဖြစ်တယ်...
အခြားဘာသာများကဲ့သို့ ဘုရားသခင်အလိုအရ
ဆုတောင်းနေလို့မရဘူး၊လောကဓံကို ရဲရဲဝံ့ဝံ့
ဖြတ်ကျော်ရန်သာဖြစ်တယ်...
ဘုရားရှင်၏တရားတော်များဟာ ယခုဘဝ
ကောင်းစားရေး၊နောင်ဘဝကောင်းစာရေးသာ
မကပဲ သံသရာကလွတ်မြောက်စေတဲ့ လမ်းညွှန်
ချက်များလည်းဖြစ်တယ်...
ဘုရားရှင်က ကြေနပ်စရာကောင်းတဲ့အချိန်မှာ
ကြေနပ်မနေပဲ ရုန်းထွက်နိုင်ဖို့၊ တွယ်တာမှုနဲ့
ဆန္ဒတွေကို ဖယ်ရှားနိုင်ခြင်းသည် ဘဝရဲ့
ထွက်ပေါက်ပဲလို့ ဆိုပါတယ်...
လောကဓံဆိုတာရှိနေတော့ ထာဝရအောင်မြင်
မှုဆိုတာ မရှိဘူး၊ပျက်စီးချိန်ဆိုတာရှိတယ်၊
စိတ်ဓာတ်မကျနဲ့၊ဒါအဆုံးအမတရားပဲ...
သံသရာဝဋ်ကလွတ်ချင်ရင် အမှီကောင်းလိုတယ်၊
ဘုရားရှင်ရဲ့တရားတော်တွေကို လမ်းညွှန်ပြမဲ့
ဆရာကောင်းလိုတယ်၊ဝီရိယလိုတယ်...
ဘဝမှာလိုအပ်တဲ့ အခြေအနေကောင်းတစ်ခုကို
ဖန်တည်းချင်ရင် ကျွမ်းကျင်ရမယ်၊ကြိုးစားရမယ်၊
ပညာနဲ့ဝီရိယကို အသုံးချရမယ်...
လူတွေက ဘုရားမတယ်လို့ ထင်နေကြတယ်၊
မလို့ရတယ်ထင်ရင် ကိုယ့်သားသမီးကို အရင်
မကြည့်လိုက်ပေါ့...
ကျောင်းကောင်းကောင်း၊ကျု ရှင်ကောင်းကောင်း
ထားပေမဲ့ သူတို့ကိုယ်တိုင် မကြိုးစားရင် ပညာ
တတ်မဖြစ်နိုင်ဘူး...
ပညာရှိသူတော်ကောင်းတွေနဲ့ တွေ့ဆုံရမယ်၊
သူတော်ကောင်းတရားတွေ နာကြားရမယ်...
ယောနိသော မနသိကာရ ဆိုတဲ့နှလုံးသွင်းမှန်ဖို့၊
ဆင်ခြင်စဉ်းစားနိုင်တဲ့အသိရှိဖို့လိုတယ်...
ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဆိုတဲ့တရားနဲ့အညီ
ကျင့်ကြံအားထုတ်ရမှာဖြစ်တယ်...
စိတ်ရဲ့အညစ်အကြေးတွေဖြစ်တဲ့ ကိလေသာ
တရားတွေ မဖြစ်သေးရင် မဖြစ်လာအောင်၊
ဖြစ်နေရင် ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်...
ကုသိုလ်တရားတွေဖြစ်တဲ့ သူတော်ကောင်း
တရားတွေ မရှိသေးရင်ရှိအောင်၊ရှိပြီးရင်လည်း
မပျောက်ပျက်အောင် ကြိုးစားရမယ်...
ဒီလိုကြိုးစားကြမယ်ဆိုရင် မှန်ကန်တဲ့အသိအမြင်
တွေရလာကြမှာဖြစ်သောကြောင့် တရားချစ်ခင်
သူတော်စင်တို့သည် သံသရာက လွတ်မြောက်
ကြောင်းဖြစ်တဲ့ ဘုရားရှင်ရဲ့အဆုံးအမကျင့်စဉ်
တရားများကို ကိုယ်စီ ကိုယ်စီ လိုက်နာကြိုးစား
အားထုတ်နိုင်ကြပါစေကုန်သတည်း...
ပါမောက္ခချုပ်ဆရာတော်ကြီး
အရှင်နန္ဒမာလာဘိဝံသ(Ph.D)
Comments
Post a Comment