ဓမ္မပဒပါဠိတော် ၂-အပ္ပမာဒဝဂ်
ဓမ္မပဒပါဠိတော် ၂-အပ္ပမာဒဝဂ် ၁-သာမာဝတီဝတ္ထု 21၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်းတည်း။ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း။ မမေ့မလျော့သောသူတို့သည် သေသည် မမည်ကုန်။ မေ့လျော့သူတို့သည် သေသည်မည်ကုန်၏။ 22၂၂။ မမေ့မလျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကို သိ၍ မမေ့မလျော့သော သတိတရား၌ ရွှင်လန်းဝမ်းမြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။ 23၂၃။ ထိုပညာရှိတို့သည် (သမထ, ဝိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန် ပြီးလျှင် အမြဲမပြတ် လုံ့လပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြကုန်၏။ ၂-ကုမ႓ဃောသကဝတ္ထု 24၂၄။ ထကြွလုံ့လရှိသူ, သတိရှိသူ, စင်ကြယ်သော ကံသုံးပါးရှိသူ, စူးစမ်း၍ပြုလေ့ ရှိသူ, (ဣန္ဒြေကို) စောင့်စည်းသူ, တရားသဖြင့် အသက်မွေးသူ, မမေ့လျော့သူအား အြေ ွခအရံ အကျော်အစောသည် တိုးပွါး၏။ ၃-စူဠပန္ထကဝတ္ထု 25၂၅။ ထကြွလုံ့လနှင့်လည်းကောင်း၊ မမေ့လျော့ခြင်းနှင့်လည်းကောင်း၊ (သီလ) စောင့်စည်းခြင်းနှင့်လည်းကောင်း၊ (ဣန္ဒြေကို) ဆုံးမခြင်းနှင့်လည်းကောင်း ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသောမှီခိုရာ ကျွန်းကို ပြုလုပ်ရာ၏။ ယင်းသည့်ကျွန်းကို ကိလေသာရေလျဉ်သည် မဖျက်ဆီးနိုင်တော့ပြီ။ ၄-ဗာလနက္ခတ္တဝတ္ထု 26၂၆။ ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့မှုကိုအားထုတ်ကြကုန်၏။ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်၏။ 27၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကိုအားမထုတ်ကြကုန်လင့်၊ ကာမတို့၌ မွေ့လျော်မှုဟု ဆိုအပ်သောတဏှာနှင့် အကျွမ်းဝင်မှုကိုအားမထုတ်ကြကုန်လင့်၊ အဘယ့်ကြောင့် ဆိုသော် မမေ့မလျော့ (သမထ, ဝိပဿနာဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သောသူသည် မြတ်သော (နိဗ္ဗာန်) ချမ်းသာသို့ ရောက်နိုင်သောကြောင့် တည်း။ ၅-မဟာကဿပတ္ထေရဝတ္ထု 28၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏။ စိုးရိမ်မှု ကင်းသော ရဟန္တာသည် ဒိဗ္ဗစက္ခုဟု ဆိုအပ်သော ပညာပြာသာဒ်ထက်သို့ တက်၍ စိုးရိမ်မှုရှိသော သတ္တဝါအပေါင်းကို ရှုကြည့်၏။ တောင်ထိပ်၌ တည်သောသူသည် မြေပြင်၌ တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိရဟန္တာသည် (ပုထုဇဉ်) သူမိုက်တို့ကို ရှုကြည့်၏။ ၆-ဒွေသဟာယကဘိက္ခုဝတ္ထု 29၂၉။ လျင်မြန်သော မြင်းသည် ခွန်အားနည်းသော မြင်းကို ချန်ထား၍ သွားသကဲ့သို့ မေ့လျော့သူအပေါင်းတို့တွင် မမေ့လျော့သော ပညာရှိသည် (မေ့လျော့သူကို) ချန်ထား၍ သွား၏။ သတိလွတ်ကင်းနိုးကြားခြင်း မရှိသူ အပေါင်းတို့တွင် သတိပွါးများ နိုးကြားသူသည် (သတိလွတ်ကင်း နိုးကြားခြင်းမရှိသူများကို) စွန့်ထား၍ သွား၏။ ၇-မဃဝတ္ထု 30၃ဝ။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။ (ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏။ (ကုသိုလ်ကောင်းမှု၌) မေ့လျော့ခြင်းကို အခါ ခပ်သိမ်း ကဲ့ရဲ့အပ်၏။ ၈-အညတရဘိက္ခုဝတ္ထု 31၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဉ်အားလုံးကို လောင်ကျွမ်းစေလျက် (နိဗ္ဗာန်သို့) သွား၏။ ၉-နိဂမဝါသီတိဿတ္ထေရဝတ္ထု 32၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် (မဂ်ဖိုလ်တို့မှ) ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။ နှစ်ခုမြောက် အပ္ပမာဒဝဂ် ပြီး၏။
Comments
Post a Comment