တင်ပြမှုဆိုင်ရာ နည်းသုံးသွယ်
တင်ပြမှုဆိုင်ရာ နည်းသုံးသွယ်
ပန်းချီသမားတွေဟာ ပန်းချီကားချပ်တွေ ဖန်တီးပြီး ကြည့်သူတွေကို ချုပ်ကိုင်ဖို့ ကြိုးစားကြတယ်။ ဒီကြိုးစားမှုအတွက် နည်းလမ်းတွေ အများကြီး ပေါ်ခဲ့တယ်။ ရှေ့လျှောက်ပြီးလည်း ပေါ်ထွက်နေဦးမှာပဲ။ ဆာရီရယ်လစ်ဇင်း၊ ကျူဗစ်ဇင်းစတဲ့ နည်းလမ်းတွေဟာ ဒီလို ချုပ်ကိုင်မှုရဲ့ လက်တက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဓိကပုံစံအားဖြင့် ချုပ်ကိုင်မှု နည်းနာဟာ အကြမ်းအားဖြင့် သုံးမျိုးပဲ ခွဲလို့ရတယ်။
ဒါတွေကတော့
၁။ လူရဲ့ စက္ခုအာရုံကို ချုပ်ကိုင်မှု
၂။ လူရဲ့ အသိဉာဏ်ကို ချုပ်ကိုင်မှု
၃။ လူရဲ့ အတိတ်နဲ့ ပတ်ဝန်းကျင် စိတ္တဇကို ချုပ်ကိုင်မှု
ဒီလို အကြမ်းဖျဉ်း ခွဲရပါလိမ့်မယ်။
လူရဲ့ စက္ခုအာရုံကို ချုပ်ကိုင်မှု ပန်းချီကားချပ်တွေကတော့ ကမ္ဘာပေါ်မှာ အထွန်းကားဆုံး၊ အများပြားဆုံး ပန်းချီကားတွေပါပဲ။ ဒီပန်းချီမျိုးဟာ ပန်းချီဆရာရဲ့ ကျွမ်းကျင်မှုပေါ်မှာ တည်ပြီး ဖန်တီးထားတဲ့ ကားချပ်တွေပဲ ဖြစ်တယ်။ ပန်းချီသမားဟာ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ ကြည့်သူကို အလှအပတွေ တင်ပြချုပ်ကိုင်တယ်။ အလှအပလို့ ကျွန်တော်ပြောရတာ သိပ်ပြီး တိမ်တယ်။ ပန်းချီတချပ်ရဲ့ အလှအပဟာ သိပ်ပြီး နက်ရှိုင်းတယ်။ ပြည့်စုံတယ်။ အလှအပဆိုဲ့ စကားက သုံးဖန်များလို့ ပေါ့နေတယ်။ ဒါပေမယ့် ဒီလိုပဲ သုံးရမှာပဲ။ ကျွန်တော်ပြောတဲ့ အလှအပဆိုတာက သဘာဝတရားရဲ့ ညီညွတ်မှုတွေကို ပန်းချီသမားရဲ့ ဖန်တီးချက်တွေနဲ့ ရောစွက်တင်ပြတာပဲဆိုတာ မေ့လျော့မသွားဖို့ လိုပါတယ်။
ပန်းချီသမား တယောက်ဟာ ကြည့်သူရဲ့ စက္ခုအာရုံကို ချုပ်ကိုင်ဖို့ ဖန်တီးတော့မယ်ဆိုရင် အထူးသဖြင့် ဂရုတစိုက်ထားကြတာကတော့ အရောင်တွေရဲ့ ပေါင်းစပ်မှုနဲ့ ပေါင်းစပ်မှု အချိုးအစားပါပဲ။ ကျွန်တော်တင်ပြခဲ့သလို အရောင်များကို အများကြီး အထောက်အပံ့ပေးတာက ဖွဲ့စည်းမှုပဲ။ ဖွဲ့စည်းမှုခိုင်ရင် ခိုင်သလောက် ပန်းချီကားဟာ အားကောင်းလာမယ်။ ဒြပ်ထုတွေကို အချိုးအစားပြုပြင်ပြီး ရေးဆွဲတဲ့အခါမှာတော့ ဖွဲ့စည်းမှုဟာ အဓိကအင်အား ဖြစ်လာတယ်။
နောက်တခု ပန်းချီသမားတွေ သုံးလေ့ရှိတာက နည်းလမ်းခေါ်တဲ့ Technique ပါပဲ။ နည်းလမ်းအမျိုးမျိုးကို ရောမွှေပြီး ပိုမိုအားကောင်းအောင် ဖန်တီးကြတယ်။ ပေါ်ဦးသက်ဆိုရင် ပုံနှိပ်နည်းကို သူ့ရဲ့ ပန်းချီကားတွေမှာ သုံးစွဲထားတာ တွေ့ရတယ်။ ဒီလိုသုံးစွဲမှုဟာ တခြားနည်းနာတရပ်ထက် အားကောင်းလာတာ တွေ့ရပါတယ်။ ပိုမိုပြီး အားကောင်းလာနိုင်တဲ့ အထူအပါး၊ အကျယ်အဝန်း၊ အကြမ်းအချောစတဲ့ မျက်နှာပြင်ပေါ်မှာ ထပ်မံဖြည့်စွက်မှုမျိုးတွေလည်း ရှိတယ်။ တချို့က (အထူးသဖြင့် ဥရောပမှာ) သဘာဝ အရှိပစ္စည်းတွေကို သုံးစွဲလာကြပါတယ်။ ဥပမာအားဖြင့် သံဖြူ၊ သစ်သား၊ စက္ကူ ကတ်ထူ၊ ကော်ဖီမှုန့်နဲ့ အဝတ်စုတ်တွေဟာ တခါတရံ သုံးသင့်တယ်လို့ ပန်းချီသမားက ဆုံးဖြတ်တဲ့အခါ သုံးတတ်ပါတယ်။
လူရဲ့ စက္ခုအာရုံကို နှိုးဆွတဲ့ နည်းလမ်းအနေနဲ့ ကနေ့ မြန်မာပြည်မှာ ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။
ဒီလို စက္ခုအာရုံကို ချုပ်ကိုင်မှု အနုပညာဟာ မိန်းမငယ်တွေရဲ့ ဆင်ယင်ထုံးဖွဲ့မှုမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပြန်တယ်။
မိန်းမငယ်တယောက်ဟာ သူ့ရဲ့ကိုယ်ကို မူလကုန်ကြမ်းအဖြစ် သုံးပြီး အနုပညာတရပ်ကို ဖန်တီးတယ်။ ကြည့်သူတွေရဲ့ အာရုံကို ချုပ်ကိုင်ဖို့ ကြိုးစားတယ်။
ဒီလို ချုပ်ကိုင်ကြရာမှာ နည်းအမျိုးမျိုးနဲ့ ဆုံးဖြတ်တဲ့အတိုင်း လုပ်ဆောင်ကြတယ်။ တချို့ကတော့ သာမန် အဝတ်အဆင်ကိုပဲ ဝတ်ဆင်ကြတယ်။ ဒါပေမယ့် ဒီလို သဘာဝအတိုင်း တင်ပြတဲ့အခါမှာ သဘာဝရဲ့ အလှအပဟာ မှိန်နေမယ်၊ တိမ်နေမယ်။ ဒီအခါမှာ သဘာဝကို သဘာဝအတိုင်း မတင်ပြဘဲ တန်ဆာဆင်မှုတွေ လုပ်မယ်။ ဒီလို တန်ဆာဆင်တဲ့အခါမှာ ထောက်ပံ့မှု ကုန်ကြမ်းဖြစ်တဲ့ မိတ်ကပ်၊ နှုတ်ခမ်းဆေး စတဲ့ ပစ္စည်းတွေကို သုံးမယ်။ ဒါတွေကို မူလကုန်ကြမ်းဖြစ်တဲ့ မိန်းမရဲ့ ဒြပ်ထုနဲ့ ပူးပေါင်းမယ်။
ဒီလိုပူးပေါင်းတဲ့အခါမှာ မူလကုန်ကြမ်းဖြစ်တဲ့ မိန်းမရဲ့ ဒြပ်ထုဟာ ပိုပြီး အားကောင်းလာတယ်။ ချုပ်ကိုင်မှုစွမ်းအင် ပိုပြီး ကြီးလာတယ်။ ဒါပေမယ့် ဒီလို ဆင်တိုင်း လှတယ်လို့ ပြောလို့မရဘူး။ ဆင်ကာမှ အရုပ်ဆိုးသွားတာလည်း ရှိတယ်။ ဆင်ရာမှာ ဆင်သူရဲ့ စွမ်းရည်လိုတယ်။ ဆင်တတ်မှ လှတယ်။
ဆင်တတ်သူဟာ အလှဆုံးဖြစ်တယ်။
ဆင်တတ်တယ်ဆိုတာက မူလကုန်ကြမ်းဖြစ်တဲ့ မိမိရဲ့ ဒြပ်ထုနဲ့ အနုပဋိလောမကျတဲ့ ထောက်ပံ့ကုန်ကြမ်းရွေးချယ်မှုတွေပဲ။ ဒီလို ရွေးချယ်တဲ့အခါမှာ အနုပဋိလောမကျတဲ့ ထောက်ပံ့ကုန်ကြမ်း ရွေးချယ်မှုတွေပဲ။ ဒီလို ရွေးချယ်တဲ့ အခါမှာ အနုပဋိလောမအကျဆုံးကို ရွေးနိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်းရှိသူဟာ ဆင်တတ်သူ ဖြစ်တယ်။ ဒီလိုရွေးချယ်ပြီး ဆင်တဲ့အခါမှာ အမဲသားဟင်းကို မဆလာထည့်သလို မူလကုန်ကြမ်းကို ပိုပြီး တောက်ပြောင်စေတယ်။ ဒါပေမယ့် အနုပဋိလောမကျမှု မရွေးချယ်ဘဲ ရမ်းပြီး ဆင်လိုက်ရင် အမဲသားဟင်းထဲ ငါးပိထည့်တာလို့ ဖြစ်သွားမယ်။
ဆက်လက်ဖော်ပြပါမည်။
Comments
Post a Comment