အဂတိ (၄) ပါးရှောင်

အဂတိ (၄) ပါးရှောင်
━━━━━━━━━━━

အကြောင်း ၄- မျိုးနဲ့
မကောင်းမှုကို မလုပ်နဲ့တဲ့။
အကြောင်း ၄- မျိုးဆိုတာ
အဂတိ ၄- ပါးကို ပြောတာ။

လောကမှာ “အဂတိ” ဆိုတာ
မလိုက်သင့်တဲ့လမ်းကို လိုက်တာ။
တရားလမ်းကြောင်းက သွေဖည်တာကို
“အဂတိ လိုက်တယ်”လို့ ခေါ်တာ။

အ, ဂတိဆိုတာ
မလိုက်သင့်တဲ့ လမ်းကြောင်း။
ဓမ္မလမ်းကြောင်းကို
သွေဖည်တဲ့ လမ်းကြောင်း။

လူတွေ အဂတိလိုက်ခြင်း ရဲ့
အကြောင်း ၄- မျိုး ရှိတယ်။

“ဆန္ဒ”- ကိုယ်နဲ့အသိဖြစ်လို့ ရင်းနှီးတယ်၊
မိတ်ဆွေဖြစ်တယ်။
ကိုယ့်ကို လာဘ်ထိုးထားလို့၊
သူက ပိုက်ဆံတွေအများကြီးပေးထားလို့
သူ့ကို favour ပေးတယ်။

ဟော ဆန္ဒကြောင့် မဟုတ်မတရား
ဆုံးဖြတ်တယ်။
တရားရုံးတွေမှာ အနိုင်ပေးလိုက်တယ်။
လာဘ်ပေးတဲ့လူ အနိုင်ပေးလိုက်တယ်။
ကိုယ့်မိတ်ဆွေမို့ အနိုင်ပေးလိုက်တယ်။

ဟော အဲဒါမျိုးကို “ဆန္ဒာဂတိ”
လိုက်တယ်လို့ခေါ်တာ။

အမှန်တရားအတိုင်း မဖြစ်ဘူးတဲ့။
ဆန္ဒကိုလိုက်ပြီးတော့
မလုပ်ရဘူးလို့ ဒီလိုပြောတာ။

ဆန္ဒလို့ဆိုတဲ့ ချစ်ခင်မှုကိုအကြောင်းပြုပြီး
တရားလမ်းကြောင်းက သွေဖည်တာမျိုး
မလုပ်ရဘူးတဲ့။
တရားလမ်းကြောင်းအတိုင်းပဲ
ဖြစ်စေရမယ်။ ဒီလိုပြောတာနော်။

အဲဒီ ဆန္ဒာဂတိလိုက်ပြီးတော့ ဆုံးဖြတ်ပြီ၊
မိမိကိုယ်တိုင်လည်းပဲ
ဆန္ဒာဂတိ လိုက်ပြီးတော့
လုပ်ပြီ ဆိုလို့ရှိရင်တော့
ဒီပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းဟာ
လဆုတ်ပက္ခမှာ ထွက်တဲ့ လ,လို့ပဲ
တဖြည်းဖြည်း သေးသွားမှာပဲတဲ့။
နောက်ဆုံး ပျောက်ကွယ်သွားမယ်ပေါ့၊
ဒီလိုပြောတာနော်။

အဲဒီတော့ “ဆန္ဒာဂတိ” ဆိုတာ
မလိုက်ရဘူး။

တချို့ကျတော့…
ဒီလူဟာ ငါနဲ့မတည့်တဲ့လူဆိုပြီး
မုန်းလို့ ဒုက္ခရောက်အောင်လုပ်တာမျိုး၊
တရားလမ်းကြောင်းအတိုင်း မလုပ်ဘဲနဲ့
မုန်းတီးမှုကို အကြောင်းပြုပြီး
ပြစ်ဒဏ်ကို ကြီးကြီးမားမား ချပစ်တာတို့၊
မုန်းတာကို အကြောင်းပြုပြီး
ဘက်လိုက်တာတို့ ဖြစ်တယ်။

အရပ်ထဲမှာလည်း ဒီလိုရှိတယ်လေ။
အလုပ်တူတူ လျှောက်တယ်၊
ကိုယ်မုန်းတဲ့လူဖြစ်လို့ ဖယ်လိုက်တယ်။
ဟော မုန်းလို့ဖယ်လိုက်တာ၊
“ဒေါသာဂတိ” လိုက်တယ်လို့
ဒီလိုပြောတာ။

“မောဟာဂတိ”ဆိုတာကျတော့
လုပ်သင့်တာနဲ့ မလုပ်သင့်တာ။

အရည်အချင်းကောင်းတာ
မကောင်းတာကို မရွေးတတ်လို့
မလုပ်သင့်တာကို လုပ်သင့်တယ်
ထင်တယ်။ မဟုတ်တာကို
အဟုတ်ထင်ပြီးတော့ လုပ်တယ်။
ဒါကို “မောဟာဂတိ”လို့ ခေါ်တယ်။

အဲဒါမျိုးနဲ့လည်းပဲ ဒီမကောင်းမှုကို
မလုပ်ရဘူးလို့ ဆိုတယ်။
တရားလမ်းကြောင်းအတိုင်းပဲ
အစစ်အမှန်ဖြစ်အောင် ကြိုးစားရမယ်။

"ဘယာဂတိ"ဆိုတာကတော့
ဒီလူက အာဏာရှိတယ်၊ ပိုက်ဆံရှိတယ်၊
ငါ့ကို ဒုက္ခပေးလိမ့်မယ်။
သူ့တော့ သာသာထိုးထိုးလေး
လုပ်ပေးမှ ဖြစ်မယ်လို့ဆိုရင်
ဒါ “ဘာယာဂတိ” ခေါ်တယ်။

ကြောက်လို့ တရားလမ်းကြောင်းအတိုင်း
မလုပ်ဘဲနဲ့ ရှောင်လွှဲလို့ရှိရင်
“ဘာယာဂတိ”လို့ ခေါ်တယ်။

အဲဒီအဂတိ ၄- ပါးနဲ့
“ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယ”လို့ဆိုတဲ့
ဒီစိတ်ရဲ့အခြေအနေတွေနောက်
လိုက်ပြီးတော့
အဲဒီအကြောင်း ၄- မျိုးကြောင့်
အကုသိုလ်ကို မလုပ်မိပါစေနဲ့တဲ့။

လောကကြီးမှာ
အကုသိုလ်လုပ်နေတာဟာ
အဲဒီ ၄- မျိုးထဲက
တစ်မျိုးမျိုး ဖြစ်နေတတ်တယ်တဲ့။
ဟုတ်တယ်။ ဒီ ၄- မျိုးကြောင့်မို့လို့
ဓမ္မလမ်းကြောင်းကနေ သွေဖည်ပြီးတော့
လုပ်နေကြတာတွေရှိတယ်။

လောကကြီးတစ်ခုလုံးမှာ
ဒီအတူတကွ အလုပ်လုပ်နေတဲ့
အသင်းတွေထဲမှာလည်း
ဒီလူကတော့ ငါနဲ့ရင်းနှီးတဲ့
ငါ့မိတ်ဆွေဆိုပြီးတော့
အပြစ်ရှိပေမယ့်လို့
သာသာထိုးထိုး ထားတယ်။
မတည့်တဲ့လူကျတော့
အပြစ်သေးသေးကို အကြီးချဲ့လိုက်
တယ်။ အဲဒါမျိုးတွေ ဖြစ်တတ်တယ်။

ဟာ ဒီလူကတော့ မဟုတ်မခံဖြစ်တယ်။
သူ့တော့ ကြောက်ရတယ်ဆို
အပြစ်ကို မထုတ်ဖော်ရဲဘူး ဆိုတာလည်း
အသင်းအဖွဲ့ထဲမှာ
အဂတိ ၄- ပါး လိုက်တာ ဖြစ်တာပဲ။

အဲဒီတော့ ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ်
အဂတိ ၄-ပါး မလိုက္စားဖို့
အရေးကြီးတယ်။ အမှန်တရားပေါ်မှာ
ရပ်တည်ရမယ်လို့ ဒီလိုဆိုလိုတာနော်။

“စည်းကမ်း ဥပဒေ” ဆိုတာ
အသင်းအဖွဲ့တွေမှာလည်း
စည်းကမ်းဥပဒေ ရှိတယ်။
နိုင်ငံတွေမှာလည်း
စည်းကမ်းဥပဒေ ရှိတယ်။
အဲဒီ တရားဥပဒေအတိုင်း
လိုက်နာကျင့်သုံးရမယ်လို့ ဒီလိုဆိုတာ။

ပိုက်ဆံပေးထားတဲ့လူကျတော့
မီးနီဖြတ်လည်း
မမြင်ချင်ယောင်ဆောင်နေတယ်။
ပိုက်ဆံပေးမထားဘူး ဆိုရင်တော့
မီးဝါလေး ဖြတ်တာတောင်မှပဲ
အရေးယူတယ်။
လုပ်တတ်တာတွေ ပြောပြတာပါ။
ဘယ်မှာလုပ်တယ်လို့ မပြောပါဘူး။

အဲဒီလို လုပ်တတ်တာတွေ
ရှိတဲ့အကြောင်း ပြောပြတာနော်။

အဲဒီတော့ နေရာတိုင်းမှာ
“ဆန္ဒာဂတိ၊ ဒေါသာဂတိ၊
ဘယာဂတိ၊ မောဟာဂတိ” ဆိုတဲ့
အဂတိတွေ လွှမ်းမိုးပြီး
တကယ် ဥပဒေအတိုင်း မလုပ်လို့ရှိရင်
ဒါက ဆန္ဒ၊ ဒေါသ၊ မောဟ
ဘယ လို့ဆိုတဲ့ အကြောင်း ၄-မျိုးနဲ့
အကုသိုလ်လုပ်တယ်လို့
မြတ်စွာဘုရားက ပြောတာ။

အဲဒီလို အကုသိုလ် မလုပ်ပါနဲ့တဲ့။
လုပ်ခဲ့လို့ ရှိရင်
“လဆုတ်ပက္ခ”မှာ ထွက်တဲ့ “လ”လို
သူ့ရဲ့ ဂုဏ်သတင်းတွေဟာ
ကျဆင်းသွားပါလိမ့်မယ်တဲ့။

အကယ်၍ အဂတိ ၄-ပါး
မလိုက်စားဘဲနဲ့ ဥပဒေနဲ့အညီ
ဆောင်ရွက်တယ် ဆိုလို့ရှိရင်တဲ့
အဲဒီပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းဟာ
“လဆန်းပိုင်း”မှာ ထွက်တဲ့ “လ”လို
တဖြည်းဖြည်း ကြီးပွားလာပါလိမ့်မယ်တဲ့။

မြတ်စွာဘုရားက ဒီလို ဟောတာနော်။

ဒါကလည်း အများနှင့်ပေါင်းသင်း
ဆက်ဆံတဲ့နေရာမှာ
အင်မတန်မှ အရေးကြီးတယ်။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ