ကမ္ဘာလောကရဲ့ ဒုက္ခလမ်းဆုံး
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မဟာမြိုင်တောကြီးထဲမှာ ဟောတဲ့ တရားတော်များ
■ ကမ္ဘာလောကရဲ့ ဒုက္ခလမ်းဆုံး ■
°°°°°°°°°°°°°🌀💦🌀°°°°°°°°°°°°
✿ မောင်သွေးချွန် မှတ်တမ်းတင်ပူဇော်သည်
❝ ဒုက္ခတစ်ကျပ်သားမှာ သုံးမတ်သားက တွေးလို့ဖြစ်တာ၊
တကယ်ပက် ပင်းကြုံရတဲ့ဒုက္ခက တစ်မတ်သားပဲ ရှိတာ။
နောက် ကြောင်းပြန်တွေးလို့ ဖြစ်တဲ့ဒုက္ခက ငါးမူးသား၊
ရှေ့ မျှော်တွေးလို့ဖြစ်တဲ့ ဒုက္ခက တစ်မတ်သား။❞
■ သာသနာသည် ဘုရားပွင့်မှာ ပေါ်လာတာ၊ ဒီတော့ ဘုရားပွင့်တာနဲ့ ကြုံရခြင်းသည် နံပါတ်တစ် အခွင့်အရေး...။
■ နံပါတ်နှစ် အခွင့်အရေးကတော့ သာသနာကတော့ ပွင့်နေပါတယ်။ သို့သော် ယူတတ်မှရတယ်။ မယူတတ်ရင် မရ။ ဒါ့ကြောင့် သာသနာထွန်းကားရာမှ လူဖြစ်ခွင့်ရတာသည် အထူးအခွင့်အရေးကြီး တစ်ခု၊
■ နံပါတ်သုံး အခွင့်အရေးကတော့ သာသနာ ပွင့်ချိန်မှာ
ကိုယ်က သမ္မာဒိဋ္ဌိအယူရှိသူ ဖြစ်နေဖို့လိုပါတယ်။
အခြေခံအားဖြင့် ကံ ကံ၏အကျိုးကို ယုံကြည်ရမယ်။
ကမ္မဿကထာ ဉာဏ်အခြေခံလောက်တော့ ရှိနေရမယ်။
ကောင်းတာလုပ် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ် ဆိုးတာဖြစ်မယ်ဆိုတာလောက်တော့ သိထားရမယ်။ ကောင်းတာလုပ် ကောင်းကျိုး ရဆိုတာ ဆောင်းရာသီထဲ အေးအေးချမ်းချမ်းကလေး နေရသလိုပေါ့။ ဆိုးတာလုပ် ဆိုးကျိုးရဆိုတာ နွေရာသီ နေပူခရီးထဲ နေကို ခေါင်းရွက်သွားနေရသလိုပေါ့။
ဘုရားခေတ်က သီဟစစ်သူကြီးက အလှူဒါန တွေပြုပြီး ဘုရားကို မေးလျှောက်ဖူးပါတယ်။ 'တပည့်တော်တို့ ဒီလို ကုသိုလ်ကောင်းမှုတွေပြုလုပ်တာ ဘာအကျိုးတွေရပါသလဲဘုရား'တဲ့။ ဘုရားရှင်တော်က ဒီလို အဖြေပေးခဲ့ပါတယ်။
၁။ လူနတ်တို့ ချစ်ခင်တယ်။
၂။ မိမိအိမ်ရာဌာနကို သူတော်ကောင်းတို့သာ ဝင်ထွက်သွားလာတယ်။
၃။ သွားလေရာ မျက်နှာပွင့်တယ်။
၄။ နေရာတကာ ဝင်ရဲထွက်ရဲတယ်တဲ့။
ဒီလိုသိနိုင်တာ သမ္မာဒိဋ္ဌိအယူရှိမှ၊ မရှိရင် မသိ နိုင်ဘူး။
■ နောက်တစ်ခါ နံပါတ်လေးအခွင့်အရေးက မျက် စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် အကြည်ဓာတ်အား ကောင်းနေခြင်းဟာလည်း အခွင့်အရေးကြီးတစ်ခုပဲနော်...။
မျက်စွဲ မွဲနေ ကန်းနေရင် ဘုရားရှင်ကြွလာ တာတောင် မြင်ရပါ့မလား။
'မမြင်ရပါဘုရား'
'နားကန်းနေရင်ကော တရားသံ ကြား တရားနာခွင့် ရပါဦးမလား'
'မရပါဘုရား'
ဒီလို အခွင့်အရေးကောင်းတွေ ဘယ်မှာအသုံးချမှာလဲ။
ဝိပဿနာ သာသနာကြီးပွင့်နေချိန်မှာ ဒါန လောက်နဲ့ ပြီးကြမှာလား။
'မပြီးပါဘုရား'
ဒါနက ရိက္ခာလောက် ရမှာဗျ။ သံသရာခရီးအတွက် ရိက္ခာထောက်လောက်ပဲရမှာ။ သံသရာခရီး ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် ခရီးတိုရှည် မတူကြဘူး။
ဇီးကုန်းက မဟာမြိုင်လာရင် တစ်ရက် ခရီးဆိုတော့ ရိက္ခာနည်းနည်းနဲ့ ရတယ်။
ဒီထက်ပိုဝေးရင် ဆန်နို့ဆီဘူး နှစ်လုံးလောက်နဲ့ ရပါ့မလား။
'မရပါဘုရား'
သီလကလည်း ဘဝချမ်းသာအောင်တော့ လုပ်ပေးနိုင်ပါတယ်။
သူများအသက် မသတ်တဲ့သူ ကိုယ့်လာသတ်မှာ မပူရဘူး။
သူများပစ္စည်း မခိုးခဲ့တဲ့သူ သူခိုးဘေး သူခိုးရန် မပူရဘူး။
သီလက ဘဝအကျိုးပေးကို အေးအောင်ပဲ တတ်နိုင်တယ်။
ဒီအကျိုးပေးကို ခံစားမှာက ဒါန...။
ဒါန သီလလောက်နဲ့က သံသရာခရီးရှည်ကြီးနဲ့ နှိုင်းစာလိုက်ရင်
အကျိုးပေးက ဆန်နို့ဆီဘူး နှစ်လုံးစာလောက် ရှိသေးတာ၊
ဒီလောက်ရိက္ခာလေးနဲ့ ခရီးဝေး ခရီးရှည်ကြီး ဘယ်လိုသွားနိုင်မှာလဲ။
ဒီရိက္ခာ ထုပ်လေးကိုင်ပြီး ထိုင်နေ၊ မှိုင်နေ၊ ငိုင်နေ၊ ရပ်နေလို့ ခရီးဆုံးမှာတဲ့လားဗျ။
'မဆုံးပါဘူး ဘုရား'
ဒါန၊ သီလ၊ အကျိုးပေးချမ်းသာဆိုတာရော တကယ်ချမ်းသာလို့လား။ ဒုက္ခတစ်ကျပ်သားရင်းမှ သုခတစ်မတ်သားလောက်ရတာ ချမ်းသာလို့ခေါ်မလားဗျ။
ဒုက္ခနဲ့ သုခ ဘယ်ဟာပိုများနေတုံး။
'ဒုက္ခက ပိုများနေပါတယ်ဘုရား'
တို့ တောပြော ပြောရရင် နတ်တော်ပြာသိုမှာ ချက်မယ့်ထမင်းအိုးကို
ကဆုန်နယုန်ကတည်ရတာ၊ မီးမွှေးရတာ၊ သဘောပေါက်ရဲ့လား။
'ပေါက်ပါတယ်ဘုရား'
ကဆုန်နယုန် ထယ်ထိုး၊ ထွန်ထွန်၊ ကောက်စိုက်ဗျာ။
နတ်တော်ပြာသိုကျမှ စားရမှာ။ ဘယ့်နှယ့်လဲ သုခလား၊ ဒုက္ခလား။
'ဒုက်ခပါဘုရား'
ဒါ လူမှ ဒုက္ခရှိတာမဟုတ်ဘူးဗျ။ နတ်လည်း နတ်ဒုက္ခ ပိုကြီးပါလိမ့်မယ်။
နတ်ပြည်ဆိုတာ ဘာမှ မလုပ်ရတာ၊ အချိန်တွေ အားနေတော့ ရန်ဖြစ်လို့ ပိုမကောင်းဘူးလား။ တို့လူ့ပြည်မှာက ရန်ဖြစ်ချိန်မရအောင် အလုပ်များနေလိုက်ကြတာ။
ဗြဟ္မာလည်း ဗြဟ္မာဒုက္ခ ရှိမှာပဲ။ ဒီရိက္ခာထုပ်လေးနဲ့ ဘယ်သွားလို့မှ မချမ်းသာဘူး။ သွားပါ-ရှာပါ ဒီရိက္ခာထုပ်ကလေး ကိုင်ပြီး ချမ်းသာကို လိုက်ရှာနေတာ ဘယ်မှာတွေ့ မယ်ထင်သလဲ။
'မတွေ့ပါဘုရား'
မတွေ့တာ လမ်းမမှန်လို့ဗျ။ အပြင်လမ်းက သွား နေသရွေ့
ချမ်းသာစစ် ချမ်းသာမှန်ကို ရှာတွေမှာ မဟုတ်ဘူး။
ဘုရားခေတ်က စျာန်အဘိဉာဉ်ရ ရဟန်း တစ်ပါး ရှိတယ်။
သူ့တန်ခိုးနဲ့ ကမ္ဘာလောက ဘယ်မှာဆုံးမလဲဆိုတာ လိုက်ရှာသတဲ့။
ကမ္ဘာတစ်ခုကို ခြေတစ်လှမ်းနှုန်းနဲ့ အသက် ၂ဝ လုံးလုံး လိုက်ရှာတာ ကမ္ဘာလောကရဲ့အဆုံးကို မတွေ့ဘူးတဲ့။ ဘာဖြစ် လို့ ကမ္ဘာမဆုံးရတာလဲ။
အပြင်ကလိုက်လို့၊ အပြင် လမ်းက သွားနေလို့ကတော့ စျာန်အဘိဉာဉ်နဲ့ သွား တာတောင် ဘယ်မှာမှ အဆုံးမရှိ။
ဆုံးချင်ရင် အတွင်းကလိုက်ရမှာ။ မနောက လိုက် ရမှာ။
ကမ္ဘာတစ်ခုကို ခြေတစ်လှမ်းနှုန်းနဲ့ သွားနိုင်တဲ့ စျာန်ရပုဂ္ဂိုလ်တောင် ကမ္ဘာတွေမဆုံးပါဘူးဆိုတာ နင်တို့ ဘယ်တော့ဆုံးလို့ ဘယ်တော့ပန်းတိုင်ရောက်မှာလဲ။
တို့ ဒကာ၊ ဒကာမများ ခြေတစ်လှမ်း လှမ်းရင် ဘယ်လောက်ရောက်သလဲ။
'ခြေတစ်လှမ်းစာပဲ ရောက်ပါတယ်ဘုရား'
ကဲဗျာ- ကဗျာ၊ ခရီးနဲ့ သွားနှုန်းနဲ့ ရိက္ခာနဲ့ ကမ္ဘာ တွေဆုံးပါ့မလား။ တွက်ကြည့်ကြဦးနော်။ ပြီးတော့ သွားနေတာ ဘယ်လမ်းကလဲ။
'အပြင်လမ်းကပါ ဘုရား'
အပြင်လမ်းသည် မဆုံးနိုင်သော လမ်းပန်းတိုင် မရှိသောလမ်း၊ မောပြီး ပြန်လာရမယ့်လမ်း၊ ခရီး ကြမ်း ဒီဘဝနဲ့များ မရောက်လို့ကတော့ အပါယ်လေး ဘုံဘဝတွေများ ကျရောက်သွားရင် လမ်းဘယ်မမြင်၊ လမ်းမရှိတော့ဘူး၊ လမ်းပျောက်သွားပြီ။ လူနတ် ဗြဟ္မာကမှ သုခတစ်မတ်သားလောက် ခံစားသေး တယ်။ အပါယ်လေးဘုံက ဘာတုံးဗျ။
'လုံးလုံး ဒုက္ခဘုံပါဘုရား'
လူ့ဘုံက သုဂတိဘုံဆိုပေမယ့် ဘဝရှိရင် ဒုက္ခရှိ မှာပဲ။ ဒုက္ခမသိသေးလို့ သုခမျှော်နေတာ၊ ဒုက္ခမသိတဲ့ ဖိုးသူတော်လို ဖြစ်နေဦးမယ်။ တစ်ခါတုန်းက နန်းဦး ဆရာတော် တောထွက်လာတော့ ဘုရင်က ပင့်ပြီး ဆွမ်းကပ်တယ်။ ဘုရင်ကပ်တဲ့ဆွမ်းဆိုတော့ ဘယ် လောက်ကောင်းမလဲ စဉ်းစားကြည့်။ ဒါပေမဲ့ ဆရာ တော်က ဆွမ်းဘုဉ်းပေးဖို့ ဝန်လေးနေတယ်။ ဒီ လောက်ကောင်းတဲ့ ဆွမ်းဟင်းတွေကြည့်ပြီး 'ဒုက္ခ ...ဒုက္ခ'လို့ မြွက်ဟတော်မူတယ်။ ဖိုးသူတော်ကြား သွားတော့ 'ဒီဒုက္ခမျိုးတော့ ဖိုးသူတော်လည်း ခံလိုက်ချင်ပါတယ်'လို့ ပြောသတဲ့ဗျ။ ဒုက္ခမသိလို့ ဒီလိုပြောတာ တို့ဒကာ ဒကာမတွေလည်း ဖိုးသူတော်လိုဖြစ်နေ ဦးမယ်။
ဒုက္ခမသိရင် ဒုက္ခမရှိ ဒုက္ခရှာဆိုတာ ဒုက္ခကို လိုချင်နေတာ၊ ဒုက္ခသိမှ ဒုက္ခဆုံးချင်စိတ်ရှိမှာ။ ဒုက္ခ သိချင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်စမ်းပါ။ ဒီရုပ် ဒီနာမ် ဒီခန္ဓာ ဒီဘဝ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့် လိုက်စမ်းပါ။ 'ဒုက္ခဆုံးချင်၊ လောကဆုံးချင်ရင် အ တွင်းလမ်းကသွားကွ'ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန် ကြည့်ခိုင်းနေတာ၊
ဘဝဆုံးရာ ဒုက္ခဆုံးရာ သွားပါဆို တာ ရိပ်သာအတင်းဝင်ခိုင်းနေတာ မဟုတ်ပါဘူး။ တောထွက်ခိုင်းနေတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ် ကိုယ် ပြန်ကြည့်ခိုင်းရုံလေးပါ။ စျေးရောင်းတဲ့သူကလည်း ရောင်းမြဲရောင်းရင်း ကိုယ့်ကိုယ်ကိုယ် ပြန် ကြည့်စမ်းပါ။ ရုံးသွားတဲ့လူ၊ လယ်ထွန်တဲ့သူ ဘယ် သူပဲဖြစ်ဖြစ်ဗျာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ကိုယ့်အ ကြောင်းကိုယ်သိအောင် သတိလေးနဲ့ ကြည့်ပေးစမ်းပါ။
သညာက သူ့အလုပ်သူ လုပ်နေမှာပဲ။ လုပ်ပါစေ။ စျေးရောင်း၊ ထမင်းချက်၊ ရုံးသွားပါစေတို့က သညာ လုပ်သမျှ လိုက်မှတ်ပေးနေရမှာ။ မှတ်တာရယ် ကြည့်တာရယ် ရှုတာရယ် အခေါ်သာကွဲတာ၊ အတူတူပဲ။ သတိရဲ့အမည်တွေပဲ။ ဒီတော့ မှတ်ပါ။ အလေ့အကျင့် မရခင် ခက်ချင်ခက်နေပါလိမ့်မယ်။ မှတ်ပါများတော့ အထူးကြောင့်ကြစိုက်နေစရာ မလိုတော့ပါဘူး။ လုပ်တာနဲ့ မှတ်ပြီးသား။ အမှတ်မရှိရင် အတွေးဝင်မှာပဲ။
အဲဒီအတွေးက ဒုက္ခပေးနေတာ။ ဒုက္ခတစ်ကျပ်သားမှာ သုံးမတ်သားက တွေးလို့ဖြစ်တာ၊ တကယ်ပက် ပင်းကြုံရတဲ့ဒုက္ခက တစ်မတ်သားပဲ ရှိတာ။ နောက်ကြောင်းပြန်တွေးလို့ ဖြစ်တဲ့ဒုက္ခက ငါးမူးသား၊ ရှေ့ မျှော်တွေးလို့ဖြစ်တဲ့ ဒုက္ခက တစ်မတ်သား။
ပက်ပင်းကြုံဒုက္ခ တစ်မတ်သားမျိုးကတော့ လူ တွေ ပုထုဇဉ်တွေမှ မဟုတ်ပါဘူး။ ဘုရား ရဟန္တာ များသော်မှခံရပါတယ်။ အဲဒါ ဘာလဲ... လောကဓံ။ ဒါပေမယ့် ဒီဒုက္ခတစ်မတ်သား ခံရတာချင်းအတူတူ
ဘုရား ရဟန္တာများကျတော့ မတုန်မလှုပ် ကျော်နိုင်တော်မူကြတယ်။
ငုတ်မှန်း ခလုတ်မှန်း သိတော့ ကျော်နိုင်တာပေါ့။ လူတွေကျတော့ ငုတ်မှန်း ခလုတ်မှန်း မသိတော့ ဒုက္ခကို ဝင်တိုက်မိကြတယ်။ ဒုက္ခကို လုပ်လိုက် မိတ်ဆွေဖွဲ့လိုက်နဲ့။ ကိုယ့်ကိုယ်ကိုယ် ကြည့် ရှုမှတ်စိတ်ကလေးနဲ့နေတဲ့ ပုဂ္ဂိုလ်သာ ဒီဒုက္ခတစ်မတ် သား ကျော်နိုင်တယ်။ ဒုက္ခလမ်းဆုံးသွားဖို့ သတိက 'သမထ'ပိုင်းကို တာဝန်ယူပါတယ်။ သမထက ငြိမ်း တာ၊ မှတ်ပါများလာရင် သိစရာရှိတာ သိလာပါလိမ့် မယ်။ သိလာတာ ဝိပဿနာပဲ။ အသိကို ဝိပဿနာ က တာဝန်ယူပါတယ်။
ဒီတော့ တို့ ဒကာ ဒကာမများ ဒုက္ခနဲ့နေမှာလား၊ ဒုက္ခဆုံးအောင် လုပ်မှာလား။
'ဒုက္ခဆုံးအောင် လုပ်မှာပါဘုရား'
ဒုက္ခဆုံးရာပန်းတိုင်က အပြင်လမ်းက သွားမှာလား၊ အတွင်းလမ်းက သွားမှာလား။
'အတွင်းလမ်းက သွားမှာပါဘုရား'
အတွင်းလမ်းဆိုတာ မိမိကိုယ်ကို အမြဲမပြတ် ရှုမှတ်နေခြင်း၊ အမူအရာလှုပ်ရှားမှုတိုင်းရဲ့နောက်မှာ အမှတ်သတိလိုက်ပါနေခြင်းဖြင့် အတွင်းလမ်းမှသည် ကမ္ဘာလောကရဲ့ ဒုက္ခဆုံးရာဆီ ဧကန်မုချ အရောက် သွားနိုင်မည် မဟုတ်ပါလား။
(၁၃၇၁ ခု၊ တပို့တွဲလဆန်း ၁၄ ရက် ၂၈-၁-၂ဝ၁ဝ တွင် ဇီးကုန်းနှင့် သာစည်မှ တပည့်ဒကာ၊ ဒကာမများအား ဟောတော်မူသည်)
#မောင်သွေးချွန် မှတ်တမ်းတင်ပူဇော်သည်
credit :
Comments
Post a Comment