ဓမ္မပဒပါဠိတော်

ဓမ္မပဒပါဠိတော် ၂၆-ဗြာဟ္မဏဝဂ် ၁-ပသာဒဗဟုလဗြာဟ္မဏဝတ္ထု ၃၈၃။ သူတော်ကောင်း တဏှာတည်းဟူသော အလျဉ်ကို ဖြတ်လော့၊ လုံ့လပြု၍ ကာမတို့ကို ပယ်လော့၊ သင်္ခါရတို့၏ကုန်ရာကို သိ၍ မပြုပြင်အပ်သော နိဗ္ဗာန်ကို သိလော့၊ ရဟန္တာ ဖြစ်လေလော့။ ၂-သမ္ဗဟုလဘိက္ခုဝတ္ထု ၃၈၄။ သူတော်ကောင်းသည် နှစ်ပါးသော သမထ ဝိပဿနာတရားတို့၌ ကမ်းတစ်ဖက်သို့ ရောက်၏။ ထိုအခါတရားမှန်ကို သိသော သူတော်ကောင်းအား အလုံးစုံသော ကာမရာဂ သံယောဇဉ် စသည်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။ ၃-မာရဝတ္ထု ၃၈၅။ အကြင်ပုဂ္ဂိုလ်အား (စက္ခုစသော အတွင်းအာယတနခြောက်ပါးတည်းဟူသော) ဤမှာဘက်ကမ်းသည်လည်းကောင်း၊ (ရူပါရုံစသော အပြင်အာယတန ခြောက်ပါးတည်းဟူသော) ထိုမှာဘက်ကမ်းသည်လည်းကောင်း၊ ထိုမှာဘက် ဤမှာဘက်ကမ်း နှစ်ပါးသည်လည်းကောင်း မရှိ၊ ပူပန်ခြင်းကင်းသည်ဖြစ်၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။ ၄-အညတရဗြာဟ္မဏဝတ္ထု ၃၈၆။ အနိစ္စစသော လက္ခဏာကို ရှု၍ ကိလေသာမြူကင်းလျက် (တစ်ကိုယ်တည်း) နေလေ့ရှိသော ရဟန်းကိစ္စ ပြီးပြီးသော အာသဝေါကင်း၍ အရဟတ္တဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။ ၅-အာနန္ဒတ္ထေရဝတ္ထု ၃၈၇။ နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏။ လမင်းသည် ညဉ့်အခါ၌သာ တင့်တယ်၏။ မင်းသည် မင်းမြောက်တန်ဆာ ဆင်မှသာလျှင် တင့်တယ်၏။ ရဟန္တာသည် ဈာန်ဝင်စားမှ သာလျှင် တင့်တယ်၏။ အမှန်သော်ကား မြတ်စွာဘုရားသည် သာ တန်ခိုးတော်ဖြင့် အလုံးစုံသော နေ့ညဉ့်ပတ်လုံး တင့်တယ်၏။ ၆-အညတရဗြာဟ္မဏပဗ္ဗဇိတဝတ္ထု ၃၈၈။ မကောင်းမှုကို အပပြုပြီးဖြစ်သောကြောင့် ဗြာဟ္မဏဟု ခေါ်ဆိုအပ်၏။ မကောင်းမှုကို ငြိမ်းစေတတ်သော အကျင့်ရှိသောကြောင့် သမဏဟု ခေါ်ဆိုအပ်၏။ မိမိ၏ ကိလေသာ အညစ်အကြေးကို ထုတ်ပယ်သောကြောင့် ပဗ္ဗဇိတဟု ခေါ်ဆိုအပ်၏။ ၇-သာရိပုတ္တတ္ထေရဝတ္ထု ၃၈၉။ သူတော်ကောင်း (ဗြာဟ္မဏ) ကို မပုတ်ခတ်ရာ၊ သူတော်ကောင်းသည် မိမိကို ပုတ်ခတ်သော ထိုသူအား အမျက်မထွက်ရာ၊ သူတော်ကောင်းအား ပုတ်ခတ်ခြင်းသည် စက်ဆုပ်ဖွယ် ဖြစ်၏။ ပုတ်ခတ်သူအား အမျက်ထွက်သူသည် ထို့ထက်သာ၍ပင် စက်ဆုပ်ဖွယ် ဖြစ်၏။ ၃၉ဝ။ ချစ်နှစ်သက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဒေါသစိတ်ကို မတားမြစ်နိုင်ခဲ့မူ ထိုမတားမြစ်နိုင်ခြင်းသည် သူတော်ကောင်းအတွက် အနည်းငယ်မျှပင် မမြတ်၊ အကြင် အကြင် ဝတ္ထုမှ ညှဉ်းဆဲလိုသော စိတ်သည် ဆုတ်နစ်၏။ ထိုထိုဝတ္ထုမှ ဆင်းရဲမှု ငြိမ်းသည်သာတည်း။ ၈-မဟာပဇာပတိဂေါတမီဝတ္ထု ၃၉၁။ အကြင်ပုဂ္ဂိုလ်အား ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုပြုခြင်း မရှိ၊ ကိုယ် နှုတ် စိတ်သုံးပါးတို့ဖြင့် စောင့်ရှောက်သောတိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။ ၉-သာရိပုတ္တတ္ထေရဝတ္ထု ၃၉၂။ အကြင်ဆရာထံမှ မြတ်စွာဘုရား ဟောကြားအပ်သောတရားကို သိရာ၏။ ပုဏ္ဏားသည် မီးကို ပူဇော်သကဲ့သို့ ထိုဆရာကို ရိုသေစွာ ရှိခိုးရာ၏။ ၁ဝ-ဇဋိလဗြာဟ္မဏဝတ္ထု ၃၉၃။ ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း၊ အနွယ်အားဖြင့်လည်းကောင်း၊ ဇာတ်အားဖြင့် လည်းကောင်း ဗြာဟ္မဏ မဖြစ်နိုင်၊ သစ္စဉာဏ်နှင့် လောကုတ္တရာတရား ရှိသူသည်သာ စင်ကြယ်သူလည်း ဖြစ်၏။ ဗြာဟ္မဏလည်း ဖြစ်၏။ ၁၁-ကုဟကဗြာဟ္မဏဝတ္ထု ၃၉၄။ ပညာမရှိသော ရသေ့ သင့်အား ဆံကျစ်ထုံးခြင်းတို့ဖြင့် အဘယ်အကျိုး ရှိအံ့နည်း? သစ်နက်ရေဝတ်ခြင်းဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း? သင်၏ကိုယ်တွင်း၌ ကိလေသာတော ရှိသည် ဖြစ်လျက် ပြင်ပကိုသာ သုတ်သင်ဘိ၏။ ၁၂-ကိသာဂေါတမီဝတ္ထု ၃၉၅။ ပံ့သကူသင်္ကန်းကို ဆောင်သော ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသောတစ်ယောက်တည်း တောထဲ၌ ဈာန်ဝင်စားလေ့ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၁၃-ဧကဗြာဟ္မဏဝတ္ထု ၃၉၆။ ပုဏ္ဏားမျိုး၌ ဖြစ်သော ပုဏ္ဏေးမမှ ဖြစ်သောသူကို ဗြာဟ္မဏဟု ငါဘုရား မဟော၊ ထိုပုဏ္ဏားသည် ရာဂစသော ကြောင့်ကြမှု ကိလေသာရှိခဲ့မူ ဘောဝါဒီ အမည်ရှိ၏။ ကြောင့်ကြမှု ကိလေသာလည်းမရှိ စွဲလမ်းမှုလည်း မရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၁၄-ဥဂ္ဂသေနသေဋ္ဌိပုတ္တဝတ္ထု ၃၉၇။ အကြင်ပုဂ္ဂိုလ်သည် အနှောင်အဖွဲ့ 'သံယောဇဉ်'အားလုံးကို ဖြတ်၍ ထိတ်လန့်ပူပန်မှု မရှိ၊ ကပ်ငြိတတ်သည့် ကိလေသာကို လွန်သော ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၁၅-ဒွေဗြာဟ္မဏဝတ္ထု ၃၉၈။ (ဒေါသတည်းဟူသော) နှောင်ကြိုးကိုလည်းကောင်း၊ (တဏှာတည်းဟူသော) လွန်ကြိုးကိုလည်းကောင်း၊ ကိန်းအောင်းနေသော ကိလေသာနှင့်တကွသော မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတည်းဟူသော ထူးကြိုးကိုလည်းကောင်း ဖြတ်၍ အဝိဇ္ဇာ တံခါးကျည် မင်းတုပ်ကို နုတ်ပယ်ပြီးလျှင် သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၁၆-အက္ကောသကဘာရဒွါဇဝတ္ထု ၃၉၉။ အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်း ပုတ်ခတ်ညှဉ်းဆဲခြင်း နှောင်ဖွဲ့ခြင်းကို အမျက် မထွက်ဘဲသည်းခံ၏။သည်းခံခြင်းအားတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၁၇-သာရိပုတ္တတ္ထေရဝတ္ထု ၄ဝဝ။ အမျက်လည်းမထွက် (ဓုတင်) အကျင့်လည်းရှိ သီလနှင့်လည်း ပြည့်စုံသောတဏှာပြန့်ပြောခြင်းလည်း မရှိ ယဉ်ကျေး၍ အဆုံးစွန်သော ကိုယ်ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၁၈-ဥပ္ပလဝဏ္ဏာတ္ထေရီဝတ္ထု ၄ဝ၁။ ကြာဖက်၌ ရေမတင်သကဲ့သို့လည်းကောင်း၊ (ပွတ်ဆောက်) စူးဖျား၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း ကာမတို့၌ မလိမ်းကျံ မကပ်ငြိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၁၉-အညတရဗြာဟ္မဏဝတ္ထု ၄ဝ၂။ အကြင်ပုဂ္ဂိုလ်သည် ဤဘဝ၌ပင် မိမိဆင်းရဲ၏ကုန်ရာဖြစ်သော နိဗ္ဗာန်ကို သိ၏။ ချအပ်သော ခန္ဓာဝန်ရှိ၍ ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂ဝ-ခေမာဘိက္ခုနီဝတ္ထု ၄ဝ၃။ နက်နဲသော ပညာရှိသော ထက်မြက်သော ပညာရှိသော လမ်းမှန်ဟုတ်သည် မဟုတ်သည်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂၁-ပဗ႓ာရဝါသီတိဿတ္ထေရဝတ္ထု ၄ဝ၄။ လူတို့နှင့်လည်းကောင်း၊ ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့် မရောယှက်သောတဏှာကင်းကြောင်း အကျင့်ရှိသည်ဖြစ်၍ အလိုနည်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂၂-အညတရဘိက္ခုဝတ္ထု ၄ဝ၅။ အကြင်ပုဂ္ဂိုလ်သည် ထိတ်လန့်တတ်သော (ပုထုဇဉ်သေက္ခ) ပုဂ္ဂိုလ်တို့၌လည်းကောင်း၊ မကြောက်မလန့်တည်တံ့သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌လည်းကောင်း တုတ်လက်နက်ကို ပယ်ချထားပြီးဖြစ်၍ မိမိလည်း မသတ် သူတစ်ပါးကိုလည်း မသတ်စေ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂၃-သာမဏေရာနံဝတ္ထု ၄ဝ၆။ ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော ဓားတုတ်ရှိသောသူတို့၌ ဓားတုတ် ချထားပြီးသည်ဖြစ်၍ ရန်ငြိမ်းသော စွဲလမ်းအပ်သောအရာတို့၌ စွဲလမ်းခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂၄-မဟာပန္တကတ္ထေဝတ္ထု ၄ဝ၇။ မုန်ညင်းစေ့သည် (ပွတ်ဆောက်) စူးဖျားမှ လျောကျသကဲ့သို့ စွဲမက်မှု 'ရာဂ' အမျက်ထွက်မှု 'ဒေါသ' ထောင်လွှားမှု 'မာန' သူတစ်ပါး၏ဂုဏ်ကို ဖျက်ဆီးမှု 'မက္ခ'တို့ ကင်းပလျှောကျပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂၅-ပိလိန္ဒဝစ္ဆတ္ထေရဝတ္ထု ၄ဝ၈။ နူးညံ့ပြေပြစ်၍ သဘောအဓိပ္ပါယ်ပေါ်လွင်စေသောမှန်သော စကားကို ပြောဆိုရာ၏။ မည်သည့်တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မထိခိုက် မငြိစွန်းစေရာ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။ ၂၆-အညတရတ္ထေရဝတ္ထု ၄ဝ၉။ လောက၌ ပိုင်ရှင်မပေးသော ဥစ္စ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မခိုးယူသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂၇-သာရိပုတ္တတ္ထေရဝတ္ထု ၄၁ဝ။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း မက်မောမှုတဏှာတို့ မရှိကုန်။ မက်မောမှု အာသာကင်း၍ ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂၈-မဟာမောဂ္ဂလ္လာနတ္ထေရဝတ္ထု ၄၁၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့ မရှိကုန်။ တရားမှန်ကို သိ၍သို့လောသို့လောဟု တွေးတောခြင်းမရှိ၊ အမြိုက်နိဗ္ဗာန်သို့ ရောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၂၉-ရေဝတတ္ထေရဝတ္ထု ၄၁၂။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကံ နှစ်ပါးစုံတို့ကို လည်းကောင်း၊ ကပ်ငြိတတ်သောတဏှာကိုလည်းကောင်း လွန်မြောက်၏။ စိုးရိမ်ခြင်းမရှိသော ကိလေသာမြူကင်းသော စင်ကြယ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃ဝ-စန္ဒာဘတ္ထေရဝတ္ထု ၄၁၃။ အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်သော အထူးသဖြင့် ကြည်လင်သော နောက်ကျုခြင်းမှ ကင်းလျက် ဘဝတို့၌ နှစ်သက်တတ်သည့် တဏှာကုန်ခန်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၁-သီဝလိတ္ထေရဝတ္ထု ၄၁၄။ အကြင်ပုဂ္ဂိုလ်သည် ရာဂတည်းဟူသော ဘေးကိုလည်းကောင်း၊ ကိလေသာတည်း ဟူသော အသွားခက်သည့် ခရီးကိုလည်းကောင်း၊ သံသရာဟူသော အကူးခက်သည့် သမုဒ္ဒရာကိုလည်းကောင်း၊ မောဟတည်းဟူသော အမိုက်မှောင်ကိုလည်းကောင်း လွန်မြောက်ပြီ။ သြဃလေးပါးကို ကူးမြောက်ပြီးဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်၏။ ကိလေသာတို့ကို ရှို့မြှိုက်လေ့ရှိ၏။ တဏှာကင်း၍သို့လောသို့လော တွေးတောမှုမရှိ၊ အစွဲအလမ်းကင်း၍ ငြိမ်းအေး၏။ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၂-သုန္ဒရသမုဒ္ဒတ္ထေရဝတ္ထု ၄၁၅။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကာမတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသော ကာမ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၃-ဇဋိလတ္ထေရဝတ္ထု ၄၁၆။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် တဏှာတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသောတဏှာ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၄-ဇောတိကတ္ထေရဝတ္ထု ၄၁၇။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် တဏှာတို့ကို ပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။ ကုန်ပြီးသောတဏှာ ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၅-နဋပုတ္တကတ္ထေရဝတ္ထု ၄၁၈။ အကြင်ပုဂ္ဂိုလ်သည် လူ၌ ဖြစ်သော အစီးအပွါးကို ပယ်စွန့်၍ နတ်၌ ဖြစ်သော အစီးအပွါးကို လွန်မြောက်၏။ အလုံးစုံ အစီးအပွါးနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၆-နဋပုတ္တကတ္ထေရဝတ္ထု ၄၁၉။ (ကာမဂုဏ်၌) မွေ့လျော်ခြင်း (ဆိတ်ငြိမ်ရာ၌) မမွေ့လျော်ခြင်းကို ပယ်စွန့်၍ ငြိမ်းအေးပြီးသော ဥပဓိ မရှိသော အလုံးစုံသော လောကကို လွှမ်းမိုး၍ တည်သော ရဲရင့်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၇-ဝင်္ဂီသတ္ထေရဝတ္ထု ၄၂ဝ။ အကြင်ပုဂ္ဂိုလ်သည် သတ္တဝါတို့၏ သေခြင်းကိုလည်းကောင်း၊ ပဋိသန္ဓေ နေခြင်းကို လည်းကောင်း အလုံးစုံအားဖြင့် သိ၏။ ကပ်ငြိတွယ်တာခြင်းမရှိသော သူတော်ကောင်း အကျင့်ကို ကောင်းစွာ ကျင့်၍ (သစ္စာလေးပါးကို) သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄၂၁။ အကြင်ပုဂ္ဂိုလ်၏ လားရာ 'ဂတိ'ကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည် မသိကုန်။ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၈-ဓမ္မဒိန္နာတ္ထေရီဝတ္ထု ၄၂၂။ အကြင်ပုဂ္ဂိုလ်အား အတိတ်ခန္ဓာ၌လည်းကောင်း၊ အနာဂတ်ခန္ဓာ၌လည်းကောင်း၊ ပစ္စုပ္ပန်ခန္ဓာ၌လည်းကောင်း ကြောင့်ကြမှု မရှိ၊ ကြောင့်ကြမှု မရှိသော စွဲလမ်းမှု ကင်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၃၉-အင်္ဂုလိမာလတ္ထေရဝတ္ထု ၄၂၃။ ရှေ့ဆောင်နွားလားဥသဘနှင့်တူသော မြတ်၍ လုံ့လရှိသော သီလက္ခန္ဓ စသည်ကို ရှာမှီးလေ့ရှိသော မာရ်သုံးပါးကို အောင်သောတဏှာကင်းသော ကိလေသာ အညစ်အကြေးကို ဆေးလျှော်ပြီးသော သစ္စာလေးပါးကို သိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ ၄ဝ-ဒေဝဟိတဗြာဟ္မဏဝတ္ထု ၄၂၄။ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို သိ၏။ နတ်ပြည် ငရဲပြည် ကိုလည်း မြင်၏။ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏။ ထူးသောဉာဏ်ဖြင့် သိ၍ နိဗ္ဗာန်သို့ ရောက်ပြီးသော ရဟန်းဖြစ်၏။ အလုံးစုံသော ကိလေသာတို့၏ ကုန်ကြောင်းအကျင့်ကို ကျင့်သုံးအပ်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။ နှစ်ဆယ့်ခြောက်ခုမြောက် ဗြာဟ္မဏဝဂ် ပြီး၏။ ဓမ္မပဒပါဠိတော် မြန်မာပြန် ပြီး၏။

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ