ကံသုံးပါးတွင် မည်သည့်ကံသည် အပြစ်ကြီးသနည်း...
ကံသုံးပါးတွင် မည်သည့်ကံသည်
အပြစ်ကြီးသနည်း...
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲ လို့ မေးထားတဲ့ ပြဿနာကိုလည်း ဖြေတော်မူပါဦးဘုရား”
“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲဆိုတာထောက်တော့ ဒီကံသုံးပါးဟာ ကောင်းကျိုးပေးတဲ့ ကုသိုလ်ကံမဟုတ်ဘူး၊မကောင်းကျိုးပေးတဲ့ အကုသိုလ်ကံကို မေးတာပဲဆိုတာ သိသာသွားတယ်၊ ဒီလိုဆို ကာယကံဘယ်လောက်၊ဝစီကံဘယ်လောက်၊ မနောကံ ဘယ်လောက်ရှိတယ်ဆိုတာ သိဖို့လိုတယ်၊ ဒါကြောင့် ကံအရေအတွက်ကိုဦးစွာ ပြောပြဦးမယ်”
“မိန့်တော်မူပါ ဘုရား”
“ကာယကံဆိုတာ ကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံကိုဆိုလိုတယ်၊ အဲဒီကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံဟာ -
(၁) ပါဏာတိပါတ = သူ့အသက်ကိုသတ်တဲ့ကံ၊
(၂) အဒိန္နာဒါန =သူတစ်ပါးပစ္စည်းကို ခိုးယူတဲ့ကံ၊
(၃) ကာမေသုမိစ္ဆာစာရ = ကာမမှု၌ မှားယွင်းစွာ ပြုကျင့်မိတဲ့ကံရယ်လို့သုံးပါးရှိတယ်။
နှုတ်ဖြင့်ပြောမှားဆိုမှားတဲ့ကံကိုဝစီကံလို့ခေါ်တယ်၊ အဲဒီနှုတ်ဖြင့် အပြောမှားတဲ့ ကံဟာ -
(၁) မုသာဝါဒ = လိမ်ပြောတဲ့ကံ၊
(၂) ပိသုဏဝါစာ = သူတစ်ပါး အချစ်ပျက်အောင် ကုန်းတိုက်တဲ့ အကုသိုလ်ကံ၊
(၃) ဖရုသဝါစာ = ကြမ်းတမ်းစွာ ပြောဆိုဆဲရေးသော အကုသိုလ်ကံ၊
(၄) သမ္မပ္ပလာပ = ပြိန်ဖျင်းသောစကားကို ဆိုသော အကုသိုလ်ကံရယ်လို့လေးပါးရှိတယ်။
စိတ်မှာဖြစ်ပွားတဲ့အကုသိုလ်ကံကို မနောကံလို့ခေါ်တယ်၊ မနောကံက -
(၁) အဘိဇ္ဈာ =သူ့ပစ္စည်းဟာ ငါ့ပစ္စည်းဖြစ်ပါတော့လို့ မတရားရချင်တဲ့ အကုသိုလ်ကံ၊
(၂) ဗျာပါဒ =သူတစ်ပါး ပျက်စီးအောင်၊ သေအောင် ကြံစည်တဲ့ အကုသိုလ်ကံ၊
(၃) မိစ္ဆာဒိဋ္ဌိ =အယူအဆ မှားယွင်းတဲ့ အကုသိုလ်ကံရယ်လို့ သုံးပါးရှိတယ်။
ဒီ၁၀-ပါးသော အကုသိုလ်ကံတရားကို အပါယ်ရောက်ကြောင်း လမ်းမကြီးနှင့်တူလို့ (အကုသလ ကမ္မပထတရား) လို့ ခေါ်တယ်၊ အကုသလ ကမ္မပထဆိုတာအကုသိုလ်ကံတည်းဟူသော အပါယ်သွား လမ်းမကြီးကို ဆိုလိုတယ်။
ဒီလမ်းမကြိး ၁၀-ခုအနက် တစ်ခုခုပေါ်နင်းသွားမိလျှင် လမ်းမကြီးက ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး ကိုညွှန်ပြနေသတဲ့၊ ဒါကြောင့် ဒီ ၁၀-ပါးသော အကုသိုလ်ကံအနက် တစ်ကံကံကို လွန်ကျူးမိသလျှင်အပါယ်လမ်းက သေချာနေတယ်၊ ဒါကြောင့် အကုသလကမ္မပထ ၁၀-ပါး အပြစ်ငယ်တာရယ်လို့တော့ မရှိဘူး၊သို့သော် ဒီ ၁၀-ပါးအနက် ဘယ်ကံတရားဟာ အပြစ်အကြီးဆုံးလဲလို့ တွက်ခဲ့လျှင် နောက်ဆုံး မိစ္ဆာဒိဋ္ဌိကံဟာအပြစ်အကြီးဆုံး ဖြစ်တယ်၊ ဒီအကြောင်းကို တွက်ပြဦးမယ်။
အကုသိုလ်ကံအတွင်းမှာဂရုကံဟာ အလေးဆုံးကံဖြစ်တယ်၊ ဂရုကံဆိုတာ (ပဉ္စာနန္တရိယကံ)ကို ခေါ်တာပဲ၊ ပဉ္စာနန္တရိယဆိုတာကွယ်လွန်သည်၏အခြားမဲ့မှာ ဧကန် အဝီစိငရဲကြီး ကျရောက်မည့်ကံလို့ ဆိုလိုတယ်။
အဲဒီအနန္တရိယကံဟာ ပဉ္စဆိုတဲ့အတိုင်း ငါးပါးရှိတယ်။
(၁) မာတုဃာတက = အမိကို သတ်သောကံ၊
(၂) ပိတုဃာတက = အဖကို သတ်သောကံ၊
(၃) အရဟန္တဃတက = ရဟန္တာကို သတ်သောကံ၊
(၄) လောဟိတုပ္ပါဒက = ဘုရားရှင်ကို သွေးစိမ်းတည်အောင် ပြုသောကံ၊
(၅) သံဃဘေဒက = သံဃာကွဲအောင် ပြုသောကံ၊
ဒီဂရုကံကြီး ငါးပါးလုံးဟာ ကာယကံတွေချည်းပဲ၊ ဒါကြောင့် ကာယကံ အပြစ်ကြီးတယ်လို့ ဖြေစရာပေါ့၊သို့သော်လည်း ကာယကံသာ အပြစ်ကြီးတာ မဟုတ်ဘူး။
ဝစီကံအတွင်းကမုသာဝါဒဆိုတာလည်း အလွန် အပြစ်ကြီးတယ်၊ အပြစ်ကြီးလွန်းလို့ ဘုရားအလောင်းများဟာ အခြားအကုသိုလ်များကိုသာကျူးလွန်ခဲ့တယ်၊ မုသာဝါဒကံကိုတော့ မကျူးလွန်ဘူးတဲ့ကွယ်၊ ဒါကြောင့် မဃဒေဝလင်္ကာသစ်မှာ
“အကုသိုလ်မှာ မုသာဝါဒ၊ ကုသိုလ်မှားကား သစ္စာဝါစာလေးဆုံးသာတည့်” လို့ စပ်ဆိုထားတယ်၊ ဒီကံတွေထက် အပြစ်အကြီးဆုံးကတော့ မိစ္ဆာဒိဋ္ဌိကံပဲကွယ့်၊မိစ္ဆာဒိဋ္ဌိဆိုတာ အယူအဆမှားတာပေါ့၊ ကမ္မပထမြောက်တဲ့ မိစ္ဆာဒိဋ္ဌိကံက ၁၀-ပါးရှိတယ်၊ (ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိ) လို့ ခေါ်တယ်။
အဲဒီမိစ္ဆာဒိဋ္ဌိ ၁၀-ပါးက -
(၁) နတ္ထိ ဒိန္နံ =အလှူငယ်ပေးလှူလို့ အကျိုးမရှိ၊
(၂) နတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူလို့ အကျိုးမရှိ၊
(၃) နတ္ထိ ဟုတံ = ပူဇော်၍ အကျိုးမရှိ၊
(၄) နတ်ထိ ဖလံ ဝိပါကော = ကုသိုလျကံ၊ အကုသိုလျကံမရှိ၊
(၅) နတ္ထိ အယံ လောကော = ဘဝတစ်ပါးမှ လာသူမရှိ၊
(၆) နတ္ထိ ပရော လောကော = တမလွန်လောကမရှိ၊
(၇) နတ္ထိ မာတာ =မိခင်၏ ကျေးဇူးမရှိ၊
(၈) နတ္ထိ ပိတာ =ဖခင်၏ ကျေးဇူးမရှိ၊
(၉) နတ္ထိ သြပပါတိကာ = ဥပပတ်သတ္တဝါမရှိ၊
(၁၀) နတ္ထိ သမဏဗြဟ္မဏ = ကိလေသာ ငြိမ်းအေးသော သမဏ ဗြဟ္မဏဟူ၍ မရှိ။
ဒီအယူ၁၀-ပါးကို ဒသဝတ္ထုက မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။
ဒီမိစ္ဆာဒိဋ္ဌိကြီးဆယ်ပါးကို ကံ၏ အကျိုး မရှိလို့ ပယ်တဲ့အတွက်ကြောင့် နတ္ထိကဒိဋ္ဌိလို့ ခေါ်တယ်၊ကောင်းမှုပြုသော်လည်း ပြုသည်မမည်၊ အကောင်းမှု ပြုသော်လည်း ပြုသည်မမည်လို့ ကံကို ပယ်တဲ့အတွက်ကြောင့်အကြိယဒိဋ္ဌိလို့လည်း ခေါ်ကြတယ်။
သတ္တဝါဆိုတာကကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကုသိုလ်ကံကြောင့် ဖြစ်တာလည်းမဟုတ်၊ အကြောင့် အထောက်အပံ့မရှိ၊သူဖြစ်ချင်ရာ ဖြစ်တာပဲလို့ အကြောင်းပယ်တဲ့အတွက် အဟေတုကဒိဋ္ဌိလို့လည်းခေါ်တယ်။
နတ္ထိကာဟေတုက အကြိယ ဒိဋ္ဌိဟိ ဧဝ ကမ္မပထဘေဒေါ ဟောတိ။
နတ္ထိက အဟေတုက အကြိယ အမည်ရတဲ့ ဒီအယူဆိုး ဒိဋ္ဌိကြီးဆယ်ပါးစွဲကိုင်ထားခဲ့လျှင် အပါယ်လားဖို့ ကမ္မပထမြောက်သွားပြီတဲ့၊ ဒီအယူဆိုးကြီးကို စွဲစွဲမြဲမြဲယူခဲ့လျှင်နိယတမိစ္ဆာဒိဋ္ဌိဖြစ်သွားပြီး ထိုသူကွယ်လွန်လျှင် လူ့ဘဝ, နတ်ဘဝမှာ ဖြစ်ခွင့်မရှိ၊ ဧကန်မဟာအဝီစိငရဲကို ကျမယ်၊ ကမ္ဘာပျက်လျှင် အနန္တရိယကံကြောင့် ငရဲကျသူများ ဗြဟ္မာ့ဘုံ၌ ဖြစ်ခွင့်ရှိသော်လည်းနိယတမိစ္ဆာဒိဋ္ဌိ အယူဆိုး ယူမိသူကတော့ ဗြဟ္မာ့ဘုံမှာ မဖြစ်ဘဲ ဒီစကြဝဠာကမ္ဘာကြီးပျက်လျှင်အခြားမပျက်သေးတဲ့ ကမ္ဘမှာကူးပြီး ငရဲခံရလိမ့်မယ်တဲ့။
ဒါလားဆိုတော့ မကသေးဘူး၊ အယူမှားယူမိတဲ့သူဟာ မိမိယူထားတဲ့ မိစ္ဆာဒိဋ္ဌိအယူကို ဖြစ်ရာဘဝမှာ အခိုင်အမာ ဆုပ်ကိုင်စွဲယူထားတဲ့အတွက်ဘုရားပေါင်း အရာအထောင် ကြွရောက် တရားဟောသည့်တိုင်အောင် စွဲယူမိတဲ့ မိစ္ဆာအယူကို မစွန့်နိုင်အောင်အလွန် အယူပြင်းထန်သတဲ့၊ ဒါကြောင့် မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ဟာ အပါယ်ပြီး အပါယ်ကျ၍ ကမ္ဘာ့သစ်ငုတ်ကြီးအဖြစ်ကျန်ရစ်တတ်တယ်လို့ ကျမ်းဂန်များမှာ ဖွင့်ပြထားတယ်။
မိစ္ဆာဒိဋ္ဌိကံဆိုတာ ကာယကံလည်းမဟုတ်ဘူး၊ဝစီကံလည်းမဟုတ်ဘူး၊ မနောကံစစ်စစ်ဖြစ်တယ်၊ ဒါကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံဆိုတဲ့ အကုသိုလ်ကံသုံးပါးမှာမနောကံဟာ အပြစ်အကြီးဆုံးလို့ မှတ်သင့်တာပေါ့ကွယ်”
.....။
“သာဓု . . . သာဓု . . . သာဓု”
တည်တောဆရာတော်ဘုရားကြီး
Comments
Post a Comment