၃-စိတ္တဝဂ်
မ္မပဒပါဠိတော် ၃-စိတ္တဝဂ် ၁-မေဃိယတ္ထေရဝတ္ထု 33၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌) တုန်လှုပ်၍ လျှပ်ပေါ်လော်လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။ 34၃၄။ ရေတည်းဟူသောမှီရာ တည်ရာမှ ထုတ်ဆောင်၍ကုန်း၌ ပစ်ချထားအပ်သော ငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။ ၂-အညတရဘိက္ခုဝတ္ထု 35၃၅။ နှိပ်နင်းရန် ခဲယဉ်း၍ လျင်မြန်သော သဘောရှိသော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ (ဆုံးမပြီး၍) ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။ ၃-ဥက္ကဏ္ဌိတဘိက္ခုဝတ္ထု 36၃၆။ အလွန့်အလွန် မြင်နိုင်ခဲသော အလွန့်အလွန် သိမ်မွေ့သော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။ ၄-သံဃရက္ခိတတ္ထေရဝတ္ထု 37၃၇။ အဝေးသို့ သွားတတ်သောတစ်ဦးတည်း ကျက်စားသော ကိုယ်ကောင် အထည်မရှိသော (ဟဒယဝတ္ထု) လိုဏ်ဂူ၌မှီသော စိတ်ကို အကြင်သူတို့သည် စောင့်စည်း (ချုပ်တည်း) ကြကုန်၏။ (ထိုသူတို့သည်) မာရ်အနှောင်အဖွဲ့မှ လွတ်ကြကုန်လတ္တံ့။ ၅-စိတ္တဟတ္ထတ္ထေရဝတ္ထု 38၃၈။ မတည်တံ့သော စိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူအား ပညာသည် မပြည့်စုံ။ 39၃၉။ (ရာဂ) မစိုစွတ်သော စိတ်ရှိသော, (ဒေါသ) ထိခိုက်သော စိတ်မရှိသော ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော နိုးကြားသော ပုဂ္ဂိုလ်အား ဘေးသည် မရှိ။ ၆-ပဉ္စသတဘိက္ခုဝတ္ထု 40၄ဝ။ ဤ (သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟု သိ၍ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌ သက်ဝင်စေလျက် ပညာလက်နက်ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏။ (တိုက်ခိုက်၍) အောင်သောတရားကိုလည်း ကပ်ငြိတွယ်တာခြင်း မရှိဘဲ စောင့်ရှောက်ထားရာ၏။ ၇-ပူတိဂတ္တတိဿတ္ထေရဝတ္ထု 41၄၁။ ဤခန္ဓာကိုယ်သည် ဝိညာဉ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည်ဖြစ်၍ မကြာမီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား။ ၈-နန္ဒဂေါပါလကဝတ္ထု 42၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို (မြင်သော်) ပျက်စီးအောင် ပြုရာ၏။ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို (မြင်သော်) ပျက်စီးအောင် ပြုရာ၏။ မကောင်းသဖြင့်ထားအပ်သော စိတ်သည်ကား ထိုစိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။ ၉-သော ရေယျဝတ္ထု 43၄၃။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသောဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။ သုံးခုမြောက် စိတ္တဝဂ် ပြီး၏။
Comments
Post a Comment