ဗုဒ္ဓါနုဿတိ ဘာဝနာကနေ ဝိပဿနာ ကူးသွားတဲ့နည်းပဲ။

ဗုဒ္ဓါနုဿတိ ဘာဝနာကနေ
ဝိပဿနာ ကူးသွားတဲ့နည်း
━━━━━━━━━━━━

ဘုရားဂုဏ်ကို အာရုံပြုပြီး
စိတ်ထဲမှာ ကြည်နူးလာပြီဆိုရင်
မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ပီတိကို
ဆင်ခြင်စဉ်းစားလိုက်တာဟာ
ဝိပဿနာ ပါပဲ။

ဘုရားဂုဏ်ကို အာရုံပြုနေတာက
သမထ၊ အဲဒီလို အာရုံပြုနေလို့
ရရှိလာတဲ့ ပီတိလေးကို
ဆင်ခြင်လိုက်တာကျတော့ ဝိပဿနာ။

ပီတိဆိုတာ နာမ်တရား၊
ဘယ်ကနေဖြစ်ပေါ်လာသလဲ
ဆိုတော့ ပီတိဖြစ်နေတဲ့အခါ
ရင်ထဲနှလုံးသားထဲက
အေးချမ်းလာသည့်အတွက်ကြောင့်
ပီတိဆိုတဲ့ နာမ်တရားသည်
ဟဒယဝတ္ထုလို့ခေါ်တဲ့ ရုပ်တရားကို
အမှီပြုပြီးတော့ ဖြစ်နေတာ။

ပီတိက နာမ်တရား။
ပီတိရဲ့မှီရာ ဟဒယဝတ္ထုက ရုပ်တရား။
ဟောဒီနှစ်ခုလောက် သိလိုက်ရင်
ရုပ်, နာမ် ကွဲသွားတာပဲ။

ပီတိဟာ ဘာ့ကြောင့်ဖြစ်ရတာလဲ
ဆိုတော့ ဘုရားဂုဏ်ကို အာရုံပြုလို့
ဖြစ်တာ။ ဘုရားဂုဏ်က
အကြောင်းတရား၊ ပီတိက အကျိုးတရား။

ဒီ ပီတိတရားလေးကို
စူးစိုက်ရှုရာကနေ မိမိသန္တာန်မှာ
ကြက်သီးတဖြန်းဖြန်းဖြစ်နေတဲ့
ဒီ ပီတိလေးဟာ
ပေါ်လိုက် ပျောက်လိုက် ဆိုတဲ့
သဘောလေးတွေက
ထင်ထင်ရှားရှား သိလာတယ်။

တဆက်စပ်တည်း ပေါ်နေတာလား၊
ပေါ်ပြီးတော့ ပျောက်သွားတာလား၊
ပျောက်သွားပြီး ထပ်ပေါ်လာတာလားလို့
သေသေချာချာ စူးစမ်းဆင်ခြင်ရာက
ဒီပီတိလေးဟာ ဖြစ်လိုက် ပျက်လိုက်
ပါလားလို့ ဘာအတွေးအတောမှမပါပဲ
ပစ္စုပ္ပန်တည့်တည့် သိလာတယ်။

အဲဒီလို ဖြစ်လိုက် ပျက်လိုက်တွေ
မြင်လာတဲ့အခါကျတော့
နဂိုတုန်းက ထာဝရကြီးလို့ ထင်နေတာ
အခု မမြဲပါလား၊ နောက်ဆုံးမှာ
ဖြစ်တာတောင် မမြင်တော့ပဲ ပျက်တာက
တရစပ်ကြီးပါလားလို့ မြင်လာတယ်ပေါ့။

ဒီလောက် နှစ်သက်စရာကောင်းတဲ့
ဗုဒ္ဓရဲ့ဂုဏ်တော်တွေကို
အာရုံပြုနေရတဲ့ တရားတွေဟာလည်း
မမြဲပါလား၊ မြဲတယ်ဆိုတဲ့အရာ
ဘယ်ဟာမှ မရှိပါလား၊
မမြဲတဲ့အရာတွေနဲ့ အတူနေရတာဟာ
ကြောက်စရာ ကောင်းလှပါလားလို့
သိလာတယ်။

ပြီးတော့ သံသရာဝဋ်ဆင်းရဲမှာ
ငါရထားတဲ့ ရုပ်နာမ်တွေဟာ
စိတ်ပျက်ငြီးငွေ့စရာ ကောင်းလှပါလား၊
ဒီလောက် ငြီးငွေ့စရာကောင်းနေမှတော့
ဒါတွေက လွတ်ရင် ကောင်းမယ်လို့
လွတ်ဖို့ ဆင်ခြင်စဉ်းစားလာတယ်။

ဒါတွေက လွတ်ဖို့ရာအတွက်
ဘယ်လမ်းက သွားမလဲလို့
ထွက်ပေါက်ရှာလိုက်တဲ့အခါကျတော့
ဒီ ရုပ်တရား နာမ်တရားတွေရဲ့
သဘာဝကိုသိအောင်
ဆင်ခြင်သုံးသပ်တာဟာ အမှန်ပဲလို့သိပြီး
ဖြစ်ပျက်မှုတွေအပေါ်မှာ စိတ်ကလေးက
တည်ငြိမ်မှုတွေ ရလာတယ်။

သူ့ဟာသူ ဖြစ်နေတဲ့အပေါ်မှာ
စိတ်ပျက်စရာလို့ မမြင်တော့ဘူး။
ချစ်ခင်စရာ မုန်းစရာလို့လည်း
မမြင်တော့ဘူး။ စိတ်ကလေးက
တည်ငြိမ်လာတယ်။

မကြာခင်မှာပဲ ပီတိဆိုတဲ့
သင်္ခါရအာရုံတခုကို
ဖြတ်တောက်လိုက်ပြီးတော့
ထိုသင်္ခါရတွေရဲ့ချုပ်ငြိမ်းရာ လမ်းဆုံးရာ
နိဗ္ဗာန်ဆိုတဲ့ အာရုံတခုဆီကို
ရောက်ရှိသွားတယ်။

ပယ်စရာရှိတဲ့ ကိလေသာတွေကို
ပယ်ပြီးတော့… လောကီကနေ
လောကုတ္တရာကို ကူးသွားတယ်။

အဲဒါဟာ ဗုဒ္ဓါနုဿတိ ဘာဝနာကနေ
ဝိပဿနာ ကူးသွားတဲ့နည်းပဲ။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

ပြန်လည်မျှဝေခြင်း၊ share ခြင်းဖြင့်
ကုသိုလ်ယူနိုင်ပါသည်။
* ဓမ္မဒါန *

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ