၁-စိတ္တုပ္ပါဒကဏ္ဍ

စိတ်, စေတသိက်ပိုင်း
(က) ကုသလပဒဘာဇနီ ကုသိုလ်တရားစုကို ဝေဖန်ခြင်း
ကာမဝစရကုသိုလ် ပဌမစိတ်
(ခ) ဓမ္မဝဝတ္ထာနဝါရ တရားတို့ကို ပိုင်းခြား၍ ဟောကြားခြင်း
ဥဒ္ဒေသဝါရ အကျဉ်းအားဖြင့် ဟောကြားခြင်း ၁။ အဘယ်တရားတို့သည် ကုသိုလ်မည်ကုန်သနည်း။
(အကြောင်းညီညွတ်သော) အကြင်အခါ၌ သောမနဿဝေဒနာနှင့် တကွ ဖြစ်သော ဉာဏ်နှင့်ယှဉ်သောကာမာဝစရကုသိုလ်စိတ်သည် ရူပါရုံကိုဖြစ်စေ၊ သဒ္ဒါရုံကိုဖြစ်စေ၊ ဂန္ဓာရုံကိုဖြစ်စေ၊ ရသာရုံကိုဖြစ် စေ၊ ဖောဋ္ဌဗ္ဗာရုံကို ဖြစ်စေ၊ ဓမ္မာရုံကိုဖြစ်စေ အကြင်အကြင်တစ်ပါးပါးကို (အာရုံတစ်မျိုးမျိုးကို) အာရုံပြု ၍ဖြစ်ဆဲဖြစ်၏။
တရားအကျဉ်း
(အကြောင်းညီညွတ်သော) ထိုအခါ၌ တွေ့ထိမှု 'ဖဿ' သည် ဖြစ်၏၊ ခံစားမှု 'ဝေဒနာ' သည် ဖြစ်၏၊ မှတ်သားမှု 'သညာ' သည် ဖြစ်၏၊ စေ့ဆော်မှု 'စေတနာ' သည် ဖြစ်၏၊ သိမှု 'စိတ်' သည် ဖြစ်၏၊ ကြံစည်မှု 'ဝိတက်' သည် ဖြစ်၏၊ သုံးသပ်မှု 'ဝိစာရ' သည် ဖြစ်၏၊ နှစ်သက်မှု 'ပီတိ ' သည် ဖြစ်၏၊ ချမ်းသာမှု 'သုခ' သည် ဖြစ်၏၊ စိတ်၏ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ် 'စိတ္တဿေကဂ္ဂတာ' သည် ဖြစ်၏၊ အစိုးတရ ယုံကြည်မှု 'သဒ္ဓိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ အားထုတ်မှု 'ဝီရိယိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ အောက်မေ့မှု 'သတိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ တည်ကြည်မှု 'သမာဓိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ အပြားအားဖြင့် သိမှု 'ပညိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရ သိမှု 'မနိန္ဒြေ ' သည် ဖြစ်၏၊ အစိုးတရစိတ်ချမ်းသာမှု 'သောမနဿိန္ဒြေ' သည် ဖြစ်၏၊ အစိုးတရ စောင့်ရှောက်မှု 'ဇီဝိတိန္ဒြေ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ဖြစ်၏၊ ကောင်းစွာ အားထုတ်မှု 'သမ္မာဝါယာမ' သည် ဖြစ်၏၊ ကောင်းစွာအောက်မေ့ မှု 'သမ္မာသတိ' သည် ဖြစ်၏၊ ကောင်းစွာ တည်ကြည်မှု 'သမ္မာသမာဓိ' သည် ဖြစ်၏၊ မတုန်မလှုပ် ယုံကြည်မှု 'သဒ္ဓါဗိုလ် ' သည် ဖြစ်၏၊ မတုန်မလှုပ် အားထုတ်မှု 'ဝီရိယဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် အောက်မေ့မှု 'သတိဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် တည်ကြည်မှု 'သမာဓိဗိုလ်' သည်ဖြစ်၏၊ မတုန် မလှုပ် အပြားအားဖြင့် သိမှု 'ပညာဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် မကောင်းမှုမှ ရှက်မှု 'ဟိရီဗိုလ်' သည် ဖြစ်၏၊ မတုန်မလှုပ် မကောင်းမှုမှ ကြောက်လန့်မှု 'ဩတ္တပ္ပဗိုလ်' သည် ဖြစ်၏၊ မလိုချင်မတပ်မက်မှု 'အလောဘ' သည် ဖြစ်၏၊ မဖျက်ဆီးမှု မပျက်စီးစေလိုမှု 'အဒေါသ' သည် ဖြစ်၏၊ အမှန်တရား၌ မတွေ ဝေမှု 'အမောဟ' သည် ဖြစ်၏၊ သူတစ်ပါးဥစ္စာ၌ မမက်မောမှု 'အနဘိဇ္ဈာ' သည်ဖြစ်၏၊ မပျက်စီး စေလိုမှု 'အဗျာပါဒ' သည် ဖြစ်၏၊ ကောင်းစွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ' သည် ဖြစ်၏၊ မကောင်းမှုမှ ရှက်မှု 'ဟိရီ' သည် ဖြစ်၏၊ မကောင်းမှုမှ ကြောက်လန့်မှု 'ဩတ္တပ္ပ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါး အပေါင်း) ၏ ငြိမ်းချမ်းမှု 'ကာယပဿဒ္ဓိ' သည် ဖြစ်၏၊ စိတ်၏ ငြိမ်းချမ်းမှု 'စိတ္တပဿဒ္ဓိ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ လျင်မြန်ပေါ့ပါးမှု 'ကာယလဟုတာ' သည် ဖြစ်၏၊ စိတ်၏ လျင်မြန်ပေါ့ပါးမှု 'စိတ္တလဟုတာ' သည် ဖြစ်၏၊  
ကိုယ် (စေတသိက်ခန္ဓာသုံးပါးအပေါင်း) ၏ နူးညံ့မှု 'ကာယ မုဒုတာ' သည် ဖြစ်၏၊ စိတ်၏နူးညံ့မှု 'စိတ္တမုဒုတာ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ ခံ့ကျန်းမှု 'ကာယကမ္မညတာ' သည် ဖြစ်၏၊ စိတ်၏ ခံ့ကျန်းမှု 'စိတ္တကမ္မညတာ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ လေ့ကျင့်မှု 'ကာယပါဂုညတာ' သည် ဖြစ်၏၊ စိတ်၏ လေ့ကျင့်မှု 'စိတ္တပါဂုညတာ' သည် ဖြစ်၏၊ ကိုယ် (စေတသိက်ခန္ဓာ သုံးပါးအပေါင်း) ၏ ဖြောင့်မတ်မှု 'ကာယုဇုကတာ' သည် ဖြစ်၏၊ စိတ်၏ဖြောင့်မတ်မှု 'စိတ္တုဇုကတာ' သည် ဖြစ်၏၊ အောက်မေ့မှု 'သတိ' သည် ဖြစ်၏၊ ကောင်းစွာအပြားအားဖြင့် သိမှု 'သမ္ပဇည' သည် ဖြစ်၏၊ ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်းစေမှု 'သမထ' သည်ဖြစ်၏၊ အထူးထူးသော အခြင်းအရာအားဖြင့် ရှုမြင်မှု 'ဝိပဿနာ' သည် ဖြစ်၏။ ချီးမြှောက်မှု 'ပဂ္ဂါဟ' သည် ဖြစ်၏၊ မပျံ့လွင့်မှု 'အဝိက္ခေပ' သည် ဖြစ်၏။

ယေဝါပနကတရားများ

ထို့ပြင် ထိုအခါ၌ (ဆိုအပ်ခဲ့ပြီးသော တရားတို့မှ) တစ်မျိုးတခြားလည်းဖြစ်ကုန်သော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော (ဆန္ဒ, အဓိမောက္ခ, မနသိကာရ, တတြမဇ္ဈတ္တတာ,ကရုဏာ, မုဒိတာ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော) အကြင်နာမ်တရားတို့သည်ရှိကုန်၏၊ ဤတရားတို့သည် ကုသိုလ်မည်ကုန်၏။

အကျဉ်းချုပ်ဟောကြားခြင်း 'ဥဒ္ဒေသဝါရ' ပြီးပြီ။

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ