တဏှာဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်၏...

#တဏှာဖြစ်ခြင်းကြောင့်
#ဥပါဒါန်ဖြစ်၏...
🕋🕋🕋🕋🕋

☆ အာရုံတစ်ခုကို သို့မဟုတ် အယူဝါဒ တစ်ခုခုကို ပြင်းပြင်းထန်ထန်
စွဲစွဲမြဲမြဲ စွဲယူတတ်တဲ့ သဘောတရားတွေဟာ ဥပါဒါန်တို့ မည်ကြ
တယ်။ အဲဒီ ဥပါဒါန်တွေဟာ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါ
ဒါန်, အတ္တဝါဒုပါဒါန်လို့ (၄)မျိုး ရှိကြတယ်။

☆ ၁။ ကာမုပါဒါန်ဆိုတာကတော့ သက်ရှိသက်မဲ့ ကာမ၀တ္ထု အစုစု
လို့ခေါ်ဆိုအပ်တဲ့ ကာမတွေအပေါ်မှာ စွဲမြဲစွာ ယူတတ်တဲ့ ပြင်းပြင်း
ထန်ထန် စွဲလမ်းတတ်တဲ့ သဘောတရား ဖြစ်တယ်။

☆၂။ ဒိဋ္ဌုပါဒါန်ဆိုတာကတော့ မှားယွင်းတဲ့ မိစ္ဆာအယူဝါဒ = မိစ္ဆာဒိဋ္ဌိ
၀ါဒ တစ်ခုခုကို စွဲမြဲစွာ ယူတတ်တဲ့ ပြင်းပြင်းထန်ထန် စွဲလမ်းတတ်
တဲ့ သဘောတရား ဖြစ်တယ်။

☆ ၃။ သီလဗ္ဗတုပါဒါန်ဆိုတာကတော့ သီလဗ္ဗတအကျင့်ကို စွဲမြဲစွာ
ယူတတ်တဲ့ ပြင်းပြင်းထန်ထန် စွဲလမ်းတတ်တဲ့ သဘောတရား ဖြစ်
တယ်။

☆ ၄။ အတ္တဝါဒုပါဒါန်ဆိုတာကတော့ အတ္တဝါဒကို စွဲမြဲစွာ ယူတတ်တဲ့
ပြင်းပြင်းထန်ထန် စွဲလမ်းတတ်တဲ့ သဘောတရား ဖြစ်တယ်။

▄▄▄▄▄▄

၁။ #ကာမုပါဒါန် --- သက်ရှိသက်မဲ့ လိုချင်စရာ ကာမ၀တ္ထု အစုစုလို့
ခေါ်ဆိုအပ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ လိုချင်စရာ
၀တ္ထုကာမတို့ ဖြစ်ကြတယ်။ ယင်း၀တ္ထုကာမတို့အပေါ်မှာ တွယ်တာ
တပ်မက်တတ်တဲ့ တဏှာဟာ ကာမတဏှာ မည်ပါတယ်။ ကိလေသ
ကာမ မည်တယ်။ ရှေးရှေးသော ကာမတဏှာက အားကြီးသော
မှီရာ = ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတဲ့အတွက် မြဲမြံခိုင်
ခံ့နေတဲ့ မြဲမြံခိုင်ခံ့တဲ့အဖြစ်သို့ ရောက်ရှိနေတဲ့ နောက်နောက်သော
ကာမတဏှာဟာ ကာမုပါဒါန် မည်ပါတယ်။

☆ ရှေးရှေးသော တဏှာက အားကြီးသော မှီရာ ဥပနိဿယပစ္စယ
သတ္တိဖြင့် ကျေးဇူးပြုပေးတဲ့အတွက် မြဲမြံခိုင်ခံ့နေတဲ့ နောက်နောက်
သော တဏှာသည်သာလျှင် တဏှာဒဠှတ္တ = မြဲမြံခိုင်ခံ့နေတဲ့ တဏှာ
မည်တယ်၊ ခိုင်မြဲတဲ့ တဏှာ မည်တယ်၊ မြဲစွာ စွဲယူတတ်တဲ့ တဏှာ
မည်တယ်။ ယင်းခိုင်မြဲတဲ့ မြဲစွာ စွဲယူတတ်တဲ့ နောက်တဏှာသည်
ပင်လျှင် ကာမုပါဒါန် မည်ပါတယ်။

☆ အဲဒီ တဏှာနှင့် ဥပါဒါန်တရားနှစ်မျိုးထဲမှာ တဏှာကတော့ အာရုံ
ဘက်သို့ ရှေးရှုမျက်နှာမူတတ်တဲ့ သဘောတရား ဖြစ်ခြင်းကြောင့်
အလိုနည်းခြင်း အပ္ပိစ္ဆတာဂုဏ်ရဲ့ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်တယ်။
ဥပါဒါန်ကတော့ ခိုင်မြဲတဲ့ တဏှာအဖြစ်သို့ ရောက်ရှိနေတဲ့အတွက်
အလွန်အလိုကြီးတတ်ခြင်း သဘောရှိရကား ရောင့်ရဲလွယ်ခြင်း သန္တု
ဋ္ဌိဂုဏ်နှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်တယ်။

☆ တဏှာဟာ ကာမတို့ကို ရှာမှီးရခြင်း ပရိယေသနဒုက္ခရဲ့ အရင်းခံ
မူလ ဖြစ်တယ်။ ဥပါဒါန်ဟာ ကာမတို့ကို စောင့်ရှောက်ရခြင်း အာ
ရက္ခဒုက္ခရဲ့ အရင်းခံမူလ ဖြစ်တယ်။ တဏှာရဲ့ ခိုင်မြဲမှုဟာ = ခိုင်မြဲ
တဲ့အဖြစ်သို့ ရောက်ရှိနေတဲ့ နောက်နောက်တဏှာဟာ ကာမုပါဒါန်
ပင် ဖြစ်တယ်။

▄▄▄▄▄▄

၂။ #ဒိဋ္ဌုပါဒါန် --- သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်မှ တစ်ပါး နတ္ထိက
ဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိစတဲ့ ကံ-ကံ၏ အကျိုးတရားကို ပစ်
ပယ်ထားတဲ့ ဒိဋ္ဌိကြီးတို့နှင့် တကွ မိစ္ဆာဒိဋ္ဌိအယူဝါဒ မှန်သမျှ၌ ပြင်းထန်
စွာ စွဲလမ်းတတ်တဲ့ စွဲမြဲစွာ ဆုပ်ကိုင်ထားတဲ့ နောက်နောက် ဒိဋ္ဌိဟာ
ဒိဋ္ဌုပါဒါန်မည်တယ်။ ကံ-ကံ၏ အကျိုးတရားကို လက်မခံနိုင်တဲ့ မိစ္ဆာ
၀ါဒမှန်သမျှတွေမှာ စွဲလမ်းမှု စွဲမြဲစွာ ခံယူထားမှု ခံယူချက် အပြည့်အ၀
ရှိမှုဟူသမျှဟာ ဒိဋ္ဌုပါဒါန်ချည်းပင် ဖြစ်တယ်။

☆ သဿတော အတ္တာ စ လောကော စ။ = အတ္တသည်လည်းကောင်း, လောကသည်လည်းကောင်း မြဲ၏...လို့ ယူထားတဲ့ ရှေးအယူမှားကို
တစ်ဖန် ထပ်ပြီးတော့ စွဲမြဲစွာ ယူထားတဲ့ နောက်အယူမှားဟာ ဒိဋ္ဌု
ပါဒါန်ပင် ဖြစ်တယ်။

☆ ဒီအဋ္ဌကထာက ထုတ်ပြထားတဲ့ --- သဿတော အတ္တာ စ လော
ကော စ --- ဆိုတဲ့ ပုံစံဟာ ဒိဋ္ဌုပါဒါန်အတွက် ပုံစံ မဟုတ်ပါဘူး။ ရှေး
ရှေးဒိဋ္ဌိကို နောက်နောက်ဒိဋ္ဌိက ခိုင်မြဲစွာ ယူပုံကို အရိပ်ပြ အကောင်
ထင်အောင် နိဒဿနနည်းအားဖြင့် ညွှန်ပြထားတဲ့ ပုံစံသာ ဖြစ်ပါ
တယ်။ သဿတောအတ္တာ စ = အတ္တသည် မြဲ၏ = အမြဲတည်ရှိ၏--
စတဲ့ စကားဟာ အတ္တစွဲလမ်းမှုကို ဖော်ပြတဲ့ အတ္တဝါဒုပါဒါန်သာ ဖြစ်
တယ်။ ဒိဋ္ဌုပါဒါန်၏ ပုံစံပြစကား မဟုတ်ဘူးလို့ မှတ်သားပါ။

☆တစ်နည်းယူပုံ --- သဿတော အတ္တာ စ လောကော စ --- လို့
အတ္တနှင့် လောက ပုံစံနှစ်မျိုးကို ဖော်ပြထားရာမှာ အတ္တာ စ-ဖြင့်
အတ္တဝါဒုပါဒါန်ရဲ့ ပုံစံကို ဖော်ပြထားတာဖြစ်တယ်။ လောကော
စ-အရ အတ္တစွဲလမ်းမှုကို ‘ရုပ်ကို အတ္တလို့’ ယူလျှင် နာမ်ခန္ဓာ (၄)ပါး
ကို လောကလို့ ယူနိုင်တဲ့အတွက် သဿတော လောကော စ-ဖြင့်
ဒိဋ္ဌုပါဒါန်ပုံစံကို ဖော်ပြခြင်း ဖြစ်တယ်။ နာမ်ခန္ဓာ (၄)ပါးကို လောက
လို့ စွဲယူထားလေတော့ ရှေးဒိဋ္ဌိကို မြဲတယ်လို့ နောက်ဒိဋ္ဌိနဲ့ စွဲယူပြန်
တယ်လို့ ဆိုလိုပါတယ်။

☆ နောက်တစ်နည်း ယူဆပြန်တယ်။ (ဒီနည်းမှာတော့ ခန္ဓာတစ်ပါးပါး
ကို အတ္တလို့ စွဲယူလျှင်ကျန် ခန္ဓာလေးပါးကို လောကလို့ စွဲယူပြန်တယ်။)
အဋ္ဌကထာနှင့် မဆန့်ကျင်အောင် ယူတဲ့နည်း ဖြစ်ပါတယ်။

▄▄▄▄▄▄

၃။ #သီလဗ္ဗတုပါဒါန် --- နွားအကျင့် နွားအလေ့, ခွေးအကျင့် ခွေး
အလေ့ စသည်ကို ပြုကျင့်ခြင်းဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်
တယ်၊ သံသရာမှ လွတ်မြောက်နိုင်တယ်လို့ မှားသောအားဖြင့် သုံး
သပ်တတ်တဲ့ စွဲမြဲစွာ ယူတတ်တဲ့ မိစ္ဆာဒိဋ္ဌိဟာ သီလဗ္ဗတုပါဒါန် မည်
တယ်။

☆ တစ်ဖက်တွင်လည်း ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့
ကို မဆည်းကပ်မိဘဲ, တစ်ဖက်တွင်လည်း သံသရာမှ လွတ်မြောက်
ခြင်းကို အလိုရှိကြတဲ့ အချို့လူသားတွေဟာ --- “ငါတို့သန္တာန်မှာ
ရှေးက ပြုခဲ့မိတဲ့ အကုသိုလ်တွေ ရှိချေသေးတယ်၊ အဲဒီအကုသိုလ်
တွေကို ယခုဘ၀မှာပဲ အလုံးစုံ အကျိုးပေးပြီးဖြစ်အောင် အကြွေး
ဆပ်ကာ နောက်ထပ် အကုသိုလ်ကို မပြုရင်တော့ ကိလေသာတွေ
မှလည်း စင်ကြယ်ပြီး သံသရာမှလည်း လွတ်မြောက်ဖွယ် ရှိတယ်”
လို့ စဉ်းစားမိကြတယ်။ ဒီလို စဉ်းစားမိကြတဲ့အတွက် ရှေးက အကု
သိုလ်အပြစ်ဒဏ်ကို ယခုဘ၀မှာပဲ ခံစားရတဲ့အနေနဲ့ အချို့က နွား
တို့ရဲ့အလေ့ နွားတို့ရဲ့ အကျင့်များကို ဆောက်တည်ကာ ကြိုးကြိုး
စားစား ကျင့်ကြတယ်၊ အ၀တ်မ၀တ်ဘဲ နွားလို သွားတယ်၊ နွားလို
စားတယ်၊ နွားလို အိပ်တယ်။

☆ အချို့က ခွေးတွေရဲ့အလေ့ ခွေးတွေရဲ့ အကျင့်တွေကို ဆောက်
တည်ပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြတယ်၊ အ၀တ်မ၀တ်ဘဲ ခွေး
လို သွားတယ်၊ ခွေးလို စားတယ်၊ ခွေးလို အိပ်တယ်။ နွားအကျင့် နွား
အလေ့ ခွေးအကျင့် ခွေးအလေ့တွေကို သာယာတယ်၊ မက်မောတယ်။
အချို့ကတော့ အဲဒီအကျင့်တွေကြောင့် နတ်ရွာသုဂတိကိုပင် ရနိုင်
တယ်လို့ အယူရှိကြပြန်တယ်။

☆ ခွေးအကျင့်ကို ပြည့်ပြည့်စုံစုံ ကျကျနန ကျင့်တဲ့သူဟာ သေလျှင်
ခွေးဖြစ်တယ်။ နွားအကျင့်ကို ပြည့်ပြည့်စုံစုံ ကျကျနန သေသေချာ
ချာ ကျင့်တဲ့သူဟာ သေလျှင် နွားဖြစ်တယ်။ “ငါဟာ ဒီအလေ့အထ
ဒီ၀တ် ဒီအကျင့် ဒီမြတ်တဲ့ အကျင့်ကြောင့် ထင်ရှားတဲ့ နတ်သော်
လည်းကောင်း, မထင်ရှားတဲ့ နတ်သော်လည်းကောင်း ဖြစ်ရလိမ့်
မယ်”လို့ အကယ်၍ မိစ္ဆာအယူ ရှိခဲ့လျှင်တော့ အဲဒီ မိစ္ဆာဒိဋ္ဌိအယူ
၀ါဒကြောင့် ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဂတိသို့
လျော်သလို ရောက်နိုင်ကြောင်းကို မဇ္ဈိမပဏ္ဏာသ ကုက္ကုရ၀တိက
သုတ္တန်မှာ ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။

▄▄▄▄▄▄

၄။ #အတ္တဝါဒုပါဒါန် --- အတ္တရှိသည် စသည်ဖြင့် အတ္တကို ပြောဆို
ကြောင်း မိစ္ဆာအယူဝါဒမှာ စွဲမြဲစွာ ယူတတ်တဲ့ အယူဟာ အတ္တဝါဒု
ပါဒါန် မည်တယ်။ တရားကိုယ်မှာ ဒိဋ္ဌိစေတသိက်ပင်ဖြစ်တယ်။ ဒီ
အတ္တဝါဒုပါဒါန် အယူရှိနေသမျှ ရုပ်နာမ်တရားတို့ရဲ့ အနတ္တဖြစ်ပုံကို
သဘောမတူနိုင်ဘဲ အတ္တရှိသည်ဟုသာ ပြောဆိုလေ့ရှိနေမှာ ဖြစ်
တယ်။ ပုထုဇန်အများစုတို့ စွဲလမ်းထင်မှားအပ်တဲ့ အဲဒီ အတ္တဟာ ---

၁။ ပရမအတ်တ = ပရမတ်တ,
၂။ ဇီ၀အတ္တ-လို့ နှစ်မျိုးရှိတယ်။

၁။ ပရမအတ္တ --- ပရမတ္တ = ပရမအတ္တဆိုတာ ကမ္ဘာလောကကြီး
နှင့် တကွ သတ္တဝါတွေကို စီမံဖန်ဆင်းနိုင်သူ ဖန်ဆင်းရှင် တကယ်
ထင်ရှားရှိတယ်လို့ စွဲလမ်းထင်မှားအပ်တဲ့ အတ္တစွဲ ဖြစ်ပါတယ်။

၂။ ဇီ၀အတ္တ --- ဆိုတာကတော့ သတ္တဝါ တစ်ယောက် တစ်ယောက်
ရဲ့ သန္တာန်မှာ အသက်ကောင်လို့ စွဲလမ်းထင်မှားအပ်တဲ့ အဖန်ဆင်းခံ
အတ္တ ဖြစ်ပါတယ်။

▄▄▄▄▄▄

☆ ၁။ #ပရမတ္တ = ပရမအတ္တစွဲဟာ ဘယ်အချိန်က စခဲ့သလဲ?---
ကမ္ဘာပျက်ပြီးနောက် ကမ္ဘာသစ်ပြန်တည်မိပြီးနောက် ပထမစျာန်
(၃)ဘုံ စပြီး ဖြစ်တဲ့အခါမှာ အထက်ဗြဟ္မာ့ဘုံက ကံအဟုန် ကုန်တဲ့
အတွက် စုတေ = ကွယ်လွန်ပြီးတော့ ပထမစျာန်ဘုံမှာ ရှေးဦးစွာ
ဖြစ်လာတဲ့ ဗြဟ္မာကြီးဟာ တစ်ယောက်ထီးတည်း နေရတဲ့အတွက်
ပျင်းရိလှလေတော့ အခြားဗြဟ္မာများ ဖြစ်လာဖို့ရာ တောင့်တခိုက်
မှာပဲ အခြားဗြဟ္မာများလည်း ကံအဟုန် ကုန်ကြတဲ့အတွက် အ
ထက်ဘုံမှ စုတေ = ကွယ်လွန်ကြပြီးတော့ ပထမစျာန်ဘုံသို့
ရောက်လာကြတယ်။ အဲဒီအခါမှာ မူလရှိရင်း ဗြဟ္မာကြီးက သူ
တောင့်တတဲ့ အချိန်မှာ ဖြစ်ပေါ်လာကြတဲ့အတွက် နောက်မှ
ရောက်ရှိလာကြတဲ့ ဗြဟ္မာများကို သူဖန်ဆင်းတာပဲဟု အထင်ကြီး
သွားတယ်။ နောက်မှ ရောက်ရှိလာကြတဲ့ ဗြဟ္မာများကလည်း အဲဒီ
ပထမဗြဟ္မာကြီးက မိမိတို့ထက် ကိုယ်ရောင်ကိုယ်ဝါ အရာရာ သာ
လွန်နေတာကို မြင်ရလို့ မိမိတို့ကို အဲဒီဗြဟ္မာကြီးက ဖန်ဆင်းပေး
တယ်လို့ အထင်မှားကာ အဲဒီဗြဟ္မာကြီးကို ခစားကြတယ်။ (အမှန်
မှာ ---“ထန်းသီး-ကြွေခိုက် ကျီးနင်းခိုက်” --- သဘောမျိုးသာ ဖြစ်
ပါတယ်။)

☆ အဲဒီလို ဗြဟ္မာ့ပြည်တုန်းကတည်းက အဲဒီဗြဟ္မာကြီးရဲ့အပေါ်မှာ အထင်အမြင်ကြီးလာခဲ့ပြီးနောက် အချို့ဗြဟ္မာတွေဟာ ကံအဟုန်
ကုန်တဲ့အတွက် လူ့ပြည်မှာ လူအဖြစ်နဲ့ ရောက်ရှိလာကြပြန်တယ်။
အချို့ဗြဟ္မာတွေဟာ သြပပါတိကလူသားအဖြစ်နဲ့ လူ့ပြည်ကို ရောက်ရှိလာသည့်တိုင်အောင် အဲဒီဗြဟ္မာကြီးမှာ ဗြဟ္မာငယ်များ
ထက် (၃)ပုံ, (၂)ပုံ, (၁)ပုံခန့် ပိုမိုပြီးတော့ အသက်ရှည်ကာ ကျန်
ရစ်ခဲ့လေတယ်။ အဲဒီအခါမှာ လူ့ပြည်ကို လူအဖြစ်နဲ့ ရောက်ရှိ
လာကြတဲ့သူတွေဟာ စျာန်အဘိညာဏ်များကို အားထုတ်ကြတဲ့
အတွက် စျာန်အဘိညာဏ်တွေ ရကြပြန်တယ်။ အဘိညာဏ်မျက်စိ
နဲ့ ယခင်ဗြဟ္မာကြီးကို ပြန်မြင်ကြရတော့ ရှေးကထက် ခိုင်မြဲစွာ
အထင်အမြင်ကြီးကြတယ်။ “ဒီကမ္ဘာကြီးနှင့်တကွ သတ္တဝါတွေကို
မဟာဗြဟ္မာမင်းကြီးက တည်ထောင်ဖန်ဆင်းတယ်”ဆိုတဲ့ အယူ
၀ါဒဟာ လူ့ပြည်လောကမှာ ထိုကမ္ဘာဦးကာလကတည်းက တစ်
စတစ်စ ပြန့်ပွားလာခဲ့တယ်။ အဲဒီအယူဝါဒအတိုင်း ပြောရရင်
မဟာဗြဟ္မာကြီးဟာ ကမ္ဘာကို ဖန်ဆင်းနိုင်တဲ့ ပရမတ္တ =
ပရမအတ္တ = အလွန်မြတ်တဲ့ မပျက်စီးနိုင်တဲ့ အတ္တတော်ကြီး ဖြစ်
တယ်။ အဲဒီဖန်ဆင်းရှင် ပရမတ္တကိုပဲ စွဲမြဲစွာ ယူတဲ့ အတ္တဒိဋ္ဌိဟာ
အတ္တဝါဒုပါဒါန် မည်ပါတယ်။ (အကျယ်ကို ဗြဟ္မဇာလသုတ်တွင်
ကြည့်ပါ၊၊)

▄▄▄▄▄▄

၂။ #ဇီ၀အတ္တ --- နောက်တစ်ခုကတော့ ဇီ၀အတ္တ ဖြစ်တယ်။ ဒီခန္ဓာ
ကိုယ်အတွင်းထဲမှာ ဖန်ဆင်းရှင် ပရမတ္တက တည်ထောင်ဖန်ဆင်း
ထားတဲ့ “အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တ
ကောင်”လို့ ခေါ်ဆိုတဲ့ အတ္တဟာ ရှိတယ်။ ဇီ၀အတ္တလို့ ခေါ်ဆိုပါ
တယ်။ အဲဒီအတ္တဟာ အလွန်သတ္တိကောင်းတယ်။ အဲဒီအတ္တဟာ
ကာရက ဝေဒက သာမီ နိဝါသီ သယံ၀သီ အတ္တ-တည်းလို့ ယူဆ
ကြတယ်။

☆ #ကာရကအတ္တဆိုတာကတော့ --- အဲဒီအတ္တဟာ ပြုလုပ်ဖွယ် မှန်
သမျှကို ပြုလုပ်တတ်တယ်။ သွားခြင်း လာခြင်း ကွေးခြင်း ဆန့်ခြင်း
စတဲ့ ကိုယ်အမူအရာ မှန်သမျှကို အတ္တက ပြုလုပ်တယ်။ အတ္တရဲ့
သတ္တိကြောင့် အတ္တရဲ့ အလိုအတိုင်း ပြုလုပ်ခြင်း ဖြစ်တယ်။ ကောင်း
မှု မကောင်းမှု အစုစုကို အဲဒီအတ္တရဲ့ သတ္တိကြောင့် ပြုမိကြတယ်။
အတ္တက ကောင်းမှုကို ပြုချင်ရင် အတ္တရဲ့ အမိန့်အတိုင်း ကိုယ်နှုတ်
တို့က ကောင်းမှုကို ပြုကြတယ်။ အတ္တက မကောင်းမှုကို ပြုချင်ရင်
အတ္တရဲ့ အမိန့်အတိုင်း ကိုယ်နှုတ်တို့က မကောင်းမှုကို ပြုကြတယ်။
အဲဒီလို စွဲလမ်းယုံကြည်ကြတယ်။

☆ #ဝေဒကအတ္တဆိုတာကတော့ --- ကောင်းမှု မကောင်းမှုတွေရဲ့
အကျိုးကိုလည်း အတ္တကပင် ခံစားတယ်။ ယခုအခါ၌ ခံစားဖွယ်မှန်
သမျှကို အတ္တကပင် ခံစားသကဲ့သို့ နောင်အခါ၌ ကောင်းကျိုးဆိုးပြစ်
များကိုလည်း အတ္တကပင် ခံစားရလိမ့်မယ်လို့ စွဲလမ်းယုံကြည်တယ်။

☆ #သာမီအတ္တဆိုတာကတော့ --- ခန္ဓာအိမ်နှင့် ဆိုင်ရာ၀ယ် ပိုင်ပိုင်
နိုင်နိုင် အုပ်စိုးနိုင်တဲ့အတွက် အဲဒီအတ္တသည် ခန္ဓာအိမ်ရဲ့အရှင် ခန္ဓာ
အိမ်ရဲ့ပိုင်ရှင် ဖြစ်တယ်လို့ စွဲလမ်းယုံကြည်တယ်။

☆ #နိဝါသီအတ္တဆိုတာကတော့ --- ဒီအတ္တဟာ ခန္ဓာအိမ်မှာ အမြဲ
နေထိုင်သူ ဖြစ်တယ်၊ ခန္ဓာအိမ်အဟောင်း ဆွေးမြည့်ပျက်စီးတဲ့
အခါ ခန္ဓာအိမ်အသစ်သို့ ရွှေ့ပြောင်းနေထိုင်တတ်တဲ့အတွက်
ခန္ဓာအိမ်သာပျက်တယ်၊ အတ္တကတော့ အပျက်အစီး မရှိ၊ အမြဲ
တည်တယ်လို့ စွဲလမ်းယုံကြည်တယ်။ အချို့ကတော့ ဤ ဇီ၀အတ္တ
သည် ပရမတ္တ = ပရမအတ္တ၏ ပညတ်တော်အတိုင်း ရိုသေစွာ
လိုက်နာကျင့်ကြံ နေထိုင်ခဲ့ပါမူ ပရမတ္တ၏ အစိတ်အပိုင်းဖြစ်ပြီး
တော့ ခန္ဓာအိမ် ပျက်ချိန်ကြတဲ့အခါ မူလဖန်ဆင်းလိုက်တဲ့ ဖန်
ဆင်းရှင် ပရမတ္တထံသို့ ပြန်သွားတယ်၊ ပရမတ္တနှင့် ပြန်လည်ပူး
ပေါင်းမိတယ်လို့ စွဲလမ်းယုံကြည်ကြတယ်။ “ဘုရားသခင်၏ ရင်
ခွင်တော်၌ အိပ်ပျော်တော်မူခြင်း”ဆိုတဲ့ အယူဝါဒမျိုးဖြစ်တယ်။

☆ #သယံ၀သီအတ္တဆိုတာကတော့ --- အဲဒီအတ္တဟာ ခန္ဓာအိမ်နှင့်
ဆိုင်ရာ၀ယ် မိမိအတ္တရဲ့ အလိုသို့ လိုက်ပါစေနိုင်တယ်လို့ စွဲလမ်း
ယုံကြည်ကြတယ်။ ခန္ဓာအိမ်နှင့်ဆိုင်တဲ့ မြင်သိ ကြားသိ နံသိ
အရသာသိ အတွေ့အထိသိ ဓမ္မသဘောသိဆိုတဲ့ အသိကိစ္စဟူသမျှ
ကို မိမိအတ္တရဲ့အလိုသို့ လိုက်ပါစေတတ်တယ်လို့ စွဲလမ်းယုံကြည်
တယ်။

☆ ဒီ နိဝါသီနှင့် သယံ၀သီပုဒ်တို့အရ အတ္တဟာ မပျက်မစီးဘဲ အမြဲ
တည်နေတဲ့ အနှစ်သာရ အမာခံအထည်ကိုယ် ဖြစ်တယ်၊ မိမိအလို
သို့ လိုက်ပါစေနိုင်တဲ့ ၀သ၀တ္တနသဘော ရှိတယ်လို့ စွဲလမ်း မှတ်
ထင်ကြတယ်။ စွဲလမ်းယုံကြည်ကြတယ်။

☆ ဒီလို မှားယွင်းတဲ့ ခံယူချက်ဒိဋ္ဌိဖြင့် မှတ်ထင်ထားအပ်တဲ့ ပရမတ်
အားဖြင့် တကယ်ထင်ရှားလည်းမရှိတဲ့ အတ္တအကြောင်းကို ပြောဆို
မှုကို အတ္တဝါဒလို့ ခေါ်ဆိုပါတယ်။ ဒီပရမအတ္တဝါဒ ဇီ၀အတ္တဝါဒ နှစ်
မျိုးအပေါ်၌ စွဲလမ်းမှု, စွဲမြဲစွာ ခံယူထားမှုç စွဲလမ်းယုံကြည်မှုကိုပင်
အတ္တဝါဒုပါဒါန်လို့ ခေါ်ဆိုပါတယ်။
.....................

¤ ဖားအောက်တောရဆရာတော် ¤

Buddhavasa Tiloka
.
...........................🙏🙏🙏
Credit မူရင်းရေးသားပူဇော်သူ

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ