လောက၏အကြောင်း
🙏လောကသုံးပါးနှင့် မြတ်ဘုရားဒေသနာ🙏
…………………………………………………
လောက၏အကြောင်းကို ရောဟိတနတ်သားနှင့် မာလုကျ ရဟန်းသည် မြတ်စွာဘုရားရှင်အား လျှောက်ထား မေးမြန်းခဲ့ဖူး၏။ ရောဟိတနတ်သားသည် ဈာန်အဘိညာဉ်ရသော ရသေ့ဖြစ်စဉ်အခါ စကြာဝဠာ လောကကြီး၏ အဆုံးကို ရောက်ရန် ကြိုးစား အားထုတ်ခဲ့သူဖြစ်၏။
အလွန်လျှင်မြန်သော အဘိညာဉ်ခြေလှမ်းဖြင့် လောကကြီး၏ အဆုံးကို ရောက်ရန်သွားခဲ့သော်လည်း စကြာဝဠာလောကကြီးအကြား ခရီးသွားရင်းသာ စုတေခဲ့ရ၏။ ရုပ်နာမ်ခန္ဓာ အာယနဓာတ်ဟူသော သင်္ခါရလောက၏အဆုံးကို မရောက်ဘဲ လောကအဆုံးကို မရောက်နိုင်ကြောင်း မြတ်စွာဘုရား မိန့်ကြားတော်မူခဲ့၏။
မာလုကျရဟန်းသည် လောကကြီး၏ မြဲ မမြဲကို မြတ်စွာဘုရားရှင် မဖြေကြားလျှင် သင်္ကန်းချွတ်တော့မည်ဟူ၍ မြတ်စွာဘုရားရှင်အား ခြိမ်းခြောက်ကာ မေးမြန်းခဲ့သော်လည်း လောကကြီး မြဲ မမြဲကို မြတ်စွာဘုရားရှင် ဖြေကြားတော် မမူခဲ့ပေ။
စကြာဝဠာဟူသော သြကာသလောကအကြောင်း သိလိုသူတွေ မည်မျှပင် များပြားခဲ့သော်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကိုရောက်ကြောင်း ဒုက္ခငြိမ်းကြောင်းတရား မဟုတ်သောကြောင့် အကျယ်တဝင့် ဟောပြတော်မမူခဲ့ပါ။ သတ္တဝါတို့၏ ပုဂ္ဂလဇ္ဈာသယအရ သိသာရုံမျှသာ ဟောပြတော်မူခဲ့၏။
🌲လောက (၃) ပါး🌲
၁။ သတ္တလောက- သက်ရှိသတ္တဝါတို့၏ ရုပ်နာမ်ခန္ဓာအစဉ်၊
၂။ ဩကာသ လောက- သက်မဲ့ ဥတုဇရုပ်တို့၏ ခန္ဓာအစဉ်၊
၃။ သင်္ခါရလောက-သက်ရှိ သက်မဲ့ နှစ်မျိုးလုံး တို့၏ ရုပ်နာမ်ခန္ဓာအစဉ်။
(ဒီ၊ ဋ္ဌ၊၁။ ၁၅၆။) (မ၊ ဋ္ဌ၊၂။ ၁၀၄။) (အံ၊ ဋ္ဌ၊၁။ ၇၅။) (ဝိသုဒ္ဓိ၊၁။ ၁၉၈။) (ဒီ၊ ဋ္ဌ၊ မြန်၊၁။ ၃၀၄။) (ဝိ၊ ဋ္ဌ၊ ၉၀။)
🎄 လောက ၃ မျိုး (တစ်နည်း)🌲
၁။ ဣနြေ္ဒတို့နှင့်စပ်ကုန်သော ရုပ်တရားတို့၏လည်းကောင်း, နာမ်တရားတို့၏လည်းကောင်း, ရုပ်နာမ်တရားတို့၏လည်းကောင်း သန္တာန်၏အစွမ်းဖြင့် ဖြစ်ကုန်သော ခန္ဓာတရားတို့၏ အပေါင်းအစုသည် သတ္တလောက။
၂။ ရုပ်ခန္ဓာ, နာမ်ခန္ဓာ နှစ်မျိုးလုံးတို့သည် သင်္ခါရလောက။
၃။ မြေကြီး, တော, တောင် အစရှိသော အရာသည် ဩကာသ လောက။
(ဣတိဝုတ်၊ ဋ္ဌ။ ၂၄၈။)
🌻မြင့်မိုရ်တောင်မမြင်ရခြင်းအကြောင်း🌻
လောကအမျိုးမျိုး ကွဲပြားမှုများ ရှိနေသော်လည်း အကျဉ်းချုပ်၍ ပြောဆိုရလျှင် ဖော်ပြခဲ့သော လောကသုံးမျိုးတွင် အကျုံးဝင်၏။ ဤနေရာ၌ စိတ်ဝင်စားမှု အများဆုံးသည် သြကာသလောက၏ အကြောင်းအရာများပင် ဖြစ်၏။ သိပ္ပံပညာရပ်များ ထွန်းကားလာသည်နှင့်အမျှ မြေကြီး တော တောင် စသော ဥတုဇရုပ်များဖြစ်သော သြကာသလောကအပေါ် မေးခွန်းထုတ်လာကြ၏။ ဘုရားဟောဒေသနာတွင် မြင့်မိုရ်တောင်ရှိနေသော်လည်း အဘယ့်ကြောင့် မြင့်မိုရ်တောင် ယုဂန္ဓိုရ်တောင်တို့ကို အာကာသယာဉ်တို့ဖြင့်သွားသောအခါ မှန်ဘီလူးဖြင့်ကြည့်သောအခါ မမြင်ရသနည်းဟူသော မေးခွန်းကို မေးလေ့ရှိကြ၏။ လူသာမန်တို့မမြင်အပ်သော မမြင်နိုင်သော အရာဝတ္ထုများဖြစ်သောကြောင့် မမြင်ရခြင်းပင်ဖြစ်၏။ ဈာန်စိတ် သမာဓိကိုပိုင်ဆိုင်ကြသော စိတ္တဝိသုဒ္ဓိပုဂ္ဂိုလ်များသည် တာဝတိံသာနတ်ပြည်တွင်ရှိသော စူဠာမဏိစေတီတော်နှင့် ဗြဟ္မာ့ပြည်တွင်ရှိသော ဒုဿစေတီတော်ကို လူ့ပြည်မှနေ၍ ဖူးမြင်ကြရကြောင်းနှင့် ဗုဒ္ဓဂယာကို အာရုံယူပြီး အဓိဋ္ဌာန်၍ ကြည့်လိုက်လျှင် လူကိုယ်တိုင် သွားရောက်ဖူးမြင်ရသကဲ့သို့ဖြစ်ကြောင်း ပြောဆိုဆွေးနွေးမှုများကို ကြားဖူးကြပေလိမ့်မည်။ ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ကြည့်မှသာ မြင်နိုင်သော အရာများဖြစ်သောကြောင့် လူသာမန်တို့မမြင်အပ်သော မမြင်နိုင်သော အရာဝတ္ထုများဖြစ်သောကြောင့် မမြင်ရခြင်းပင်ဖြစ်၏ဟု ပြောလိုရင်းပင်ဖြစ်။
စာပေကျမ်းဂန်တို့၏ အဆိုအမိန့်များနှင့် ဆက်စပ်ပြီး တွေးတောစေလိုသည်မှာ မြင့်မိုရ်တောင်သည် လူတို့၏နေထိုင်ရာ မြေပြင်နှင့် တစပ်တည်းရှိ၏ဟု ထင်နေရသော်လည်း မြင့်မိုရ် ယုဂန်ဓိုရ် သတ္တရဘန် တောင်စဉ် ခုနှစ်ထပ်တို့သည် မြခနောက်သုံးခုပေါ်တွင်တည်ရှိကြောင်းနှင့် ၎င်းမြခနောက်သုံးခုတို့၏အကြားတွင် ယူဇနာတစ်သောင်းကျယ်ဝန်းသော အသူရာပြည်ရှိကြောင်း စာပေကျမ်းဂန်တို့၌ ပြဆိုသောကြောင့် မြင့်မိုရ်တောင် စသော အရာများသည် ကမ္ဘာမြေကြီးနှင့် မထိစပ်ဘဲ ပန်းဆိုင်းဆွဲထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ကမ္ဘာမြေအတွင်းသားတွင် တည်ရှိသော အရာများမဟုတ်သောကြောင့် မမြင်ရခြင်းဖြစ်၏ဟုလည်း မှတ်ယူနိုင်ပေသည်။ ဘုရားဟော ဒေသနာတော်တွင် နေက မြင့်မိုရ်တောင်ကို လှည့်ပတ်၏ဟုဆို၏။ သိပ္ပံပညာရှင်များ၏ အမြင်တွင် နေသည် ကမ္ဘာကိုမလှည့်ပတ်ဘဲ ကမ္ဘာကသာ နေကို လှည့်ပတ်ရကြောင်း ပြောဆိုသံကို ကြားဖူးပါ၏။ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်အမြင်လို့ ထင်မြင်စရာ ရှိနေသော်လည်း ဆန့်ကျင်ဘက် မဟုတ်ကြောင်း နားလည်နိုင်ပါ၏။ ကမ္ဘာမြေက မိမိထက်အင်အားကြီးသော နေကို လှည့်ပတ်ရခြင်းဖြစ်သလို နေကလည်း သူ့ထက် အင်အားကြီးသော မြင့်မိုရ်တောင်ကို လှည့်ပတ်နေရခြင်းဖြစ်၏ဟု နားလည်မိလျှင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဝိရောဓိမဖြစ်ဟု မြင်မိ၏။ နေမိဇာတ်တော်တွင် နတ်ပြည်သွားသောလမ်းကို ငရဲလမ်းနှင့် နတ်ဗိမာန်လမ်းတို့တွင် နေမိမင်းကြီး ကြိုက်နှစ်သက်ရာ လမ်းကြောင်းဖြင့် သွားနိုင်ကြောင်း မာတလိနတ်သား၏ ပြောကြားချက်ကို ထောက်ရှုလျှင် မြေကြီးအတွင်းမှာသာ ငရဲရှိသည်မဟုတ် ကောင်းကင်ပြင်တွင်လည်း ဥဿဒစသော ငရဲငယ်များ ရှိကြောင်း သတိပြုသင့်ပေသည်။ တာဝတိံသာနတ်တို့၏ တစ်ရက်နှင့် စတုမဟာရာဇ်နတ်တို့၏ တစ်ရက်တာကာလသည် အတော်လေးကွာဟကြ၏။ လူတို့၏အနှစ် ငါးဆယ်ကို စတုမဟာရာဇ်နတ်တို့၏ တစ်ရက်ဖြစ်၏။ လူတို့၏ အနှစ်တစ်ရာသည် တာဝတိံသာ နတ်တို့၏ တစ်ရက်သာ ဖြစ်ကြောင်း ပြောဆိုကြ၏။ ကမ္ဘာမြေပြင်၏ အတွင်းပိုင်း မဟုတ်ကြဘဲ တစ်ခုနှင့်တစ်ခုသည် သီးခြားစီဖြစ်သောကြောင့်သာ နေ့ရက်အချိန်မှအစ အလွန်ပင် ကွာခြားခြင်းဖြစ်၏ဟု နားလည်နိုင်ပါ၏။ ဝိဘင်းပါဠိတော်တွင်လည်း လေ့လာနိုင်ပါ၏။ မြင့်မိုရ် ယုဂန် သတ္တရဘန်တို့ကို မမြင်တွေ့ရခြင်းအကြောင်းကို ဒေသနာ သာဓကယုတ္တိတို့ဖြင့် ထုတ်ဆောင်၍ ပြခြင်းသာဖြစ်၏။
🌹ကျွန်းကြီးလေးကျွန်း ရှိ မရှိအဖြေ🌹
မြေကြီး မြင့်မိုရ်တောင်နှင့် နေလနက္ခတ် တော တောင် ဘုံ ဗိမာန်စသော တည်ရာဌာန သက်မဲ့ ဥတုဇရုပ်များသည် သြကာသလောကကြီးပင်ဖြစ်၏။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း, ပုဗ္ဗဝိဒေဟ အရှေ့ကျွန်း, ဥတ္တရကုရု မြောက်ကျွန်း, အပရဂေါယာ အနောက်ကျွန်း,ဟူသော ကျွန်းကြီးလေးကျွန်း ရှိမရှိ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ ဘုရားဟော မဟော ယုံကြည်ရန် ခက်ခဲနေသူများ ရှိကြ၏။ ထင်ရာ မြင်ရာ ရေးသားကြသည်ဟု ယူဆနေသူများလည်း ရှိကြ၏။ ဗြာဟ္မဏအယူဝါဒများ ဖော်ပြရာစာပေမှ စိတ်ကူးယဉ်ဆန်ဆန်ကို ကူးယူဖော်ပြခြင်းဖြစ်သည်ဟု တွေးတောနေသူများလည်း ရှိခဲ့ပါ၏။ ဤပြဿနာကို ဖြေရှင်းနိုင်ရန်မှာ လက်ညိုးထိုးပြ၍ ရသော အရာများမဟုတ်သောကြောင့် ဘုရားဟော ဒေသနာကို ညွှန်ပြသော်လည်း ယုံကြည်နိုင်ပါမည်လားဟု အကြိမ်ကြိမ်အခါခါ ယုံမှားသံသယ ဖြစ်မိပါ၏။ ဥရုဝေဠကဿပကို ဖြေချွတ်ရာတွင် ဥတ္တရကုရု မြောက်ကျွန်း၌ မြတ်စွာဘုရား ဆွမ်းခံကြွပုံကို လေ့လာမိခဲ့လျှင် ကျွန်းကြီးလေးကျွန်း ရှိ မရှိ ပြဿနာသည် အလိုလို ဖြေရှင်းပြီးသား ဖြစ်ပေလိမ့်မည်။ မြတ်စွာဘုရားရှင်နှင့် သံဃာတော်များ မုယောဆန်သုံးဆောင်ရသော ဝေရဉ္ဇာပြည်တွင် အရှင်မဟာမောဂ္ဂလာန်မထေရ် မြတ်စွာဘုရားရှင်အား မြောက်ကျွန်းကို ဆွမ်းခံကြွခွင့်ပြုဖို့ လျှောက်ထားသောစကားကို ပါရာဇိကဏ်ပါဠိတော်နှင့်၎င်းအဋ္ဌကထာ ဋီကာတို့ကို လေ့လာမိလျှင် ကျွန်းကြီးလေးကျွန်း ရှိကြောင်းကို တိုက်ရိုက်ကြည့်ရှုလေ့လာနိုင်ပါ၏။ ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို လေ့လာနိုင်သော စာပေအင်အား မရှိခဲ့လျှင် ကျီးသဲလေးထပ်ဆရာတော် ရေးသားတော်မူသော မဟာဝင်ကျမ်းတွင် ဇမ္ဗူဒီပစာတမ်းကိုသာ လေ့လာဖတ်ရှုကြပါဟု အကြံဉာဏ်ပေးချင်ပါသည်။
(ပါရာဇိကဏ်ပါဠိတော်၊ နှာ.၁/၈၊ ပိုဒ်-၁/ ၁၇၊ ၎င်းအဋ္ဌကထာ၊ နှာ- ၉၀/၁/၂။)
✨၃၁ ဘုံ အကြောင်း သိကောင်းစရာ✨
သုံးဆယ့်တစ်ဘုံဟူသော စကားသည် ဗုဒ္ဓဘာသာဝင်အများစု ကြားသိဖူးသော စကားပင်ဖြစ်၏။ ဗုဒ္ဓဘာသာမဟုတ်သော အခြားသော ဘာသာရေးအယူအဆများတွင် သုံးဆယ့်တစ်ဘုံဟု မပြောကြသော်လည်း ကောင်းကင်ဘုံ ရှိကြောင်း ယုံကြည်ထားကြ၏။ မည်သို့ပင် ကွဲပြားခြားနားနေသော်လည်း သတ္တဝါတို့၏ ဖြစ်ရာ ဘဝများကို ဘုံဟု ခေါ်ဆိုကြောင်း ဦးစွာပဌမ နားလည်ထားရပေမည်။ လူ့လောကတွင် ရာဇဝတ်မှု ကျူးလွန်သူများကို အချုပ် ထောင်တို့က ဆီးကြိုလျှက်ရှိကြသလို နိုင်ငံသူနိုင်ငံသား ကမ္ဘာသူ ကမ္ဘာသားတို့၏ ကောင်းကျိုးချမ်းသာကို စေတနာ မေတ္တာ ရှေးရှုပြီး ဆောင်ရွက်နေသူများအတွက် ချီးမွမ်းထောမနာ ဂုဏ်ပြုမှုတို့ဖြင့် ဆီးကြိုလျှက် ရှိကြ၏။ ထိုနည်းတူစွာပင် အကုသိုလ် ဒုစရိုက်တို့ဖြင့် ထုံမွမ်းနေသော သူတို့အား ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်ဟူသော အပါယ်လေးပါးက ဆီးကြိုနေပါ၏။ ငရဲဘဝ ဆင်းရဲဒုက္ခ ခံစားနေရသူကို ငရဲဘုံရောက်၏ဟု ခေါ်ဆိုမှုပြုပါ၏။ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဘဝသို့ ရောက်နေသူများကိုလည်း ငရဲဘုံ တိရစ္ဆာန်ဘုံ ရောက်နေသည် စသော စကားအသုံးအနှုံးကို ပြုကြပါ၏။ အချို့သော သတ္တဝါတို့သည် ဘုံ တစ်ခု သီးခြားရှိသော်လည်း အချို့သော သတ္တဝါများမှာ ဘုံဗိမာန် သီးခြား မရှိကြပါ။ အနီးစပ်ဆုံး ဥပမာပေးရလျှင် လူနှင့်တိရစ္ဆာန်ကို ပြောရပေလိမ့်မည်။ လူ့ဘုံ တိရစ္ဆာန်ဘုံဟု ပြောဆိုကြသော်လည်း လူနှင့်တိရစ္ဆာန်တို့သည် ဤကမ္ဘာမြေပြင်တွင် အတူတကွဖြစ်ပေါ်ကြ၏။ အသိဉာဏ်နှင့် ဘဝပေးအခြေအနေများသည် မည်သို့မျှ ပေါင်းစပ်၍ မရလောက်အောင် ခန္ဓာကိုယ်တည်ဆောက်ပုံကအစ မတူညီကြပေ။ အလွန်အင်မတန် ကွဲပြားခြားနား၏။ လူ့အပေါင်းအသင်းနှင့် တိရစ္ဆာန်အပေါင်းအသင်း ဖြစ်ပေါ်ပုံခြင်း မတူညီကြသောကြောင့်သာ ဖြစ်ရာဘဝကိုလိုက်ပြီး ဘုံတစ်ခုအဖြစ် ခေါ်ဝေါ်ပြောဆိုမှုရှိကြောင်းလည်း သိထားသင့်ပါ၏။
အပါယောတိ နိရယတိရစ္ဆာနယောနိပေတ္တိဝိသယအသုရကာယာ။ သဗ္ဗေပိ ဟိ တေ ဝဍ်ဎိသင်္ခါတဿ အယဿ ဘာဝေါ "အပါယော"တိ ဝုစ္စတိ။
(နိဒါန- ခန္ဓဝဂ္ဂ အဋ္ဌကထာ၊ နိဒါနသုတ်အဖွင့်၊ နှာ-၈၉)
အစရှိသည်ကို လေ့လာခြင်းဖြင့် ငရဲမျိုးစေ့မှာ ပဋိသန္ဓေနေသူကို ငရဲဘုံရောက်သည် တိရစ္ဆာန်မျိုးစေ့မှာ ပဋိသန္ဓေနေသူကို တိရစ္ဆာန်ဘုံရောက်သည်ဟု အပါယ်လေးပါးနှင့်ပတ်သက်ပြီး ဘုံလေးဘုံ သတ်မှတ်ကြောင်း သိထားသင့်ပေသည်။
အပြစ်မရှိ ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာရှိသော သုစရိုက်တရားတို့ဖြင့် နေထိုင်ပြုမူပြောဆို တွေးကြံသူများအတွက် ကောင်းမွန်သော ဘဝများက ကြိုဆိုနေပါ၏။ ဥပမာအနီးစပ်ဆုံးပြောရလျှင် သုဂတိဘဝဖြစ်သော လူ့ဘဝကို ကံကောင်းထောက်မစွာ ရရှိလာပါသော်လည်း ဆင်းရဲချမ်းသာ ကွာဟကြ၏။ အချို့က ဆင်းရဲသားအမျိူးအနွယ်၌ ပဋိသန္ဓေတည်ကြ၏။ အချို့က သူဌေးသူကြွယ်အမျိုးအနွယ်၌သာ ပဋိသန္ဓေတည်ကြ၏။ ဆင်းရဲသားဘဝ သူဌေးသားဘဝဟု ခေါ်ဝေါ်သုံးစွဲကြ၏။ ကုသိုလ်ကံ၏ အကျိုးပေးသည် လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝစသည်ဖြင့် ခေါ်ဆိုကြသလို လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံဟု ခေါ်ဆိုသော ဘုံဌာနများတွင် မျိုးစေ့ပဋိသန္ဓေအဖြစ် အကျိုးပေးခွင့်ရ၏။ လူ့ဘုံဌာနဖြစ်သော ဤကမ္ဘာမြေပြင်တွင် လူသားများနှင့် ဘုမ္မဇိုးစသော နတ်တို့သည် အတူတကွ နေထိုင်ပါသော်လည်း မျိုးနွယ်ခြင်း အသင်းအပင်းခြင်း မည်သို့မျှ မတူညီကြသလို ဆက်စပ်၍ မရအောင် ကွာခြားကြ၏။ ထို့ကြောင့်လည်း ဖြစ်ရာဘဝကို အစွဲပြုပြီး ဘုံဌာနတစ်ခုအဖြစ် ခေါ်ဆိုမှု ရှိပုံကို သတိပြုစေလို၍ ဖော်ပြခြင်းသာဖြစ်၏။ စတုမဟာရာဇ် နတ်များနှင့် တာဝတိံသာ နတ်တို့သည် နေရာဌာနခြင်း စည်းစိမ်ချမ်းသာခြင်း မတူညီကြသလို ဘုံဗိမာန်ခြင်းလည်း ကွဲပြားခြားနားသောကြောင့် စတုမဟာရာဇ်နတ်ဘုံ တာဝတိံသာနတ်ဘုံဟု နတ်ခြင်းတူသော်လည်း ဘုံဗိမာန်ခြင်း ကွဲပြားသွား၏။ ဘုံဌာနကွဲပြားသည့်အလျောက် သက်တမ်းခြင်းလည်း အလွန်ကွာခြားလှ၏။ ဤနေရာ၌ အနည်းငယ် ချဲ့၍ ပြောလို၏။ စတုမဟာရာဇ်နတ်မျိုးနွယ်တို့သည် အချို့နတ်များ မြင့်မိုရ်တောင်၏ အလယ်၌ နေကြသလို အချို့နတ်များကလည်း အခြားတစ်ပါးသော စကြာဝဠာတောင်၌နေကြ၏ ။အချို့ကလည်း ကောင်းကင်ဘုံဗိမာန်နန်းတွင် နေထိုင်ကြ၏။ အမျိုးအနွယ်ပေါင်း ဘုံဗိမာန်၏ တည်ရာဌာနပေါင်း အများအပြားရှိသော်လည်း နတ်မင်းကြီးလေးပါး၏ အုပ်ချုပ်မှုအောက်တွင် ရှိကြသောကြောင့် စတုမဟာရာဇ်နတ်ဘုံဟူ၍သာ ခေါ်တွင်၏။ တာဝတိံသာနတ်တို့သည် မြင့်မိုရ် တောင်ထိပ်မှာနေသော နတ်များရှိသလို ကောင်းကင်မှာသော်၎င်း အခြားအခြားသော စကြာဝဠာတို့မှာသော်၎င်း ဘုံဗိမာန်တို့ဖြင့် နေထိုင်ကြသော နတ်များလည်းရှိပါ၏။ မည်သည့်နတ်ဘုံမဆို အခြားအခြားသော စကြာဝဠာတို့မှာသော်လည်း မနေထိုင်သော နတ်ဟူသည်မရှိပါ။ နတ်ပြည် ခြောက်ထပ် ဗြဟ္မာနှစ်ဆယ်တို့၏ ဘုံ ဗိမာန်များသည် တစ်ဘုံထက် တစ်ဘုံက အထက်အထက်ဖြစ်သော အခြားအခြားသော စကြာဝဠာသို့ ရောက်ရှိပြီး စည်းစိမ်ချမ်းသာနှင့် အသက်တမ်းတို့ သာလွန်ကြောင်းကို အကျယ်ချဲ့မပြတော့ပါ။ ဝိဘင်းပါဠိတော်မှာ လာသည့်အတိုင်းကိုသာ အကျဉ်းချုပ်၍ ဘာသာပြန်ဆို ဖော်ပြရခြင်းသာဖြစ်၏။ သုံးဆယ့်တစ်ဘုံကို မြတ်စွာဘုရားရှင် ဟောတော်ခြင်း ရှိ မရှိ သိလိုသူများအတွက် ဖော်ပြပေးခြင်းသာဖြစ်၏။ အဘိဓမ္မာခုနှစ်ကျမ်းတွင် ဒုတိယမြောက်ကျမ်းဖြစ်သော ဝိဘင်းပါဠိတော်တွင် မြတ်စွာဘုရားရှင် ဟောတော်မူခဲ့သည်ကို ဖော်ပြပေးခြင်းသာဖြစ်၏။
ဒုစရိုက်ကျူးလွန်သူများအတွက် အပါယ်လေးဘုံကို ရောက်နိုင်ကြောင်း ဟောခဲ့သလို သုစရိုက်တရားနှင့်ပြည့်စုံသူများအတွက် လူ့ပြည်လူ့ဘဝလူ့ဘုံနှင့်တကွ နတ်ပြည်ခြောက်ထပ်ဟူသော ကာမသုဂတိ ခုနှစ်ဘုံသို့ ရောက်နိုင်ကြောင်း ဟောတော်မူခဲ့၏။ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်လွန်မြတ်သော ပထဝီစသောကသိုဏ်းနှင့် မေတ္တာစသောဗြဟ္မဝိဟာရတို့ကို ပွားများ၍ သမထသမာဓိဖြင့် ဈာန်စိတ်ဖြစ်ကြသော ပုဂ္ဂိုလ်တို့သည် ဗြဟ္မာဘုံ နှစ်ဆယ်တွင် တစ်ဘုံဘုံသို့ ရောက်နိုင်ကြောင်းကိုလည်း ဟောကြားတော်မူခဲ့ပြီးဖြစ်ပါ၏။ ဤစကားရပ်ဖြင့် သြကာသလောကအကြောင်း တစေ့တစောင်း သိနားလည်လောက်ပြီဟု ထင်မြင်ယူဆမိပါ၏။ ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို တိုက်ရိုက်လေ့လာလိုသူ အကျယ်တဝင့် သိရှိလိုသူများအတွက် ကျမ်းညွှန်းတွေကိုလည်း ဖော်ပြပေးလိုက်ပါ၏
(ဝိဘင်းပါဠိတော်၊ နှာ-၄၃၇ မှ ၄၄၁၊ ပိုဒ်- ၁၀၂၁ မှ ၁၀၂၉၊ ဝိဘင်းအဋ္ဌကထာ၊ နှာ- ၅၀၁ မှ ၅၀၆၊ ဝိဘင်းအနုဋီကာ၊ နှာ-၂၂၆/၇/၈။)
🌟တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတော်မူရခြင်းအကြောင်း🌟
မယ်တော်မိနတ်သားကို ကျေးဇူးဆပ်တဲ့အနေနှင့် မြတ်စွာဘုရားရှင် အဘိဓမ္မာတရားကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူသည်ဟု ကျမ်းဂန်အသီးသီးက ပြဆိုကြသော်လည်း မယ်တော်မိနတ်သားစံရာ တုသိတာနတ်ပြည်တွင် အဘယ့်ကြောင့် မဟောသနည်းဟု အမေးစောဒနာများလည်းဖြင့် မကြာခဏကြုံတွေ့ရပါ၏။ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို ကျေးဇူးဆပ်တဲ့တရားဟောတာ မဖြစ်နိုင်ဟု ယုံမှားသံသယဖြင့် မေးမြန်းလာသူများလည်းရှိပါ၏။ အလွန်ခေါင်းကိုက်စရာ အမေးပုစ္ဆာပင်ဖြစ်၏။
တာဝတိံသာနတ်ပြည်သည် လူ့လောက စကားဖြင့်ပြောဆိုရလျှင် သွားရေးလာရေး လွယ်ကူ၍လမ်းဆုံလမ်းခွ အချက်အခြာကျသော နေရာဌာနနှင့် ဥပမာတူကြောင်း ပြောလိုပါ၏။ တာဝတိံသာနတ်ပြည်သည် နတ်ပြည်ခြောက်ထပ်တွင် ဒုတိယမြောက်နတ်ဘုံဖြစ်၏။ စတုမဟာရာဇ်နတ်ဘုံမှာ နေထိုင်ကြသော နတ်များလည်း သွားရောက်ပြီး တရားနာနိုင်ကြသလို ယာမာ တုသိတာ နိမ္မာနရတီ ပရနိမ္မိတဝသဝတ္ထီနတ်ဘုံမှ နတ်များ အသညသတ်ကြဉ်သော ရူပ ၁၅ ဘုံမှ ပဌမ ဒုတိယ တတိယ စတုတ္ထဈာန်ဘုံသား ဗြဟ္မာများလည်း တရားနာရန် ကြွရောက်နိုင်သော နေရာဌာနပင်ဖြစ်၏။ တုသိတာနတ်ပြည်တွင် မြတ်စွာဘုရား အဘိဓမ္မာတရားဟောတော်မူခဲ့လျှင် စတုမဟာရာဇ်နတ်များနှင့် တာဝတိံသာနတ်များ တရားနာရန် သွားရောက်နိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် တာဝတိံသာနတ်ပြည်တွင်သာ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြုပြီး နတ်ဗြဟ္မာများအတွက် အဘိဓမ္မာတရားကို ဟောတော်မူခြင်းဖြစ်၏ဟု နှလုံးသွင်းကြစေလိုပါ၏။ တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားဟောတော်မူခြင်းသည် မြတ်စွာဘုရားရှင်တိုင်း၏ အစဉ်အလာဓမ္မတာပင်ဖြစ်သော်လည်း သွားရေးလာရေး လွယ်ကူသော အကြောင်းကြောင့်သာ ဗုဒ္ဓဘုရားရှင်တို့၏ အစဉ်အလာ ဓမ္မတာတစ်ရပ်အဖြစ် ဖြစ်ရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါ၏။ အရူပလေးဘုံမှ ဗြဟ္မာများနှင့် အသညသတ်ဘုံမှ ဗြဟ္မာများသည် ရုပ်ချည်းသက်သက် နာမ်ချည်းသက်သက်သာ ရှိကြသော ဗြဟ္မာများဖြစ်ကြသောကြောင့် မြတ်စွာဘုရားဟောသော တရားတော်ကို နာကြားနိုင်သော စွမ်းအားများ မရှိကြပါ။ တရားမနာနိုင်သော ဗြဟ္မာများဖြစ်ကြသောကြောင့် ကမ္ဘာဆက်၍ အသက်ရှည်သော ဗြဟ္မာများပင်ဖြစ်စေကာမူ အသညသတ်ဗြဟ္မာဘုံနှင့် အရူပဗြဟ္မာဘုံကို ရပ်ပြစ်ရှစ်ပါးတွင် ထည့်သွင်း၍ မြတ်စွာဘုရား ဟောတော်မူခြင်းဖြစ်၏။
ယခုဖော်ပြခဲ့သော လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ တည်ရာဌာန ဘုံဗိမာန်နှင့် စည်းစိမ်ချမ်းသာတို့သည် ကုသိုလ်ကောင်းမှု ဘုန်းကံကြောင့် ခံစားစံစားကြရပါသော်လည်း ကုသိုလ်ကံကုန်သောအခါ မကောင်းသော အပါယ်ဒုဂ္ဂတိသို့ ကျရောက်နိုင်၏။ ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ ပြုပြင်စီမံအပ်သောကြောင့် စုတိပြတ်ကြွေသေလွန်ခြင်း မမြဲခြင်းတရားတို့ကို ရင်ဆိုင်ကြုံတွေ့ရနိုင်၏။ တည်မြဲသော တရားများ မဟုတ်ပါ။ အို နာ သေရေး ဒုက္ခဘေးတို့မှ လွတ်မြောက်လိုသော ပညာရှိသည် သန့်ရှင်းစင်ကြယ်၍ ငြိမ်းအေးမှုသန္တရသနှင့်ပြည့်စုံသော နိဗ္ဗာန်ကို အာရုံပြုကာ ဉာဏ်ဖြင့်သက်ဝင်၍ ဝိပဿနာတရား အားထုတ်မှသာလျှင် ကိလေသာ အာသဝေါကင်းစင်၍ ဒုက္ခအားလုံး ငြိမ်းအေးမည်ဖြစ်ကြောင်း တိုက်တွန်း နိုးဆော်လိုက်ပါ၏။
သတ္တဝါဟူသမျှ
ဘေးမခ
အေးမြကြစေသတည်း။
အရှင်လာဘဝံသ (ဖောင်းပြင်)
Comments
Post a Comment