ဝိပဿနာတရား အခြေခံ အပိုင်း(၁) 🙏

🙏ဝိပဿနာတရား အားထုတ်လိုသူများအတွက် အခြေခံ အပိုင်း(၁) 🙏

    သူတော်ကောင်းတရား တည်ရှိရာ မြတ်စွာဘုရား သာသနာတော်၌ မြတ်စွာဘုရား၏ အဆုံးအမတရားတွေကို သင်ယူလေ့လာခြင်းသည် ကိလေသာအားလုံးကို ငြိမ်းအေးစေနိုင်သော နိဗ္ဗာန်ဟူသော ချမ်းသာကို မျက်မှောက်ပြုနိုင် ဆိုက်ရောက်စေနိုင်သည်အထိ အကျိုးကျေးဇူးပြုပါ၏။
    ဓမ္မစာပေသင်ကြားနာယူခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း တွေးတောကြံဆခြင်းကြောင့် မဂ်ဖိုလ် နိဗ္ဗာန်တရားထူး ရရှိနိုင်ပုံကို လေ့လာစေချင်ပါ၏။
၁။သောတာနုဂတ=သင်ကြားနာယူရမည်။
၂။ဝစသာ ပရိစိတ=နှုတ်ဖြင့်ရွတ်ဖတ် သရဇ္ဈာယ်ရမည်။
၃။မနသာ နုပေက္ခိတ=အနက်အဓိပ္ပါယ်ထင်မြင်အောင် စိတ်ဖြင့် အဖန်တလဲလဲ စဉ်းစားဆင်ခြင်ရမည်။
၄။ဒိဋ္ဌိယာသုပ္ပဋိဝိဒ္ဓ=အကြောင်းအကျိုးကို ဉာဏ်ပညာ၌ ကောင်းစွာ ထိုးထွင်းပြီး သိမြင်နိုင်သည်။

၁။ သင်ကြားနာယူရမည်ဟူသည် မြတ်စွာဘုရားရှင် ၄၅ ဝါ ကာလပတ်လုံး ဟောကြားတော်မူခဲ့သော သုတ် ဝိနည်း အဘိဓမ္မာတို့ကို သင်ကြား၍သော်၎င်း၊သူတစ်ပါးပြောဟောသည်ကို နာယူမှတ်သား၍သော်၎င်း ပြုလုပ်ဆောင်ရွက်ရ၏။ထိုသို့ နာကြားမှတ်သားရာ၌ သောတပသာဒ နားအကြည်သို့ရောက်လာသော တရားဓမ္မကို တိဟိတ်ပဋိသန္ဓေဉာဏ်နားဖြင့် နာယူမှတ်သားခြင်းကို ဆိုလိုခြင်းဖြစ်၏။သင်ကြားရာ၌ဖြစ်စေ နာယူရာ၌ဖြစ်စေ ဆင်ခြင်မှု ပညာဉာဏ်ဖြင့် နာယူမှတ်သား သင်ကြားသင့်ပုံကို လမ်းညွှန်တော်မူခြင်းဖြစ်၏။ ဆုံးဖြတ်ချက်ခိုင်မာသော အကောင်းဆုံးဉာဏ်ပညာတည်းဟူသော နားဖြင့် သင်ကြားခြင်း နာယူမှတ်သားခြင်းပင်ဖြစ်၏။

၂။ နှုတ်ဖြင့်ရွတ်ဖတ်သရဇ္ဈာယ်ရာ၌လည်း အချို့သော ပုဂ္ဂိုလ်တို့သည် မိမိတို့သင်ကြားဖူးသော သုတ်ဓမ္မများကို လေ့ကျင့်ကာ အကြိမ်များစွာ ရွတ်ဆိုသော်လည်း အကောင်းဆုံး မဖြစ်ကြပါဘူး။ပုဒ်ပါဌ်အက္ခရာတို့၏ ဆိုလိုချက်သဘောကို ဉာဏ်ဖြင့်သက်ဝင်လျှက် မရွတ်ဆိုကြသောကြောင့်ပင်ဖြစ်၏။ထို့ကြောင့် မိမိတို့သင်ကြားဖူးသော သုတ္တ ဓမ္မတို့ကို ရွတ်ဆိုရာ၌လည်း ဉာဏ်ပညာသက်ဝင်ပြီး ရွတ်ဖတ်ဖို့ လိုပေ၏။သင်ကြားဖူးသော်လည်း ရွတ်ဆိုမှု လေ့ကျင့်မှု မရှိလျှင် မိမိအတွက် အသုံးမဝင်သည်မှာ ပြောပြဖွယ်မလိုပါ။

၃။ မိမိတို့လေ့လာဖူးသော သုတ္တ ဓမ္မများ၏ ဆိုလိုချက် အနက်အဓိပ္ပါယ်ကို အကြိမ်ကြိမ်အခါခါ ထပ်တလဲလဲ ကြည့်ရှုစဉ်းစားပြီးဆင်ခြင်သင့်၏။ အကြိမ်ကြိမ်အခါခါ စဉ်းစားဆင်ခြင်ခြင်းသည် အသိဉာဏ်၌ ရှင်းရှင်းလင်းလင်းတိတိကျကျ ဖြစ်ပေါ်၏။ဆီမီးတိုင်ကြီးကို ထွန်းညှိတဲ့အခါ အဆင်းအာရုံတွေကို ထင်ထင်ရှားရှား မြင်ရသကဲ့သို့ ရုပ်တရား အစုအပေါင်းကြီး ထူးထူးခြားခြားဖြစ်ပေါ်ပြီး ထူးထူးခြားခြားပျက်စီးသွားတာပဲဟု ကွဲကွဲပြားပြား သိမြင်ခွင့်ရခြင်းနှင့် ဥပမာတူညီလှ၏။

၄။ ဉာဏ်ပညာ၌ ကောင်းစွာထိုးထွင်း၍ သိခြင်းဟူသည် မှောက်ထားသောအိုးကို လှန်သကဲ့သို့၎င်း ရှုတ်ထွေးနေသော ချုံပုတ်ကို ရှင်းလင်းသကဲ့သို့၎င်း ဉာဏ်ပညာ၌ ရှင်းရှင်းလင်းလင်း သိခြင်းကို ဆိုလိုခြင်းဖြစ်၏။တစ်စုံတစ်ခုမျှ ယုံမှားသံသယ မဖြစ်တော့ပေ။

    ၎င်းအင်္ဂါလေးမျိုးကို ကျင့်သုံးလိုက်နာခြင်းသည် ပုထုဇဉ်တို့၏ သဘာဝအတိုင်း သေခါနီးအချိန်တွင် သတိ သမ္ပဇဉ်ဆင်ဉာဏ်ကင်းမဲ့ပြီး သေဆုံးရသော်လည်း နတ်ရွာသုဂတိဘုံ တစ်ခုခုတွင် ဥပပတ်ပဋိသန္ဓေဖြင့် ထင်ရှားဖြစ်ရ၏။ကာမဂုဏ်စည်းစိမ်တို့ဖြင့် ပြည့်စုံသော ချမ်းသာသုခကို ရရှိပါသော်လည်း သတိ သမ္ပဇဉ်မလွတ်ကင်းတတ်ကြပါ။

ထို့ကြောင့် ~

၁။မိမိတို့ လေ့ကျက်ခဲ့ဖူးသော တရားဓမ္မများကို မိမိအလိုလို အောက်မေ့ဆင်ခြင်တဲ့ ဉာဏ် သတိ သမ္ပဇဉ်ဖြစ်ပြီး မဂ်ဖိုလ်တရားထူးကို ရနိုင်၏။ကြည်လင်သော ကြေးမုံပြင် မှန်ရိပ်၌ ကြည့်ရှုသောအခါ မိမိ၏အရုပ် အရိပ်အယောင်ကို ထင်ရှားစွာမြင်ရသကဲ့သို့ လေ့ကျက်ခဲ့ဖူးသော ဘုရားဟောဒေသနာများ မိမိဉာဏ်၌ ထင်ရှားစွာဖြစ်ပေါ်လာခြင်းကို ဆိုလိုပါ၏။

၂။တန်ခိုးဣဒ္ဓိပါဒ် အဘိညာဉ်နှင့်ပြည့်စုံသော ရဟန်းတစ်ပါးပါး သုဓမ္မာနတ်သဘင် အစည်းအဝေးသို့ကြွလာပြီး တရားဟောသောအခါ ငါလေ့ကျက်ခဲ့ဖူးတဲ့ တရားပဲဟု သတိ သမ္ပဇဉ်ဉာဏ် အမြင်သန်ပြီး လျှင်မြန်စွာ တရားထူး ရနိုင်ခြင်း။စည်ကြီးသံကို လိမ္မာကျွမ်းကျင်ပြီး နားလည်သော ခရီးသွားသူသည် စည်ကြီးသံကြားရသောအခါ ဘာအသံပါလိမ့်ဟု ယုံမှား သံသယမဖြစ်ဘဲ မှန်ကန်စွာ ဆုံးဖြတ်နိုင်သကဲ့သို့ပင်ဖြစ်၏။

၃။သုဓမ္မာနတ်သဘင် အစည်းအဝေးတွင် ဓမ္မကထိက နတ်သား တစ်ပါးပါးနှင့် သနင်္ကုမာရဗြဟ္မာ စသူတို့ တရားဟောသောအခါ သတိ သမ္ပဇဉ်ဖြစ်ပြီး လျှင်မြန်စွာ တရားထူးရနိုင်၏။ခရုသင်းမှုတ်သော အသံ၌ လိမ္မာကျွမ်းကျင်သောသူသည် ခရုသင်းအသံကို မည်သည့်အရပ်၌ ကြားရသည်ဖြစ်စေ ယုံမှားသံသယကင်းရှင်းစွာဖြင့် ဆုံးဖြတ်နိုင်သကဲ့သို့ဖြစ်၏။

၄။မိမိလူဖြစ်စဉ်အခါ လေ့ကျက်ခဲ့ဖူးသော တရားဓမ္မကို မိမိကိုယ်တိုင်လည်း သတိမရ စျာန်အဘိညာဉ်ရ ရဟန်းတစ်ပါးပါးလည်း သုဓမ္မာနတ်သဘင်ဝယ် တရားဟော မကြွလာသလို သနင်္ကုမာရဗြဟ္မာ စသောသူတို့ကဲ့သို့ ဓမ္မကထိနတ်သား တစ်ပါးပါးကလည်း တရားမဟောသော အခါကာလလည်းရှိပါ၏။ထိုသို့ပင်ရှိပါသော်လည်း မိမိထက်စောပြီး နတ်ရွာသုဂတိသို့ ရောက်နေသော နတ်သားတစ်ပါးပါးသည် ငါတို့ လူဖြစ်စဉ်အခါက လေ့ကျက်ခဲ့ဖူးသောတရားကို မှတ်မိသေးလား ဆင်ခြင်အောက်မေ့ပါဦးဟု တိုက်တွန်းနိုးဆော်သောကြောင့် သတိ သမ္ပဇဉ်ဉာဏ်ဖြစ်ပြီး တရားထူးရတတ်၏။ လူငယ်သဘာဝ အချင်းချင်း ဆော့ကစားကြရာ၌ မိမိတို့ ဟိုအရင် ဘယ်အချိန် ဘယ်ကာလက ကစားခဲ့သည်ကို မှတ်မိသေးလားဟု မေးသောအခါ ပြန်လည်အမှတ်ရသကဲ့သို့ဖြစ်ကြောင်း ဥပမာပေး၏။
    သင်ကြားနာယူခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း တွေးတောကြံစည်ခြင်း ဉာဏ်ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိမြင်အောင်ကြိုးစားခြင်းတို့သည် လောကီအနေဖြင့် နတ်ရွာသုဂတိသို့ ရောက်ရှိရမည်ဖြစ်သလို လောကုတ္တရာ အနေဖြင့် မဂ်ဖိုလ်နိဗ္ဗာန်တရားထူးရမည်ဖြစ်ကြောင်း အင်္ဂုတ္ထိုရ် စတုက္ကနိပါတ် သောတာနုဂတသုတ်တွင် ဟောကြားခဲ့သော ဒေသနာတော်ပင်ဖြစ်၏။

    ဤဒေသနာတော်ကို ဟောကြားရခြင်းသည် ဗြာဟ္မဏ ပုဏ္ဏားဘဝမှ ရဟန်းပြုလာသော ရဟန်းတော် ငါးရာကို အကြောင်းပြုပြီး ဟောကြားသော ဒေသနာဖြစ်၏။မြတ်စွာဘုရား ဟောကြားသော တရားဒေသနာသည် ပုဒ် ဗျည်း အက္ခရာများသာဖြစ်၏။ငါတို့ သိပြီးသားတွေကိုသာ မြတ်စွာဘုရား ဟောနိုင်သည်။မသိသေးသော ပုဒ်ဗျည်းအက္ခရာ သဒ္ဒါ လိင်ဝုစ်တွေကို မဟောနိုင်ဟု နှလုံးသွင်းပြီး တရားမနာကြခြင်းဖြစ်၏။တရားဓမ္မကို ရိုသေလေးစား ဂရုဂါရဝတရားဖြင့် နာယူမှတ်သားခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း တွေးတောကြံဆခြင်း ဉာဏ်ပညာဖြင့် သိမြင်ခြင်းဟူသော ၎င်းလေးမျိုးဖြင့် လေ့ကျက်ပွားများကြလျှင် လေးမျိုးသော အကျိုးထူးအာနိသင်ကို ခံစားရမည်ဖြစ်ကြောင်း ဟောထားသော ဒေသနာတော်ပင်ဖြစ်၏။

    ထို့ကြောင့် တရားဓမ္မ အားထုတ်သူသည် ဦးစွာပဌမ သင်ကြားမှု ပရိယတ္တိ ရှိရ၏။စဉ်းစားဆင်ခြင် နှလုံးသွင်းခြင်းဟူသော ပဋိပတ္တိအလေ့အကျင့်ကို ပြုလုပ်ရ၏။သို့မှသာလျှင် ပဋိဝေဓဟူသော မဂ်ဖိုလ်နိဗ္ဗာန်တရားထူးကို ထိုးထွင်း၍ သိမည်ဖြစ်ကြောင်း ခိုင်လုံသော သာဓကပင်ဖြစ်၏။မြတ်စွာဘုရားရှင်သည် ဝိပဿနာတရားအားထုတ်သူကို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ အားထုတ်ရန် ညွှန်ကြားသော ဒေသနာဓမ္မတစ်ခုမျှ မရှိပါ။ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်နိုင်သော နည်းလမ်းများကိုသာ ညွှန်ပြ၏။ဝိပဿနာဟူသည် ပရမတ္ထတရားတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဉာဏ်ပညာဦးစီးကာ ပြုလုပ်ရသော အလုပ်ဖြစ်၏။ဝိပဿနာ၏ အာရုံဘူမိသည် ပရမတ္ထတရားဖြစ်၍ နိမိတ်ကင်းမဲ့ပြီး ပညာဖြင့်ဆင်ခြင်ပွားများရသော အလုပ်ဖြစ်၏။

သမထ၏ အာရုံဘူမိသည် ပညတ်တရားဖြစ်၍ နိမိတ်အာရုံ ရှိပြီး စိတ်ဖြင့် ကြိမ်ဖန်များစွာ ပွားများရ၏။ ထို့ကြောင့် ပဋ္ဌာန်းဒေသနာ ပဉှာဝါရတွင်" သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ"ဟုဟောတော်မူခဲ့၏။ သေက္ခပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ပုထုဇဉ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် အပြစ်မရှိ ကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသော ကုသိုလ်စိတ်တုပ္ပါဒ်ကို အနိစ္စတော မမြဲသောအားဖြင့် ဒုက္ခတော ဆင်းရဲသောအားဖြင်း (ဝါ)စက်ဆုပ်ရွံရှာသောအားဖြင့် အနတ္တတော အတ္တမဟုတ် အကောင်အထည်ဒြပ်မရှိ အနှစ်သာရမရှိ ပိုင်ဆိုင်သူ တစ်စုံတစ်ယောက်မျှ မရှိသောအားဖြင့် ဉာဏ်ပညာဖြင့် ထင်မြင်အောင် ဆင်ခြင်ရကြောင်း ညွှန်ပြထား၏။ မိမိတို့သန္တာန်၌ဖြစ်သော ကုသိုလ်စိတ်တည်းဟူသော သင်္ခါရတရားကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးတန်ဖြင့် ဆင်ခြင်ဖို့သည် အချိန်တိုင်း မိမိစိတ်ကို သတိဖြင့်စောင့်ကြည့်ပြီး ပညာဖြင့်ဆင်ခြင်ဖို့လိုပါ၏။ဤသို့ဆင်ခြင်ခြင်းကို ဝိပဿနာတရားအားထုတ်လိုသူများ အားမထုတ်ဘူးသူများ သင်ကြားနာယူပြီး ရွတ်အံသရဇ္ဈာယ်လျှက် စိတ်ဖြင့်နှလုံးသွင်းဆင်ခြင်ကာ ဉာဏ်ပညာဖြင့်ထိုးထွင်းသိမြင်အောင် ကြိုးစားသင့်ပေသည်။ထိုသို့ ဖော်ပြပါအင်္ဂါလေးပါးဖြင့် ပြည့်စုံစေလျှက် " သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ "ဟူသော ဒေသနာတော်ကို ကြိမ်ဖန်များစွာရွတ်ဆိုလျှက် အနက်အဓိပ္ပါယ် ထင်မြင်အောင် နှလုံးသွင်းပြီး ဉာဏ်ပညာတွင် ရှင်းရှင်းလင်းလင်း ထိုးထွင်း၍သိမြင်အောင် ကြိုးစားလေ့ကျက်နိုင်ခဲ့ကြလျှင်ပင် လောကုတ် လောကီနှစ်လီသော အကျိုးတရားများ ဤဘဝ၌ မထူးခြားသည့်တိုင်အောင် တမလွန်ဘဝ၌ လေးမျိုးသော အကျိုးထူးတရားများ ထူးခြားစွာအကျိုးပေးနိုင်ကြောင်း သတိပြုသင့်ပေသည်။
    မိမိတို့အိမ်တွင်သော်၎င်း လုပ်ငန်းကိစ္စပြုလုပ်ရာတွင်သော်၎င်း သွားလာနေထိုင် စားသောက်ရင်း ဆင်ခြင်နိုင်စေခြင်း အကျိုးငှါ တရားစခန်း သွားရမည်ကို ကြောက်လန့်နေသူများအတွက် ရေးသားဖော်ပြလိုက်ပါ၏။

(အံ၊၁၊မြန်၊နှာ၊၅၁၉ မှ ၅၂၂၊ပိုဒ်.၁၉၁။ ဋ္ဌ၊၁၊နှာ.၁၆၄။ဋီ၊၁၊နှာ.၃၆၁။ ပဋ္ဌာန။၁။နှာ၊၁၃၃။)

                    သတ္တဝါဟူသမျှ
                          ဘေးမခ
                   အေးမြကြစေသတည်း။
                အရှင်လာဘဝံသ(ဖောင်းပြင်)

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ