ပူဖောင်းကလေးနဲ့ပင်အပ်
ပူဖောင်းကလေးနဲ့ပင်အပ်
.....................................
ဆရာမက ကျောင်းသားကျောင်းသူ ၆၅ ယောက်လောက်ကို အစုနှစ်စုခွဲလိုက်ပါတယ်။ အချိုးကျမဟုတ်ဘူး။သွက်သွက်လက်လက်ရှိတဲ့ ကျောင်းသားကျောင်းသူ ၁၅ ယောက်ကို ပင်အပ် ပေးလိုက်တယ်။
ကျန်တဲ့ ကျောင်းသား ၅၀ လောက်ကို ပူတင်းနေအောင် လေမှုတ်ထားတဲ့ ပူဖောင်းလေးတွေကို ပေးလိုက်တယ်။
ကစားပွဲက အဲဒီပူဖောင်းလေးတွေကို ပင်အပ်ကလေးတွေနဲ့ဖောက်ရမှာ။ နေရာစည်းဝိုင်း တစ်ခု သတ်မှတ်ပြီး အဲဒီဘောင်ထဲကနေ ထွက်မပြေးရဘူး ဆိုတဲ့ စည်းမျဉ်းတစ်ခုကို ဆရာမက သတ်မှတ်ပေးတယ်။
ပင်အပ်နဲ့ ပူဖောင်းတွေကို ဖောက်ရမယ့် ကျောင်းသာတွေရဲ့ စိတ်က တိုက်ပွဲဝင် သူရဲကောင်း တစ်ယောက်လို တက်ကြွနေတယ်။ ဘာပဲတွေ့တွေ ကိုယ်မှာပိုင်ဆိုင်ထားတဲ့ ပင်အပ်နဲ့ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတာ။
ပူဖောင်းကို ကိုင်ထားမိတဲ့ ကျောင်းသားတွေက ပင်အပ်နဲ့ ပြေးဝင်လာမယ့် ကျောင်းသားတွေကို စိုးရိမ်ထိတ်လန့်နေမိတယ်။ ကိုယ်ခန္ဓာကို များချော်ထိုးမိမလားဆိုပြီး စိုးရိမ်စိတ်ရယ်၊ မိမိ ပူပူလောလောပိုင်ဆိုင်ထားတဲ့ ပူဖောင်းလေးပေါက်ကွဲသွားမှာ ကြောက်လန့်စိုးထိတ်နေတဲ့စိတ်တွေနဲ့။
ပြိုင်ပွဲကို စလို့ရပြီဆိုတာနဲ့ တဟုန်ထိုးပြေးဝင်လာတဲ့ ပင်အပ်တွေကို ကျွတ်ကျွတ်ဆူနေတဲ့ အသံတွေနဲ့ ကာကွယ်ကြရတယ်။ အချို့သူတွေရဲ့ ပူဖောင်းလေးဆိုရင်ပင်အပ်လေးကြောင့် တမဟုတ်ခြင်း ဖောင်းကနဲ ပေါက်ကွဲသွားတယ်။ စိတ်ပျက်အားလျော့မှုတွေ၊ ဝမ်းနည်းမှုတွေ နဲ့ အပြင်ထွက် ထိုင်ကြရတယ်။ ကာကွယ်နိုင်မှုမရှိလို့ Operation fail ဖြစ်သွားတာကို စိတ်မချင့်မရဲဖြစ်နေမိတာလည်းပါကြတယ်။ ရှက်ရယ် ရယ်ကြတာလည်းပါတယ်။
၅ မိနစ်ဆိုတဲ့ အချိန်တွင်းမှာ ပင်အပ်သမားတွေ အားလုံးပူဖောင်းလေးတွေကို လိုက် ဖောက်ပေမယ့် မလျင်မမီဘူး။ ၅ မိနစ်ဆိုတဲ့ ကစားဝိုင်းအတွင်းမှာ ပူပေါင်းလေးကို အသေခံကာကွယ်တဲ့ ကျောင်းသားတွေရှိနေခဲ့လို့ပါပဲ။
ပူဖောင်းကို အားလုံးမဖောက်လိုက်နိုင်တဲ့ အတွက် ပင်အပ်ချွန်ချွန်လေးကိုင်ထားတဲ့ကျောင်းသာလေးတွေဟာ အံတကြိတ်ကြိတ်။ ချို တကြွကြွ။ ကြိတ်မနိုင်ခဲ မရ။ နောက်တစ်ခါဆိုပြီး အခွင့်ရေးရရင်ဆိုတဲ့ အာသီသနဲ့ တောက်တခေါက်ခေါက်။
ပူဖောင်းလေးတွေကို ပိုင်ဆိုင်ရသူ ကျောင်းသားလေးတွေက ကိုယ်ပိုင်ဆိုင်တဲ့ ပူဖောင်းလေးတွေပေါက်ကွဲသွားတဲ့ အတွက် ပူဆွေးတဲ့သူ ပူဆွေး။ ခဏတာပိုင်ဆိုင်မှုလေးမှာ မထိန်းသိမ်းနိုင်တဲ့အတွက် ယူကြုံးမရတဲ့သူတွေက ယူကြုံးမရဖြစ်ကြရတယ်။
လူ့လောကအရ ခံစားကြည့်ရင် ပင်အပ်ဆိုတာ လက်နက်ဲပဲ။ ပူဖောင်းဆိုတာ ပိုင်ဆိုင်မှုပဲ။ လူဆိုတာက လက်နက်ရပြီဆိုတဲ့ စိတ်ဖြစ်လာရင် ရဲရင့်လာတယ်။ သတ္တိရှိလာသလို လက်နက်အားကိုးနဲ့မြောက်ကြွမြောက်ကြွဖြစ်လာတယ်။ ငုပ်လျှိုးနေတဲ့ လူ့သဘာဝ အရိုင်းစိတ်က လက်နက်အားကိုးနဲ့ မာကြောလာတယ် ခက်ထန်လာတယ်။
ပူဖောင်းဆိုတဲ့ ပိုင်ဆိုင်မှုရှိတဲ့သူက စိုးရိမ်ရတယ်။ ပျောက်ပျက်သွားမှာထိန့်လန့်ရတယ်။ ပျောက်ပျက်ကျဆုံးသွားတော့ ကြေကွဲရတယ်။ လက်နက် အားကိုးနဲ့ အနိုင်ထက်ပြုကျင့်ခံရတယ်ဆိုတဲ့ ဝမ်းနည်းကြေကွဲစိတ်ဖြစ်တယ်။
ဒီကစားနည်းဂိမ်းက လူတွေကို ဆင်ခြင်ခိုင်းတာပါပဲ။ လူတွေရဲ့ အရိုင်းစိတ်နဲ့ အယဥ်စိတ်တွေ ဘယ်ကနေပေါ်လာလဲဆိုတာ ဆင်ခြင်စရာဖြစ်စေတာပါပဲ။
ပညာသင်ကြားတယ်ဆိုတာ အရိုင်းစိတ်တွေကို အယဥ်စိတ်ဖြစ်အောင်ဆင်ခြင်စေတာပါပဲ။ လူ့အဖွဲ့အစည်းမှာ လူသားတစ်ဦးအဖြစ်ရှင်သန်ရပ်တည်နိုင်အောင်သင်ကြားပေးတာဖြစ်ပါတယ်။
မတရားမှုဆိုတာ ဘာလဲ။ တရားမျှတမှုဆိုတာ ဘာလဲဆိုတာ စဥ်းစားတွေးခေါ်ခိုင်းသလို၊ အနိုင်ထက်ပြုကျင့်ခြင်းဆိုတာ ဘာလဲ အပြန်အလှန်နားလည် စာနာမှုဆိုတာ ဘာလဲဆိုတာကို စာသင်ခန်းထဲကနေ ကျယ်ပြန့်တဲ့ အတွေးတွေနဲ့ ကျောင်းသားကျောင်းသူ တွေကို ကိုယ်ပိုင်အမြင်နဲ့တွေးဆခိုင်းတာပါပဲ။
ပင်အပ်ချွန်ချွန်လေးရတဲ့ ကျောင်းသားကျောင်းသူလေးတွေက စိတ် တကြွကြွနဲ့ ပူဖောင်းကိုင်ထားတဲ့ သိပ်ချစ်ရတဲ့ သူငယ်ချင်းဆိုတာ ပျောက်သွားတယ်။ စိတ်ထဲမှာ မှန်ခြင်း၊ မှားခြင်း ၊ တရားခြင်း ၊ မတရားခြင်းဆိုတာ တွေတောင် ခေါင်းထဲမတွေးမိတော့ဘူး။ မူလ ဖြူစင်ရိုးသားတဲ့ စိတ်ကနေ တမဟုတ်ချင်း အရိုင်းစိတ်ဖြစ်လာပြီး ရန်လို အနိုင်ထက်ပြုချင်တဲ့ စိတ်ကဝင်သွားပါတယ်။
ဒါ လက်နက်လို့ ပီပီပြင်ပြင်တောင် ပြောလို့မရတဲ့ ပင်အပ်ကလေးသာသာပဲရှိသေးတာပါ။ ဒီထက်စွမ်းအားရှိတဲ့ လက်နက်တွေအစစ်တွေကိုသာ ကိုင်တွယ်ခွင့်ရရင် ဘယ်လောက်များ အရိုင်းစိတ်တွေနဲ့ဆာလောင်နေမလဲဆိုတာ စဥ်းစားစေချင်တာပါ။
လက်နက်ပိုင်ဆိုင်ခွင့်ရသွားတာနဲ့ ပိုင်ဆိုင်ထားသူရဲ့ ပူဖောင်းကို တရားမျှတတယ် မမျှတဘူးဆိုတာ မသိမြင်ဘဲ အသိစိတ်တွေပျောက်သွားတတ်တာ စဥ်းစားစရာပါပဲ။
အမုန်းတရားတွေက ဘယ်ကပေါ်လာသလဲ၊ အနိုင်ထက်ပြုကျင့်စိတ်က ဘယ်ကပေါ်လာသလဲ ဆိုတာကို ဆင်ခြင်ခိုင်းတာက အသိပညာရဲ့ အရေးပါတဲ့ ဆင်ခြင်ဉာဏ်တွေပါပဲ။
ပင်အပ်ပေးလိုက်တဲ့အခါ ၊ ပူဖောင်းပေးလိုက်တဲ့အခါ အဲဒီ ပေးထားချက် ပင်အပ်နဲ့ ပူဖောင်းကလွဲပြီး မစဥ်းစာနိုင်တော့ဘဲ ဆင်ခြင်တုံတရားပျောက်သွားတာပါပဲ။
ပင်အပ်ဖြစ်တဲ့သူကဖြစ် ပူဖောင်းဖြစ်သူကဖြစ်နဲ့ ဒီပေးချက်ကစားဝိုင်းထဲကို ရောက်လာတာပါပဲ။
ဝေဖန်ဆန်းစစ်တွေးခေါ်မှု Critical Thinking ဆိုတာ ပင်အပ်ကိုင်တဲ့အချိန် ဘာဖြစ်သွားသလဲ ပူဖောင်းလေးကိုင်မိချိန်မှာ ဘာဖြစ်သွားသလဲ။
ပင်အပ်ကိုင်ပြီး ဘာကြောင့် ချိန်းခြောက်နေမိတာလဲ။ ပူဖောင်းလေးကိုင်ပြီး ဘာကြောင့် ကြောက်ရွံ့နေမိတာလည်းဆိုတာကိုပါ အချက်အလက်ကျကျ စဥ်းစားစေတာပါပဲ။
ပင်အပ်ကိုင်သူတွေကို ပူဖောင်းကိုင်သူနေရာမှာ ပြောင်းပြီး စဥ်းစားခိုင်းရင်
အပြန်အလှန် စာနာနားလည်မှုဆိုတဲ့ ဝေါဟာရကိုပါသင်ပြီးသားဖြစ်သွားပါတယ်။
စာနာမှုဆိုတာ စကားလုံး၊ ဝေါဟာရကိုသင်ပေးတာထက် တကယ့်ကြုံတွေ့နေရတဲ့ မျက်မြင်အခြေအနေကို ဖန်တီးလိုက်ပြီး သုံးသပ်ဆင်ခြင်လိုက်တာက ပိုပြီး အမှတ်ရစေပါတယ်။ စာနာမှုဆိုတာ မစာနာမှုတွေကို ကြုံတွေ့ရတဲ့အခါမှာ ပိုမိုသိမြင်ခံစားနားလည်စေတဲ့ စာသင်ခန်းကို ဖန်တီးပေးတာပါပဲ။
ပင်အပ်ကိုင်သူတွေက ပူဖောင်းကိုင်သူတွေရဲ့ ခံစားမှုနေရာမှာသာ နားလည်ပေးနိုင်ခဲ့ရင် စာသင်ခန်းထဲကနေ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်နိုင်အောင် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးလိုက်တာပါပဲ။ စာသင်ခန်းထဲကနေ ငြိမ်းချမ်းရေးကို တည်ဆောက်တယ်ဆိုတာ စာသင်ခန်းထဲမှာ တရားမျှတမှုဆိုတာ၊ အနိုင်ထက်ပြုကျင့်မှုဆိုတာတွေကို ၊ အပြန်အလှန်နားလည် ဖေးကူ မှုဆိုတဲ့ တန်ဖိုးတွေကို တည်ဆောက်ပေးတာပါ။ ပြည်ထောင်စုနေ့က ဘာနေ့ ဆိုတာကို အော်ပြီး စာကျက်ပြနေစရာမလိုဘူး။
လက်နက်ကြောင့် မပြေလည်တဲ့ လူမှုတန်ဖိုးတွေ၊ အနိုင်ထက်ပြုကျင့်တာနဲ့ ကာကွယ်တာ ဆိုတဲ့ အနက်အဓိပ္ပါယ်တွေ ကွဲပြားခြားနားတယ်ဆိုတဲ့ အသိဉာဏ်ကို ထည့်သွင်းပေးတာပါပဲ။
သမိုင်းသင်ခန်းစာမှာ လက်နက်နဲ့ ဖြေရှင်းခဲ့တဲ့ စစ်ပွဲတွေကြောင့် လူမှုရေးတရားမျှမှုတွေ ဘယ်လောက်များထိခိုက်နစ်နာသွားသလဲဆိုတာကို ဆင်ခြင်စိတ်ဖြစ်စေတာပါပဲ။ သမိုင်းမှာ အချက်အလက်ကို အလွတ်ကျက်မှတ်ခိုင်းနေတာမျိုး မဟုတ်ဘဲ တကယ်လက်တွေ့ဘဝကို နမူနာထင်ဟပ်နိုင်တဲ့ လက်တွေ့ စစ်ပွဲငယ်လေးဖြစ်တဲ့ ပူဖောင်းနဲ့ ပင်အပ် Game လေးကို ဆော့ကစားပြီးဆင်ခြင်စေတာဖြစ်ပါတယ်။
ပင်အပ်နဲ့ ပူဖောင်းကလေးကို လဲယူဖို့ ဘာကြောင့် မကြိုးစားကြတာလဲ ဆိုပြီး
ဆရာမက မေးခွန်းထုတ်ရပါမယ်။
ဆင်ခြေဉာဏ်ရှိတဲ့ လူမှုအဖွဲ့အစည်းကို စာသင်ခန်းထဲကနေ တည်ဆောက်နိုင်မှ
တရားတမှုကို ချစ်တတ်အောင်သင်ကြားပေးနိုင်တဲ့ စာသက်ခန်းကို ပုံဖော်ပေးနိုင်ပါမှ အနာဂတ်လူ့ဘောင်က စိတ်ချရမှာပါ။
စာသင်းခန်းထဲမှာ ဆင်ခြင်ဉာဏ်ရှိတဲ့ ကလေးတွေကို မဖန်တီးပေးနိုင်ရင်
ခေါင်းကျက်ခေါင်းစား အမြှီးကျက် အမြှီးစားလူ့အဖွဲ့အစည်းပေါ်လာမှပဲ၊ နိုင်သူစားစတမ်းဆိုပြီး လစ်ရင်လစ်သလို ကောက်ကျစ်တတ်တဲ့ အဖွဲ့အစည်းကို ဖန်တီးနေမိမှာပါပဲ။
အဲဒီလူ့အဖွဲ့အစည်းကို သာမွေးထုတ်မိရင် ကိုယ့်ကို တစ်ချိန်ချိန် ပြန်ပြီးလည်ပင်းလာညှစ်တဲ့ လူအဖွဲ့အစည်းဖြစ်သွားနိုင်တယ်ဆိုတာ သတိပြုဆင်ခြင်ရမှာပါပဲ။
ကျောင်းသူ၊ ကျောင်းသားလေးတွေကို
စာသင်ခန်းကနေ
ပင်အပ်လေးတွေ မဖြစ်အောင်
ပူဖောင်းလေးတွေ မဖြစ်အောင်
ဖန်တီးပေးဖို့ လိုပါတယ်။
သူတစ်ပါးတွေကို အနိုင်ထက်ပြုကျင့်တဲ့ပင်အပ်လေးတွေမဖြစ်ပါစေနဲ့ ။
လောကကို အလှဆင်နိုင်တဲ့ ပင်အပ်လေးတွေဖြစ်ကြပါစေ။
အာကာမိုးသူ
၉း၅၆ ည
၂၉. ၁. ၂၀၂၁
Comments
Post a Comment