အဘိဓမ္မာဆိုင်ရာတရားတော်များ
အဘိဓမ္မာဆိုင်ရာတရားတော်
ဗုဒ္ဓဘုရားရှင်၏ တရားတော်တို့ကို သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူ၍ ပိုင်းခြားထားသည်။ ယင်းတို့ကို ပိဋကတ်သုံးပုံဟူ၍ ခေါ်သည်။ အဆိုပါ ပိဋကတ်သုံးပုံတွင် အဘိဓမ္မာတရားသည် သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသည်။ နက်နဲခက်ခဲသည်။ ထို့ကြောင့် အဘိဓမ္မာဟူ၍ ခေါ်ဆိုခြင်းဖြစ်သည်။ အဘိဓမ္မာတရားတော်ကို ဗုဒ္ဓဘုရားရှင်သည် ၆-ဝါအလွန် ၇-ဝါအရောက် သက်တော် ၄၂-နှစ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူခဲ့သည်။ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူခြင်းဖြစ်သည်။ မယ်တော်မိနတ်သားသာမက မယ်တော်မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာများကပါ နာယူခဲ့ကြသည်။ ဗုဒ္ဓဘုရားရှင်သည် အဘိဓမ္မာတရားကို တာဝတိံသာနတ်ပြည်၌ ဟောပြောစဉ် ဆွမ်းခံချိန်၊ ဆွမ်းစားချိန် စသည်တို့၌ ကိုယ်ပွားဖြစ်သော နိမ္မိတဗုဒ္ဓဘုရားရှင်ကို ဖန်ဆင်းထားလျက် လူ့ပြည်သို့ ခေတ်တကြွသည်။ ထိုသို့ကြွစဉ် နိမ်မိတဘုရားရှင်က ဆက်လက်၍ ဟောကြားသည်။ ဘုရားရှင်သည် လူ့ပြည်၌ တနေ့တာအတွက် ဆောင်ရွက်ဖွယ်ရှိသည်တို့ကို ဆောင်ရွက်၍ နတ်ပြည်သို့ တဖန်ပြန်ကြွကာ တရားဟောပြန်သည်။ နတ်ပြည်၌ ပကတိဘုရားရှင်တလှည့်၊ နိမ္မိတဘုရားရှင်တလှည့် ဟောပြောတော်မူခဲ့သည်။ ဘုရားရှင်သည် လူ့ပြည်၌ ခေတ္တ သီတင်းသုံးစဉ် အရှင်သာရိပုတ္တရာမထေရ်အား အဘိဓမ္မာ၏ နည်းအမြွက်ကိုပေး၍ ဟောတော်မူသည်။ အရှင်သာရိပုတ္တရာကလည်း လင်းနို့သားငါးရာ ဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာတို့အား ဘုရားဟောတော်မူသည်တို့ကို မကျဉ်းမကျယ် ဟောကြားတော်မူခဲ့သည်။ နတ်ပြည်၌ ဘုရားရှင် ဟောတော်မူသော အဘိဓမ္မာတရားတော် ပြီးဆုံးခြင်းနှင့် အရှင်သာရိပုတ္တရာ အဘိဓမ္မာသင်ယူ ဟောပြောခြင်းကိစ္စ ပြီးဆုံးခြင်းတို့သည် တပြိုင်နက်ပင် ဖြစ်ပေသည်။ ဗုဒ္ဓဘုရားရှင်သည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ကာလပတ်လုံး နတ်ပြည်၌ဟောကြားရာ သီတင်းကျွတ်လပြည့်နေ့တွင် ပြီးဆုံးခဲ့သည်။ ပြီးဆုံးသောနေ့မှာပင် လူတို့နေရာ သင်္ကဿနဂိုပြည်သို့ နတ်ဗြဟ္မာများ ခြံရံလျက် ကြွဆင်းတော်မူလာခဲ့သည်။ ထိုသို့ ကြွဆင်းရာ၌ လူတို့ကလည်း မီးရှူးတန်ဆောင်အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော် ကြိုဆိုကြသည်။ ထိုဖြစ်ရပ်ကို အစွဲပြု၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြသည်။ ထို့ပြင် သီတင်းကျွတ်လပြည့်နေ့ကိုလည်း အဘိဓမ္မာအခါတော်နေ့ဟူ၍ သတ်မှတ်ကျင်းပကြသည်။ အဘိဓမ္မာတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဟူ၍ ၇-ကျမ်းပါရှိသည်။ ဘုရားရှင်သည် အဘိဓမ္မာကို နတ်ဗြဟ္မာတို့အား အကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းအားဖြင့် ဟောကြားသည်။ အရှင်သာရိပုတ္တရာက လင်းနို့သားများ ဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူသည်။ အဘိဓမ္မာသည် ထူးမြတ်၍ အလွန်ကျယ်ဝန်း နက်နဲခက်ခဲလှသည်။ အဘိဓမ္မာ၏ သဘောများကို လူသာမန်တို့ သိနိုင်ရန် အလွန်ခဲယဉ်းလှသည်။ ထို့ကြောင့် လူသာမန်တို့ အကျိုးငှါ အဘိဓမ္မတ္ထသင်္ဂဟခေါ် သင်္ဂြိုဟ်ကျမ်းကို အရှင်အနုရုဒ္ဓါဆရာတော်က စီရင်ရေးသားတော်မူခဲ့သည်။ ထိုကျမ်းမှာ အကျဉ်းချုပ်ဖြစ်သည့်အတိုင်း အဘိဓမ္မာတရားတို့၏ အမည်သရုပ်တို့သာ များသည်။ လိုရင်းသဘောများမှာ တိမ်မြုပ်နေသည်။ ထို့ကြောင့် ထိုကျမ်း၏ အဖွင့်ကျမ်းများကို ပါဠိဘာသာ၊ မြန်မာဘာသာ စသည်ဖြင့် အမျိုးမျိုး ဖွင့်ဆိုရေးသားခဲ့ကြပေသည်။ ဤလူ့ပြည်လောက၌ ရှိသော အဘိဓမ္မာတို့သည် အရှင်သာရိပုတ္တရာ ဟောတော်မူအပ်သော အဘိဓမ္မာတို့သာ ဖြစ်သည်။ အဘိဓမ္မာ၏ စကားအစီအစဉ်တို့သည်လည်း အရှင်သာရိပုတ္တရာ၏ စကားအစီအစဉ်တို့သာ ဖြစ်သည်။ ထို့ကြောင့် အချို့က အဘိဓမ္မာသည် ဘုရားဟောမဟုတ်၊ အရှင်သာရိပုတ္တရာ၏ ဟောကြားချက်သာဖြစ်သည်ဟု ဆိုကြသည်။ ထိုအဆိုသည် လုံးဝ မသင့်ပေ။ အဘိဓမ္မာကို အရှင်သာရိပုတ္တရာသည် မိမိကိုယ်တိုင် ဉာဏ်ထုတ်၍ ဟောသည်မဟုတ်၊ ဘုရားရှင်ပေးသော နည်းနာနယ ဉာဏ်တို့ဖြင့်သာ ဟောခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားဟောပင်ဖြစ်ပေသည်။ အဘိဓမ္မာတရားသည် အမေ့ကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ ဟောကြားခြင်း၊ သုံးလကြာမျှ ဟောကြားခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီ ဟောကြားခြင်း-တည်းဟူသော ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံပေသည်။ ထိုမျှမက အဘိဓမ္မာတရားသည် ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်းဟူသော နက်နဲခြင်းနှင့် ပြည့်စုံပေသည်။ ထို့ကြောင့် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အင်္ဂမဟာပဏ္ဍိတ၊ ပထမကျော် ဆရာတော်ကြီး အရှင်သေဋ္ဌိလက အဘိဓမ္မာတရားတော်သည် စိတ်အကြောင်းအရာ ပညာ၊ သူတော်ကောင်း ကျင့်စဉ်ပညာ၊ ကြောင်းကျိုးမြင်ပညာဟူသော ပညာသုံးရပ် ပါဝင်သဖြင့် ရိုးရိုးစိတ်ပညာ (Psychology)၊ ရိုးရိုးကျင့်စဉ်ပညာ (Ethics)၊ ရိုးရိုးကြောင်းကျိုးမြင်ပညာ (ဒဿနိကဗေဒ) ( Philosophy) တို့ထက် သာလွန်ပေသည်-ဟူ၍ ဆိုထားပေသည်။ ထို့ပြင် ဆရာတော် ဦးပညာသာမိ (မာဂဓီသာစည်) က အဘိဓမ္မာတရားတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ သင်ကြားနာယူခြင်းကြောင့် လင်းနို့သားများ ဖြစ်ခဲ့ဖူးသော ရဟန်းတော်များကဲ့သို့ နာမရူပ ပရိစ္ဆဒဉာဏ် ရင့်သန်စေနိုင်သည်။ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းကြောင်း အထောက်အပံ့ကောင်း ရနိုင်သည်။ ဘေးဥပအန္တရာယ် ကင်းဝေးနိုင်သည်။ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံနိုင်သည်-ဟူ၍ အကျိုးတရားများကို ရေးသားဖော်ပြထားသည်။ Credit: Wikipedia အဘိဓမ္မပိဋကအကြောင်း အဘိဓမ္မပိဋကအကြောင်း သုံးလောကသနင်း တရားမင်းသခင် ဘုရားရှင်၏ လေးဆယ့်ငါးနှစ်အတွင်း ဟောကြားတော်မူချက်များကို ပိဋကအားဖြင့် -- ၁။ သုတ္တန္တ ပိဋက ၂။ ဝိနယ ပိဋက ၃။ အဘိဓမ္မ ပိဋက ဟူ၍ သံဂါယနာတင်ဆရာတို့က သုံးမျိုးခွဲဝေတော်မူခဲ့ကြပေသည်။ ယင်းသုံးမျိုးအနက် (၁) ဓမ္မသင်္ဂဏီ၊ (၂) ဝိဘင်း၊ (၃) ဓာတုကထာ၊ (၄) ပုဂ္ဂလပညတ်၊ (၅) ကထာဝတ္ထု၊ (၆) ယမိုက်၊ (၇) ပဋ္ဌာန်း ဟူသော ခုနှစ်ကျမ်းတို့ကို “အဘိဓမ္မပိဋက” ဟုခေါ်သည်။ ဤ၌ အဘယ့်ကြောင့် “အဘိဓမ္မ” မည်သနည်းဟူသော အချက်ကို ဉီးစွာ ရှင်းလင်း ဖော်ပြလိုပေသည်။ “အဘိဓမ္မ” ဟူရာဝယ် “အဘိ” တပုဒ် “ဓမ္မ” တစ်ပုဒ်ဖြစ်လေသည်။ “အဘိ” ဟူသော ဥပသာရပုဒ်သည် အနက်များစွာရှိသည်အနက် ဤနေရာတွင် လွန်ကဲခြင်း=သာလွန်ခြင်း (=အတိရေက) အနက်, ထူးခြားခြင်း (=ဝိသေသ) အနက်တို့၌ဖြစ်သည်။ ဤ”ဓမ္မ”ကိုလည်း “သုတ္တန္တဓမ္မ”ထက် သာလွန်ထူးခြားသည့် ဓမ္မဖြစ်သောကြောင့် “အဘိဓမ္မ(ဓမ္မထူး ဓမ္မလွန်)ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်။ (အဘိ=လွန်သော ထူးသော + ဓမ္မ = ပါဠိ။ ဟောတော်မူသော စကားအစဉ်)။ ဗုဒ္ဓရှင်တော်ဘုရား၏ စကားတော်များသည် (၁) ဓမ္မ (၂) ဝိနယအားဖြင့် နှစ်မျိုးရှိလေသည်။ ထို့ကြောင့် ဗုဒ္ဓရှင်တော်ဘုရားကိုယ်တော်တိုင် “ဓမ္မကို၎င်း ဝိနယကို၎င်း ဟောခဲ့ပြီ၊ ပညတ်ခဲ့ပြီ၊ ထိုဓမ္မဝိနယသည် ငါဘုရား ပရိနိဗ္ဗာန်ဝင်စံခဲ့လျှင် သင်တို့ဆရာ ဘုရား ဖြစ်သည်” ဟု မိန့်မှာတော်မူခဲ့လေသည်။ ထို “ဓမ္မ”သည်လည်း နှစ်မျိုးရှိသည့်အနက် (ဝါ၊ ဓမ္မချင်းတူသော်လည်း) သုတ္တန္တဓမ္မထက် သာလွန်ထူးခြားသည့် ဓမ္မဖြစ်သောကြောင့် အဘိဓမ္မ (ဓမ္မထူး ဓမ္မလွန်) ဟု ခေါ်ဝေါ်ခြင်းဖြစ်လေသည်။ ဝိနယ (ဝိနည်း) ထက်ကား ထူးခြား သာလွန်မှု မရှိပေ။ ဥပမာအားဖြင့် ရတနာခုနှစ်ပါး စီခြယ်ထားသည့် အလျား အနံတူမျှသော လှေကြီးနှစ်စင်းတို့ကို ကမ်း၌ ဆိုက်ကပ်ထားလျှင် အဘယ်လှေက အဘယ်လှေထက် သာလွန်ထူးခြားသည်ဆိုကာ အဖိုးဖြတ်မှု မပြုနိုင်သကဲ့သို့ ဝိနည်း နှင့် အဘိဓမ္မာပိဋကတို့သည်လည်း တခုထက်ထခု ထူးခြားသာလွန်မှုမရှိဘဲ တူမျှကြသည်သာ ဖြစ်လေသည်။ သုတ္တန္တဓမ္မ (သုတ္တန်ပါဠိ)ထက် သာလွန်သော ပါဠိ, ထူးခြားသော ပါဠိ ဖြစ်သောကြောင့် အဘိဓမ္မ(သာလွန်သောပါဠိ ထူးခြားသောပါဠိ)ဟု ခေါ်ဆိုခဲ့ပါလျှင် အဘယ်သို့ သာလွန်ပါသနည်း၊ အဘယ်သို့ ထူးခြားပါသနည်းဟု မေးမြန်းစီစစ်ဖွယ် ရှိလာပြန်ပေသည်။ သာလွန်ထူးခြားပုံမှာ -- သုတ္တန္တဓမ္မ၌ “ဓမ္မ” (ပါဠိ) များကို ဟောကြားတော်မူရာဝယ် တစိတ် တဒေသအားဖြင့်သာ ဝေဖန်ဟောကြားတော်မူလေ့ရှိပေသည်။ အဘိဓမ္မမှာကဲ့သို့ အကြွင်း အကျန် မရှိအောင် ဝေဖန်ဟောကြားတော်မမူပေ။ အဘိဓမ္မ၌ကား -- (၁) သုတ္တန္တဘာဇနီယနယ = သုတ္တန္တဘာဇနီနည်း (၂) အဘိဓမ္မဘာဇနီယနယ = အဘိဓမ္မဘာဇနီနည်း (၃) ပဉှာပုစ္ဆကနယ = အမေး အဖြေနည်း ဟူသော နည်းသုံးမျိုးတို့ဖြင့် အကြွင်းအကျန်မရှိ ဝေဖန်ဟောကြားတော်မူလေသည်။ တနည်းအားဖြင့် ဗုဒ္ဓရှင်တော်ဘုရား၏ စကားတော်များကို (၁) ဓမ္မ (၂) အဘိဓမ္မ (၃) ဝိနယ (၄) အဘိဝိနယ ဟူ၍ လေးမျိုးခွဲဝေအပ်၏။ ထိုလေးမျိုးအနက် (၁) သုတ္တန်ပိဋကတ်သည် “ဓမ္မ” မည်၏၊ (၂) ဓမ္မသင်္ဂဏီစသော ခုနှစ်ကျမ်းသည် (ဆိုခဲ့သည့်အတိုင်း) သုတ္တန္တဓမ္မထက် သာလွန်ထူးခြားသည့် ပရိယတ္တိဓမ္မဖြစ်သောကြောင့် “အဘိဓမ္မ” (ထူးသော ဓမ္မ, လွန်သော ဓမ္မ) မည်၏၊ (၃) ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်း ဟူသော ဝိဘင်းအစုံသည် ကိုယ်နှုတ်တို့ကို ဆုံးမရာ ဆုံးမကြောင်း ဖြစ်သောကြောင့် ဝိနယ (ဝိနည်း) မည်၏၊ (၄) ခန္ဓက ပရိဝါရတို့ကား အာဘိသမာစာရိကဓမ္မ (အထူးတလည် မြတ်လှစွာသော အကျင့်ရှိသော ဓမ္မ)ကို ပြောကြားရာ ဖြစ်သောကြောင့် “အဘိဝိနယ” (ဝိနည်းထူး, ဝိနည်းလွန်) မည်ပေ၏။ (ရဟန်းတော်များအဖို့) မှီခိုရာ (အားကိုးရာ) ကို ပြုတတ်သော တရားဆယ်မျိုးတို့တွင် “တရားတော်ကို လိုလားခြင်း, ချစ်ဖွယ်ပြောဆိုတတ်ခြင်း, (ဆိုခဲ့သည့်) ဓမ္မ, အဘိဓမ္မ, ဝိနယ, အဘိဝိနယ လေးမျိုးတို့၌ များစွာ မြတ်နိုးမှုရှိြခင်းဟူသော အချက်သည်လည်း မှီခိုရာ (အားကိုးရာ)ကို ပြုတတ်သည့် တရားတပါးအဖြစ် ပါဝင်လေသည်။ အဘိဓမ္မာ၏နိဒါန်း နိဒါန်း။ ။ ဒေသ, ကာလ, ဌာနစသည်တို့၏အစွမ်းဖြင့် မထင်ရှားသည့် ဒေသနာတော်ကို ထင်ရှားအောင် ပြု၍ ပြတတ်သောကြောင့် နိဒါန်းဟု ခေါ်ခြင်းဖြစ်သည်။ ပိဋကသုံးပုံတို့တွင် ဝိနည်းပိဋကအရာဝယ် သိက္ခာပုဒ် အသီးသီးအတွက် ဆိုင်ရာ ဆိုင်ရာ ဝတ္ထု, နိဒါန်း, ပုဂ္ဂိုလ်, ပဌမပညတ်, အနုပညတ်, အာပတ္တိ, အနာပတ္တိ ဟူ၍ ပဌမသံဂါယနာတင်စဉ်ကပင် အပြည့်အစုံ မှတ်တမ်းတင်တော်မူခဲ့ကြသဖြင့် ထင်ရှားရှိနေသည်။ သုတ္တန်ပိဋကအရာ၌လည်း သုတ်တော်အသီးသီးအတွက် ဆိုင်ရာဆိုင်ရာ နိဒါန်း, ပုဂ္ဂိုလ်, ဝတ္ထုများဟူ၍ ပဌမသံဂါယနာတင်စဉ်ကပင် မှတ်တမ်းတင်တော်မူခဲ့ကြသဖြင့် ထင်ရှားရှိနေသည်။ ဝိနည်းပိဋက, သုတ္တန်ပိဋကများနည်းတူ အဘိဓမ္မာပိဋကအတွက် အဘယ်အရပ်၌ ဟောသည်, အဘယ်ပုဂ္ဂိုလ်တို့အား ဟောသည်စသော အချက်အလက်တို့ ခိုင်ခိုင်လုံလုံ မရှိဟု ထင်မှတ်ကာ ဘုရားဟော မဟုတ်ဟု ယူဆသူများ ရှေးကပင် ရှိခဲ့ကြဘူးလေသည်။ သို့သော် နိဒါန်းမရှိပါက ဗုဒ္ဓရှင်တော်ဘုရား ဟောကားတော်မူချက် မဟုတ်နိုင်ဟူ၍ ယူဆစတမ်းဆိုပါက ဇာတက, သုတ္တနိပါတ, ဓမ္မပါဒတို့၌ နိဒါန်းမရှိကြပေ။ ထို့ကြောင့် ၎င်းတို့ကိုလည်း ဘုရားဟော မဟုတ်ဟူ၍ ယူရတော့မည်လော။ ဤသို့ကား မဟုတ်ချေ။ စင်စစ်ကား အခြားသုတ်တော်အသီးသီးတို့၌ ဒေသနာနိဒါန်း တမျိုးစီသာ ရှိကြလေသည်။ အဘိဓမ္မာ၌ကား နိဒါန်းတမျိုးသာမက နှစ်မျိုး, သုံးမျိုးပင် ရှိသည်ကို တွေ့ရလေသည်။ နိဒါန်းနှစ်မျိုးကား (၁) အဓိဂမနိဒါန်း နှင့် (၂) ဒေသနာနိဒါန်း တို့ပေတည်း။ (၁) အဓိဂမနိဒါန်း။ ။ ထိုနှစ်မျိုးတို့အနက် ဒီပင်္ကရာ ထွတ်ချာမှန်ကင်း တရားမင်း၏ ခြေရင်းတော်တွင် ဗျာဒိတ်ခံယူသည့် အချိန်မှစ၍ မဟာဗောဓိပလ္လင်တော်အထိကို အဓိဂမနိဒါန်း (=အသိရကြောင်းနိဒါန်း) ဟူ၍ မှတ်ယူရမည်။ (၂) ဒေသနာ နိဒါန်း။ ။ သဗ္ဗညုတဉာဏ်ရသည်မှ တဖန် ဓမ္မစကြာတရား ဟောကားတော်မူသည်အထိကို ဒေသနာနိဒါန်း (=ဟောကြားကြောင်းနိဒါန်း) ဟူ၍ မှတ်ယူရမည်။ (အဋ္ဌသာလိနီ၊ ဋ္ဌ၊ ၃၂)
တနည်း
(၁) အဘိဓမ္မာဒေသနာကို သိရခြင်းအကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်သည် အဓိဂမနိဒါန်းမည်၏။
(၂) ဒေသ, ကာလ စသည်တို့သည် ဒေသနာနိဒါန်းမည်၏။ (ဓမ္မသင်္ဂဏီ၊ အနုဋီကာ၊ ၂၅)။ နိဒါန်းသုံးမျိုး။။ ဤမှတပါး အဘိဓမ္မာ၌ (ပြဆိုခဲ့သည့် နိဒါန်း ၂ မျိုးအပြင်)
(၁) ဒူရေနိဒါန်း၊ (၂) အဝိဒူရေနိဒါန်း၊ (၃) သန္တိကေနိဒါန်းဟူ၍လည်း နိဒါန်းသုံးမျိုးရှိသည်။
(၁) ဒူရေနိဒါန်း။ ။ ဒီပင်္ကရာမြတ်စွာသနင်း ခြေတော်ရင်း၌ ဖြန့်ခင်းတံတား မိန့်ကြားနိယတ ဗျာဒိတ်ရသည့် ကာလမှ တုသိတာနတ်ပြည်အထိသည် အဘိဓမ္မာဒေသနာတော်၏ ဒူရေနိဒါန်း (အဝေးနိဒါန်း) ဖြစ်သည်။
(၂) အဝိဒူရေနိဒါန်း။ ။ တုသိတာနတ်ပြည်မှ ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ် ငါးအင်မာရ်မျိုး ပယ်ချိုးသတ်ဖြတ် ဘုရားမြတ်အဖြစ်သို့ ဆိုက်ရောက်သော ကာလအထိသည် အဘိဓမ္မာဒေသနာတော်၏ အဝိဒူရေနိဒါန်း (မနီးလွန်း မဝေးလွန်းသော နိဒါန်း) ဖြစ်သည်။
(၃) သန္တိကေနိဒါန်း။ ။ “အခါတပါး ဗုဒ္ဓရှင်တော်ဘုရားသည် တာဝတိံသာနတ် ဗြဟ္မာအပေါင်းတို့အား ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာ စသော အဘိဓမ္မာတရားတော်ကို ဟောတော်မူလေပြီ” ဟူသော စကားသည်ကား အဘိဓမ္မာဒေသနာတော်၏ သန္တိကေနိဒါန်း (အနီး နိဒါန်း) ဖြစ်သည်။ စတုတ္ထသံဂါယနာတင်သောခေတ်အထိ အဘိဓမ္မာသည် နိဒါန်းမရှိသဖြင့် ဘုရားဟောမဟုတ်ဟူသော ငြင်းဆိုမှု မပေါ်ပေါက်သေးပေ။ အဋ္ဌကထာဆရာကြီး အရှင်မဟာဗုဒ္ဓဃောသ မတိုင်မီ အနှစ်တရာလောက်တွင်မှ ငြင်းဆိုသူများ ပေါ်လာသောကြောင့် မဏ္ဍလာရာမဝါသီ တိဿဘူမိထေရ် စသည်တို့က နိဒါန်းရှိကြောင်းကို ဖြေရှင်းတော်မူခဲ့ကြရလေသည်။ မဏ္ဍလာရာမဝါသီ တိဿဘူတိထေရ်က (သံယုတ္တနိကာယ ၃.၁၁)ပဒေသသုတ္တန်ကို ကိုးကားတော်မူကာ (ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ပဋိစ္စသမုပ္ပါဒ်, သတိပဋ္ဌာန်, ဈာန်, နာမ်, ဓမ္မဟု ဆိုအပ်သော) ပဒေသဆယ်ပါးတို့ကို အကြွင်းမရှိ ထိုးထွင်း၍ သိရာ မဟာဗောဓိပင်သည်ပင် အဘိဓမ္မာ၏ နိဒါန်းဖြစ်ကြောင်းကို ရှင်းလင်းဖော်ပြတော်မူခဲ့လေသည်။ ဂါမဝါသီ သုမနဒေဝမထေရ်ကလည်း အဘိဓမ္မာ၌ နိဒါန်းမရှိဟု ယူဆကြသော ပရဝါဒီတို့အား “အခါတစ်ပါး ဘုရားရှင်သည် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်နေရာထက်၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ တာဝတိံသာနတ်အပေါင်းတို့အား ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ, အဗျာကတာ ဓမ္မာစသည်ဖြင့် အဘိဓမ္မာဒေသနာတော်ကို ဟောကားတော်မူ၏” ဟူသော နိဒါန်းကို မိန့်ဆိုတော်မူလေသည်ဟု မိန့်တော်မူခဲ့သည်။ မဟာဂေါသိင်္ဂသုတ်။ ။ မဟာဂေါသိင်္ဂသုတ်သည် အဘိဓမ္မာဘုရားဟောဖြစ်ကြောင်းကိုးကားရာတွင် အဆိုပါ ဝိနည်းတော်လာ စကားထက်ပင် ခိုင်မာသေးကြောင်းကို အဋ္ဌကထာဆရာကြီး အသျှင်မဟာဗုဒ္ဓဃောသက မှာထားဖော်ပြတော်မူခဲ့ပြန်လေသည်။ အဂ္ဂသာဝကကြီးနှစ်ပါးနှင့်တကွ တပည့်သာဝကကြီး ၄ပါးတို့သည် ဂေါသိင်္ဂသာလဝန(အင်ကြင်းတော) အတွင် တပေါင်းလပြည့်နေ့ ညဉ့်အခါ၌ အမေးအဖြေပြုတော်မူကြပြီးနောက် အသျှင်သာရိပုတ္တရာသည် ထိုမေး ဖြေချက်များကို ဗုဒ္ဓရှင်တော်ဘုရားထံ သွား၍ လျှောက်ထားလေသည်၊ ထိုလျှောက်ထားချက်တွင် ပါဝင်သည့် အမေးအဖြေတို့ကား -- (အသျှင်သာရိပုတ္တရာ) ငါ့ရှင်မောဂ္ဂလာန်၊ အဘယ်သို့သော ရဟန်းသည် ငါတို့နေရာ အင်ကြင်းတော (ဝါ-သာသနာ) ကို တင့်တယ်စေပါသနည်းဟု မေး၏။ (အသျှင်မောဂ္ဂလာန်) “ဤသာသနာတော်၌ ရဟန်းနှစ်ပါးတို့သည် အဘိဓမ္မာတရားကို ပြောကြားကြ၍ အချင်းချင်း ပြဿနာကို မေးမြန်းဖြေဆိုကြကာ တွန့်တိုဆုတ်နစ်ခြင်း မရှိကြလျှင် ထိုရဟန်းနှစ်ပါးတို့၏ စကားဖြစ်ခြင်းသည် တရားနှင့်လျော်သည်ပင်ဖြစ်သည်၊ ငါ့ရှင်သာရိပုတ္တရာ ဤသို့သော ရဟန်းမျိုးသည် လပြည့်ဝန်း၏အရောင်ဖြင့် ထွန်းပသော အင်ကြင်းတောကို တင့်တယ်စေပါသည်ဟု ဖြေဆိုလေသည်”။ ထိုအခါ ဗုဒ္ဓရှင်တော်မြတ်ဘုရားက ‘ချစ်သားသာရိပုတ္တရာ၊ ကောင်းပေစွ၊ ကောင်းပေစွ၊ မောဂ္ဂလာန်သည် အမေးပုစ္ဆာကို ကောင်းစွာ ဖြေဆိုအပ်ပေ၏ (=သုကထိတံ မောဂ္ဂလာနေန)’ ဟု မိန့်တော်မူ၏။ ထို့ပြင် ရှင်တော်ဘုရားက ‘ချစ်သားသာရိပုတ္တရာ မောဂ္ဂလာန်သည် အစစ်ဖြစ်သော ဓမ္မကထိက ပုဂ္ဂိုလ်မည်၏။ အဘိဓမ္မာတတ်မြောက် နားလည်သော ရဟန်းတို့သည်သာလျှင် ဓမ္မကထိကမည်ကုန်၏။ (=အာဘိဓမ္မိကဘိက္ခူယေဝ ကိရ ဓမ္မကထိကာ နာမ)၊ အဘိဓမ္မာမတတ်သော ရဟန်းတို့သည် တရားဟောကုန်ငြားသော်လည်း ဓမ္မကထိကတရားဟော ပုဂ္ဂိုလ်အစစ်မမည်ကုန်” ဟု မိန့်တော်မူသည်။ (မဟာဂေါသိင်္ဂသုတ်၊ မဟာယမကဝဂ်၊ မူလပဏ္ဏာသပါဠိတော် စာမျက်နှာ - ၈၁) ပဌမသံဂါယနာတင်ရာတွင် နက်နဲသိမ့်မွေ့သည့် ဉာဏ်ကျက်စားရာ ဓမ္မသင်္ဂဏီစသော ခုနှစ်ကျမ်းတို့ကို “ဤကား အဘိဓမ္မာပိဋက မည်ပေသည်”ဟု မိန့်တော်မူကြပြီးလျှင် ရဟန္တာအရှင်မြတ်ကြီးငါးရာတို့ တပြိုင်နက် ရွတ်ဆိုကာ အတည်ပြုတော်မူခဲ့ကြလေသည်၊ အပြီးတွင် မဟာပထဝီမြေကြီး တုန်လှုပ်လေ၏။ အထက်ပါ အထောက်အထားကျမ်းကို သာဓကများသည် အဘိဓမ္မာကို မြတ်စွာဘုရား ဟောကြားကြောင်း ပေါ်လွင် ထင်ရှားစေပါသည်။ မေတ္တာဖြင့် သိန်းနိုင်အုန်း(၁၈.၈.၂၀၂၀) ကျမ်းကိုး။ ။ အဘိဓမ္မာပိဋကဓမ္မသင်္ဂဏီပါဠိတော်မြန်မာပြန်၏ ကျမ်းဉီးမှတ်ဖွယ်ဖြစ်သော အဘိဓမ္မာသမိုင်းချုပ် အဘိဓမ္မ ၇ ကျမ်းဟူသည် ..
. နိဒါန်း
အဘိဓမ္မ ၇ ကျမ်းကို မြတ်စွာဘုရားရှင်၏ဟောပုံဟောနည်း ကွဲပြားခြားနား၍ ဟောနည်း အားလျော်စွာ အောက်ပါအတိုင်း ခွဲခြားထားပါသည်။
(က) ဓမ္မသင်္ဂဏီ (Book of Classification)
(ခ) ဝိဘင်း (Book of Analysis)
(ဂ) ဓာတုကထာ (Book of Discourse on Elements)
(ဃ) ပုဂ္ဂလပညတ် (Book of Designation of Individuals)
(င) ကထာဝတ္ထု (Book of Controversy)
(စ) ယမိုက် (Book of Pairs) နှင့်
(ဆ) ပဋ္ဌာန်း (Book of Conditional Relations) တို့ဖြစ်ကြပါသည်။
အဘိဓမ္မပိဋကတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းကျမ်းဟူ၍ ခုနှစ်ကျမ်းရှိသည်။ ယင်းတို့တွင် ဓမ္မသင်္ဂဏီကျမ်းကို ရှေးဉီးစွာဟောတော်မူ၏။
၁။ ထိုတွင် ဓမ္မသင်္ဂဏီကျမ်းမှာ ကုသလဓမ္မ - အကုသလဓမ္မ အစရှိကုန်သော ဓမ္မတို့ကို အကျဉ်းချုပ်အားဖြင့် ဟောတော်မူသော ကျမ်းဟု ဆိုလိုပါသည်။
၂။ ဝိဘင်္ဂ(ဝိဘင်း)ကျမ်းကား ခန္ဓာစသော ဓမ္မတို့ကို (တနည်း = ကုသလဓမ္မ - အကုသလဓမ္မ စသောဓမ္မတို့ကို) သုတ္တန်နည်း၊ အဘိဓမ္မာနည်း အမေးအဖြေ “ပဉှာပုစ္ဆက”နည်းတို့ဖြင့် အကျယ်တဝင့် ဝေဘန်ဟောပြတော်မူရာဖြစ်သော ကျမ်းဟု ဆိုလို၏။
၃။ ခန္ဓာအစ အရဏ - အဆုံးရှိသော တရားတို့သည် ကက္ခဠ ဖုသန စသော မိမိသဘောကို ဆောင်သောကြောင့် ဓာတု = ဓာတ်မည်ကုန်၏။ ထိုဓာတ်တရားတို့ကို ပိုင်းခြား၍ ဟောရာဟောကြောင်း ဖြစ်သောကျမ်းသည် ဓာတုကထာ မည်၏။ ၄။ ပုဂ္ဂလပညတ္တိ = ပုဂ္ဂလပညတ်ဟူရာဝယ် မိန်းမ၊ ယောကျာ်း၊ နတ်၊ လူ စသည်တို့ကို ပုဂ္ဂလဟု ခေါ်၏။
ပညတ်ဟူသည် အမည်နာမပညတ်ကိုဆိုလိုသည်။ ဤကျမ်းတွင် (၁) ခန္ဓပညတ် (၂) အာယတနပညတ် (၃) ဓာတုပညတ် (၄) သစ္စပညတ် (၅) ဣန္ဒြိယပညတ် ဟူသော သဘာဝပညတ် ၅ မျိုးနှင့် (၆) ပုဂ္ဂလပညတ်ဟူသော အသဘာဝပညတ်တို့ကို ဝေဘန်ဟောကြားတော်မူ၏။
၅။ ကထာဝတ္ထု = အယူဝါဒနှင့်ဆိုင်သော စကားသည် ကထာမည်၏။ ဖြစ်ရာတည်ရာ (သို့မဟုတ်) အမှန်ထင်ရှား ရှိသောအရာ (အနှစ်သာရ)သည် ဝတ္ထုမည်၏။ ပုဂ္ဂလကထာ၊ ဗြဟ္မစရိယကထာ စသည့်ကထာတို့၏ တည်ရာဖြစ်သော ကျမ်းဟု ဆိုလိုပါသည်။ ကထာဝတ္ထုကျမ်းကို ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈ နှစ်ရောက်မှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟောတော်မူခြင်း ဖြစ်သော်လည်း “ဗုဒ္ဓရှင်တော်ဘုရား ထားတော်မူခဲ့သည့် မာတိကာ အတိုင်း ဟောကြားထားသော ကျမ်းဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ငါဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈ နှစ်ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿမည်သော ရဟန်းသည် ရဟန်းတော်ခြောက်သန်းတို့၏ အလယ်၌ သကဝါဒ၌ သုတ်ပေါင်းငါးရာ၊ ပရဝါဒ၌ သုတ်ပေါင်းငါးရားတို့ကို ပေါင်းရုံးကာ ဒီဃနိကာယ် ပမာဏရှိသော ကထာဝတ္ထုကျမ်းကို ဟောလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့် လည်းကောင်း ဗုဒ္ဓဘာသိတ အဘိဓမ္မာကျမ်းအဖြစ် ထည့်သွင်းခဲ့ကြခြင်းဖြစ်သည်။ ၆။ ယမက = ယမိုက်ကျမ်း။ ယမကသဒ္ဒါသည် အစုံ ဟူသော အနက်ကို ဟော၏။ (က) အနုလောမ + ပဋိလောမ တစ်စုံ၊ (ခ) ပုစ္ဆာ + ဝိသဇ္ဇနာ တစ်စုံ၊ (ဂ) သန္နိဋ္ဌာန် + သံသယ တစ်စုံ၊ ဤသို့ အစုံအစုံ ဟောတော်မူသောကျမ်းကို ယမက ကျမ်းဟုခေါ်၏။ ၇။ ပဋ္ဌာန = ပဋ္ဌာန်းကျမ်း။ ပဋ္ဌာန - သဒ္ဒါသည် အကြောင်းအမျိုးမျိုးဟူသော အနက်ကို ဟော၏။ နှစ်ဆယ့်လေးပစ္စည်းတို့တွင် တစ်ခုတစ်ခုသော ပစ္စည်း၌ပင် အကြောင်းအမျိုးမျိုးကိုဟောတော်မူသည်။ ထို့ကြောင့် ဟေတုပစ္စည်းစသော တစ်ခုတစ်ခုသော ပစ္စည်းသည်ပင် ပဋ္ဌာန်း မည်၏။ တစ်ခုတစ်ခုသော ပစ္စည်း၏ ပဋ္ဌာန်းဟူသော အမည်ကို နှစ်ဆယ့်လေးပစ္စည်းလုံးကို ပြဆိုသောကျမ်း၌ တင်စား၍ အစိတ်၏ အမည်ကို အပေါင်း၌ တင်စားသော နည်းအရ ပဋ္ဌာန်းကျမ်းဟု ခေါ်ထားခြင်းဖြစ်သည်။ အဘိဓမ္မပိဋကတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းကျမ်းဟူ၍ ခုနှစ်ကျမ်းရှိသည်။ ယင်းတို့တွင် ဓမ္မသင်္ဂဏီကျမ်းကို ရှေးဉီးစွာဟောတော်မူ၏။ ဓမ္မသင်္ဂဏီကျမ်း ခေါ်တွင်ခြင်း လောကသုံးရပ် ဘုံသုံးထပ်အတွင်း၌ ရှိကြကုန်သော လူ နတ် ဗြဟ္မာသတ္တဝါတို့အား ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်၍ နိဗ္ဗာန်ဟူသော ဝိမုတ္တိသုခကို ရရှိခံစားနိုင်ကြရန် ရည်သန်တော်မူလျက် ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့သော တရားဒေသနာတော် အစဉ်သည် ပိဋကအားဖြင့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ သုံးမျိုးသုံးစားသုံးပါးရှိပါသည်။ ထိုသုံးပါးတို့တွင် ဓမ္မသင်္ဂဏီပါဠိတော်သည် တတိယမြောက်ဖြစ်သည့် အဘိဓမ္မာပိဋက၏ ပထမဦးဆုံးကျမ်းဖြစ်သည်။ အဘိဓမ္မာဟု ဆိုရုံမျှဖြင့်ပင် သုတ္တန်ဒေသနာတော်များထက် ထူးခြားသာလွန်သည့် တရားတော်ဖြစ်ကြောင်း အများအားဖြင့် နားလည်ကြပြီးဖြစ်သည်။ သို့ဖြစ်သည့်အတိုင်း ထိုအဘိဓမ္မာပိဋိက၀င်ကျမ်း ခုနှစ်ဆူတို့အနက် လက်ဦးဆုံးဖြစ်သော ဓမ္မသင်္ဂဏီကျမ်းသည်လည်း အဘိဓမ္မာဒေသနာ၌ ပင်ရင် အကျဆုံး အရေးအကြီးဆုံး ကျမ်းကြီးဖြစ်သည်ဟူသော အချက်မှာ ထင်ရှားပေါ်လွင်လျက်နေပေသည်။ သို့ဖြစ်ရကား ထိုအချက်ကိုပင် ပို၍ ထင်ရှားစေရန် “ဓမ္မသင်္ဂဏီ” ဟူသော ဝေါဟာရစကားလုံး၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို တိတိကျကျ ကြံဆရှာဖွေ၍ ပြရသော် --- “ဓမ္မသင်္ဂဏီ” ဟူသောစကားလုံး၌ ‘ဓမ္မ’ နှင့် ‘သင်္ဂဏီ’ ဟူသောပုဒ်နှစ်ခုကို သမာသ်တွဲစပ်ထားခြင်းဖြစ်၏။ အလွယ်ဆုံးအားဖြင့် ဖွင့်ဆိုရှင်းလင်းပြရပါမူ --- ဓမ္မ = သဘာ၀တရားများ သင်္ဂဏီ = သိမ်းကျုံးစုပေါင်း၍ယူခြင်း (ပြခြင်း)။ = ကောင်းစွာ (ပြည့်စုံစွာ) ရေတွက်ခြင်း ဟူ၍ အဓိပ္ပါယ်ရလေသည်။ ထို့ကြောင့် ဓမ္မသင်္ဂဏီကျမ်းသည် -- (၁) သဘာ၀တရား (ပရမတ္ထတရား) အားလုံးကို သိမ်းကျုံးစုပေါင်း၍ ပြသောကျမ်း။ (၂) ကောင်းမွန်ပြည့်စုံစွာ သဘာ၀တရား (ပရမတ္ထတရား) တို့ကို ရေတွက်၍ ပြသောကျမ်းဟု ဆိုလိုသည်။ ထိုဓမ္မသင်္ဂဏီကျမ်း၌လည်း စိတ္တုပ္ပါဒကဏ္ဍ၊ ရူပကဏ္ဍ၊ နိက္ခေပကဏ္ဍ၊ အဋ္ဌကထာကဏ္ဍဟူ၍ လေးခန်းရှိသည်။ ထိုလေးခန်းတွင် စိတ္တုပ္ပါဒအခန်းကို ရှေးဉီးစွာဟောတော်မူ၏။ ထိုစိတ္တုပ္ပါဒအခန်း၌လည်း မာတိကာ၊ ပဒဘာဇနီအားဖြင့် နှစ်ပိုင်းခွဲထားသည်။ ထိုနှစ်ပိုင်းတွင် မာတိကာကို ရှေးဉီးစွာ ဟောတော်မူ၏။ မာတိကာသည် အဘိဓမ္မာတရားတော်၏ ပထမဆုံးကျမ်းဖြစ်သည့် ဓမ္မသင်္ဂဏီကျမ်း၏ မာတိကာ ဖြစ်ရုံမက အဘိဓမ္မ ၇ ကျမ်းလုံး၏ မာတိကာလည်း ဖြစ်သည်။ မာတိကာကျမ်းတွင် တိက် ၂၂ ပါး နှင့် ဒုက် ၁၀၀ ပါး ရှိသည်။ တိက်ဆိုသည်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရား ၄ ပါးကို သုံးပုံ သုံးစု ပြု၍ ဟောထားခြင်း ဖြစ်ပါသည်။ ဒုက်ဆိုသည်မှာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရား ၄ ပါးကို နှစ်ပုံ နှစ်စု ပြု၍ ဟောထားပါသည်။ ထိုမာတိကာ၌လည်း တိကမာတိကာ၊ ဒုကမာတိကာအားဖြင့် နှစ်ပိုင်းရှိသည်။ ထိုနှစ်ပိုင်းတွင် မြတ်စွာဘုရားသည် တိကမာတိကာကို ရှေးဉီးစွာ ဟောတော်မူပါသည်။ ထိုမာတိကာ၌လည်း ကုသလတိက်၊ ဝေဒနာတိက် အစရှိသောအားဖြင့် ၂၂ပါး ရှိသည်။ ထို ၂၂ ပါးတို့တွင် ကုသလတိတ်ကိုရှေးဉီးစွာဟောတော်မူ၏။ ကုသလဆိုသည်မှာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းဖြစ်ပြီး တိကဟူသည် ပရမတ္ထတရားများကို အောက်ပါအတိုင်း အုပ်စု ၃ စု ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကုသလတိက်တွင် - ပထမပဒ - ကုသလာဓမ္မာ၊ ဒုတိယပဒ - အကုသလာဓမ္မာ၊ တတိယပဒ - အဗျာကတာဓမ္မာတို့ဖြစ်သည်။ ကုသလဓမ္မာ၏ အရတရားမှာ ကုသိုလ်စိတ် ၂၁ ပါး၊ စေတသိက် ၃၈ ပါးတို့ဖြစ်ပြီး ခန္ဓာအားဖြင့် ၄ ပါး၊ အာယတနအားဖြင့် ၂ ပါး၊ ဓာတ်အားဖြင့် ၂ ပါး၊ သစ္စာအားဖြင့် ၂ ပါး အပြားရှိသည်။ အကုသလာဓမ္မာ၏ အရတရားမှာ အကုသိုလ်စိတ် ၁၂ ပါး စေတသိက် ၂၇ ပါး တိုဖြစ်ပြီး ခန္ဓာအားဖြင့် ၄ ပါး၊ အာယတနအားဖြင့် ၂ ပါး၊ ဓာတ်အားဖြင့် ၂ ပါး၊ သစ္စာအားဖြင့် ၂ ပါး အပြားရှိသည်။ အဗျာကတဓမ္မာ၏ အရတရားမှာ ဝိပါက်စိတ် ၃၆၊ ကြိယာစိတ် ၂၀၊ စေတသိက် ၃၈၊ ရုပ် ၂၈ နှင့် နိဗ္ဗာန် တို့ဖြစ်ကြသည်။ ထိုတရားတို့သည် ခန္ဓာအားဖြင့် ၅ ပါး၊ အာယတနအားဖြင့် ၁၂ ပါး၊ ဓာတ်အားဖြင့် ၁၈ ပါး၊ သစ္စာအားဖြင့် ၂ ပါး ဖြစ်ကြသည်။ တိက် ၂၂ ပါးတို့တွင် ကုသလတိက်သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အဓိကထားဟောကြားသဖြင့် လောက၌ အရေးကြီးဆုံးတရားများ ဖြစ်တော်မူသောကြောင့်လည်းကောင်း၊ အလုံးစုံသော ပရမတ္ထတရားကို သိမ်းကျုံးမိသောကြောင့်လည်းကောင်း၊ အလုံးစုံသော ပရမတ္ထတရားကို သိမ်းကျုံးမိသောကြောင့်လည်းကောင်း၊ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတတို့ အချင်းချင်း မရောယှက်ခြင်းကို သိစေလိုခြင်းဖြစ်ပါသည်။ ကုသလတိက်ကို သင်ကြားရခြင်းသည် ဒိဋ္ဌိ၊ သံယောဇဉ်၊ တဏှာစသည့် အကုသိုလ်တရားများကို ဖယ်ရှားနိုင်ရန် ရည်ရွယ်ပါသည်။ ဒိဋ္ဌိနှင့် သံယောဇဉ်တို့၏ အခြေခံမှာ ခန္ဓာ ၅ ပါး ဖြစ်သည်။ ခန္ဓာ ၅ ပါး၏ မူလအခြေခံမှာ ပရမတ္ထတရား ၃ပါး ဖြစ်သော စိတ် ၈၉ ပါး၊ စေတသိက ၅၂ ပါး နှင့် ရုပ် ၂၈ တို့ ဖြစ်ကြသည်။ ဒိဋ္ဌိ နှင့် တဏှာ တို့ကို ချုပ်ငြိမ်းစေခြင်းသည် စိတ်နှင့်စေတသိက်တို့အပေါ်တွင် မူတည်နေကြောင်း သိရှိစေပါသည်။ မြတ်စွာဘုရားသည် တိကမာတိကာနှင့် ဒုကမာတိကာကျမ်းများတွင် ပါဝင်သော ဓမ္မများကို အောက်ပါအချက်ဖြင့် ပိုင်းခြားဝေဖန်ထားသည်ကို တွေ့ရပါသည်။ (၁) ခန္ဓာ ၅ ပါး (၂) အာယတန ၁၂ ပါး (၃) ဓာတ် ၁၈ ပါး (၄) သစ္စာ ၄ ပါး ထို့ကြောင့် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာဖွဲ့ပုံကို ဉီးစွာလေ့လာရန် လိုအပ်ပေသည်။ မာတိကာကျမ်း၌ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာဖွဲ့ပုံအရကောက်ဇယားအား ဉီးစွာ ဖော်ပြထားပါသည်။ မေတ္တာဖြင့် Thein Naing Ohn(18.8.2020) Credit: University of Abhidhamma (Yangon) ဓာတုကထာကျမ်းနိဒါန်း … ဓာတုကထာကျမ်းနိဒါန်း … မြတ်စွာဘုရားရှင်သည် ၁၈ ပါးသောအပြားတို့ဖြင့် ဝိဘင်းကျမ်းကို ဟောတော်မူသည်။ ထိုဝိဘင်းကျမ်း၏အခြားမဲ့၌ပင် ၁၈ ပါးသောဓာတ်အပြားကို သင်္ဂဟော အသင်္ဂဟော အစရှိသော ၁၄ နယတို့၏အစွမ်းဖြင့် ညွှန်ပြတော်မူလိုသောကြောင့် ဝိဘင်းကျမ်း၏အခြားမဲ့၌ ဓာတုကထာကျမ်းကိုသာ ဟောတော်မူ၏။ ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းတို့ကို ဟောတော်မမူပါ။ ဓာတုကထာအဓိပ္ပါယ် မိမိသဘောကို ဆောင်တတ်သောကြောင့် ခန္ဓာအစ အရဏအဆုံးရှိသော တရားတို့သည် ဓာတုမည်၏။ ထိုဓာတုမည်သော ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို ဟောရာ ဟောကြောင်းကျမ်းဖြစ်သော ကြောင့် ဓာတုကထာမည်၏။ ဓာတုကထာကျမ်း၌ ဓာတ်ကိုသာဟောသည်မဟုတ်၊ ခန္ဓာ, အာယတနတို့ကိုလည်း ဟောသေးသည်။ သို့သော် ခန္ဓာ, အာယတန, ဓာတ် ၃ မျိုးတွင် ဓာတ်သာ များသောအပြား ရှိခြင်းကြောင့် အရာကျယ်ရကား ဓာတ်ဖြင့်သာမှတ်သား၍ ဓာတုကထာဟု ဆိုရသည်။ ဓာတုကထာကျမ်းသည် အဘိဓမ္မာ ၇ ကျမ်းအနက် တတိယမြောက်ကျမ်းဖြစ်သည်။ ဓာတုကထာကျမ်းတွင် အကျဉ်းမာတိကာ(ဉဒ္ဒေသ)နှင့် အကျယ် ဝေဖန်ခြင်း (နိဒ္ဒေသ)ဟူ၍ နှစ်ပိုင်းပါဝင်သည်။ ထို ၂ ပါးတို့တွင် ဥဒ္ဒေသကို ရှေးဉီးစွာ ဟောတော်မူ၏။ ထိုဥဒ္ဒေသသည် မာတိကာမည်၏။ အကျဉ်းမာတိကာ ၅ မျိုး ရှိသည်။ ၎င်းတို့မှာ -- ၁။ နယမာတိကာ ၂။ အဗ္ဘန္တရမာတိကာ ၃။ နယမုခမာတိကာ ၄။ လက္ခဏမာတိကာ ၅။ ဗာဟိရမာတိကာတို့ဖြစ်ကြသည်။ ဒုတိယပိုင်းဖြစ်သော နိဒ္ဒေသတွင် ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို နည်း(၁၄)နည်းတို့ဖြင့် အကျယ်ဝေဖန်ပြထားသည်။ မိမိသဘောကို ဆောင်တတ်သောသဘောကြောင့် ခန္ဓာအစ အရဏအဆုံးရှိသော တရားတို့ကို ဓာတုဟုခေါ်သည်။ ဓာတုမည်သော ထိုခန္ဓာအစ အရဏအဆုံးရှိသော တရားတို့ကို ဟောရာဟောကြောင်း ဖြစ်သောကြောင့် ဤကျမ်းကို ဓာတုကထာဟုခေါ်သည်။ (တစ်နည်း) ဓာတ်တို့ဖြင့် ခန္ဓာအစ အရဏအဆုံး ရှိသောတရားတို့ကို ဟောအပ်ရာဟောအပ်ကြောင်း ဖြစ်သောကြောင့်လည်း ဓာတုကထာဟုခေါ်သည်။ (တစ်နည်း) ပရမတ္ထသဘောတရားများကို ဟောအပ်ရာ ဟောအပ်ကြောင်းဖြစ်သောကြောင့်လည်း ဤကျမ်းကို ဓာတုကထာဟုခေါ်သည်။ ဓာတုကထာကျမ်း၌ ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို ခန္ဓာ၊ အာယတန၊ ဓာတ်တို့ဖြင့် ရေတွက်အပ်သောနည်း၊ ခန္ဓာ၊ အာယတန၊ ဓာတ်တို့ဖြင့် မရေတွက်အပ်သောနည်း၊ နာမက္ခန္ဓာလေးပါးတို့နှင့် ယှဉ်တတ်သောသဘောရှိသောနည်း၊ နာမက္ခန္ဓာလေးပါးတို့နှင့် မယှဉ်တတ်သော သဘောရှိသော နည်းစသည်ဖြင့် နည်းတို့၏ ဝင်ရာတံခါးပေါက်သဖွယ်ဖြစ်သော အခြေခံစည်းမျဉ်းဥပဒေသလေးမျိုးပေါ်တွင် မူတည်၍ နည်း ၁၄ နည်းတို့ဖြင့် အကျယ်ဝေဖန်ပြထားသည်။ ဓာတုကထာကျမ်းတွင် ဓာတ်ကိုသာ ဟောသည်မဟုတ်၊ ခန္ဓာ၊ အာယတနတို့ကိုလည်း ဟောသေးသည်၊ သို့သော် ခန္ဓာ၊ အာယတန၊ ဓာတ်သုံးမျိုးတွင် ဓာတ်သည်သာ အရေအတွက်အားဖြင့် များသောကြောင့် ကျယ်ဝန်းသော အပိုင်းအခြား (မဟာဝိသယ)ဖြစ်ရကား ဓာတ်ဖြင့်သာ မှတ်သား၍ ကျမ်းအမည်ကို ဓာတုကထာဟုဆိုခြင်းဖြစ်သည်။ မေတ္တာဖြင့် Thein Naing Ohn (20.8.2020) Credit: University of Abhidhamma (Yangon) ဝိသုဒ္ဓိမဂ်ကျမ်းဟူသည် အဘယ်နည်း? ဝိသုဒ္ဓိမဂ်ကျမ်းဟူသည် အဘယ်နည်း? ပိဋကသုံးပုံ (စာအုပ်ပေါင်း ၄၀၊ ကျမ်းပေါင်း ၄၉ ကျမ်း) ကို တစ်ကျမ်းတည်းဖြင့် ခြုံငုံမိအောင် ရေးသားထားသော ကျမ်းသည် ဝိသုဒ္ဓိမဂ် ကျမ်းဖြစ်သည်။ ဘုရားရှင်၏ ပိဋကသုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တို့ကို အကျဉ်းချုပ်သော် ဗောဓိပက္ခိယတရား (၃၇)ပါးကိုရ၏။ ၎င်း (၃၇)ပါးကို ထပ်၍ ချုပ်သော် မဂ္ဂင် (၈)ပါးကို ရ၏။ မဂ္ဂင် (၈)ပါးကို ထပ်၍ ချုပ်သော် သီလ၊ သမာဓိ၊ ပညာ ကျင့်ဖွယ်ရာ သိက္ခာ (၃) ပါးကိုရ၏။ ၎င်း သီလ၊ သမာဓိ၊ ပညာ ကျင့်ဖွယ်ရာတို့ကို ပိဋကသုံးပုံမှ အနှစ်ချုပ်၍ ထုတ်ပြသော တစ်ခုတည်းသော ကျမ်းသည် ဝိသုဒ္ဓိမဂ်ကျမ်းပင် ဖြစ်ပါသည်။ ဝိသုဒ္ဓိမဂ်၏ အဓိပ္ပာယ် ဝိသုဒ္ဓိ = (ရာဂအစရှိသော, ဒုစရိုက်အစရှိသော) အညစ်အကြေးအားလုံးမှကင်းသော စင်စစ် ထက်ဝန်းကျင် စင်ကြယ်သည့် နိဗ္ဗာန်။ မဂ္ဂ = ရောက်ကြောင်း အကျင့်လမ်း။ ဝိသုဒ္ဓိမဂ္ဂ = စင်ကြယ်သော နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်လမ်း။ ဝိသုဒ္ဓိမဂ်မည်ပုံအမျိုးမျိုး (၁) ဝိပဿနာပညာဖြင့် လက္ခဏာရေးသုံးပါးကို ရှုလိုက်တဲ့အခါမှာ ဒုက္ခ၌ငြီးငွေ့စိတ်ပျက်သွားတယ်။ အဲဒီငြီးငွေ့ခြင်းသည် အရဟတ္တဖိုလ် နိဗ္ဗာန်ဟူသော ဝိသုဒ္ဓ်မဂ်ပင်တည်း။ (၂) ဈာန် + ပညာကိုလည်း ဝိသုဒ္ဓိမဂ်ဟုခေါ်သည်တဲ့။ ရှုမှုဈာန်နှင့် သိမှုဝိပဿနာပညာသည် စင်စစ် နိဗ္ဗာန်နှင့် နီးသောအကျင့်၌ တည်၏။ ထိုဈာန်နှင့် ပညာသည် ဝိသုဒ္ဓိမဂ်မည်၏။ (၃) ကံ (မဂ်စေတနာ) + ဝိဇ္ဇာ + သမာဓိ + သီလ + အာဇီဝ ဤတရားအပေါင်းကြောင့် ကိလေသာမှ စင်ကြယ်ကုန်၏။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်မည်၏။ (၄) သီလ၊ သမာဓိ၊ ပညာရှိသူသည်သာ ဩဃလေးသွယ် ရေပြင်ကျယ်ကြီးကို ကူးမြောက်နိုင်၏။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်မည်၏။ (၅) သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ အပ္ပမာဒတရားတို့၌မွေ့လျော်ခြင်း အကျင့် ခရီးလမ်းသည်သာ စိတ် စင်ကြယ်ရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ဝိသုဒ္ဓိမဂ်ခရီးလမ်း မည်၏။ အရှုပ်အထွေးများ (တဏှာ) • တဏှာသည် ကွန်ယက်သဖွယ် ဖွဲ့ယှက်တတ်သောကြောင့် ဇဋာမည်၏။ ထိုတဏှာသည် ရူပါရုံစသော အာရုံ ၆ ပါးတို့၌ ထက်အောက် ဖန်ဖန် ချုပ်စပ်ရာဝယ် ဝါးရုံကွန်ယက်သဖွယ် ချုပ်စပ်တတ်သောကြောင့် (ဇဋာ) ‘အရှုပ်အထွေး’ ဟု ခေါ်ရပါသည်။ • အတွင်းအရှုပ်အထွေး, ဖြစ်ပုံမှာ - တဏှာသည် (က) မိမိအသုံးဆောင် (ခ) မိမအတ္တဘော (ဂ) အဇ္ဈတ္တိကာယတနတို့၌ ဖွဲယှက်တတ်သောကြောင့် အန္တောဇဋာ (အတွင်းအရှုပ်အထွေး) မည်၏။ • အပြင်အရှုပ်အထွေး ဖြစ်ပုံမှာ - တဏှာသည် (က) သူတစ်ပါး အသုံးအဆောင် (ခ) သူတစ်ပါးအတ္တဘော (ဂ) ဗာဟိရာယတနတို့၌ ဖွဲယှက်တတ်သောကြောင့် ဗဟိဇဋာ (အပြင်အရှုပ်အထွေး) မည်၏။ ဤနိဗ္ဗာန်ရကြောင်း သီလ, သမာဓိ, ပညာ သုံးပါးတို့တွင် (၁) သီလဖြင့် အဓိသီလသိက္ခာ ၃ ပါးကို ပြ၏။ ‘သဗ္ဗပါပဿ အကရဏံ’ ‘မကောင်းမှုရှောင်’ + ‘ကောင်းမှုဆောင်’ + ‘ဖြူအောင်စိတ်ကိုထား’ ဟူသည် ဘုရားတိုင်း၏ အဆုံးအမဖြစ်သည်။ သီလဖြင့် သာသနာတော်၏ အစကောင်းခြင်း = အာဒိကလျာဏဂုဏ်ကို ပြ၏။ ဈာန်မဂ်ဖိုလ်ရရန်အတွက် အစဆုံးပြုလုပ်အပ်သောကြောင့် သီလသည် အာဒိ ကလျာဏဂုဏ်နှင့် ပြည့်စုံ၏။ သီလသည် ကုသိုလ်တို့၏ အစဖြစ်၏။ မကောင်းမှုဟူသမျှ မပြုအပ်ဟု ဘုရားရှင်ဟော၏။ အောက်မေ့တိုင်း စိတ်နှလုံးကြည်သာ ရွှင်လန်းသည့်အတွက် ကောင်း၏ , ကောင်းခြင်း ကလျာဏမည်၏။ သမာဓိဖြင့် အလယ်ကောင်းခြင်းကိုပြ၏။ ကုသိုလ်ဟူသမျှကို ဆည်းပူးအပ်၏ဟု ဟောသည်။ တန်ခိုးဖန်ဆင်းနိုင်ခြင်း ဣဒ္ဓိဝိဓစသော အဘိညာဂုဏ်ကို ဆောင်သောကြောင့် ကောင်း၏။ ပညာဖြင့် အဆုံးကောင်းခြင်းကို ပြ၏။ မိမိစိတ်ကို စင်ကြယ်အောင် ပြုအပ်၏ဟု ဟော၏။ ပညာလျှင် အလွန်ကဲ့ဆုံး အမြတ်ဆုံးရှိသောကြောင့်လည်း သာသနာ၏ အဆုံးဖြစ်သည်။ အကောင်းအဆိုးတို့၌ ထပ်တူရှုနိုင်သော တာဒိဂုဏ်ကိုဆောင်၍ ကောင်း၏။ မေတ္တာဖြင့် TNO (19.8.2020) Thein Naing Ohn ဓာတုကထာကျမ်းနိဒါန်း … ဓာတုကထာကျမ်းနိဒါန်း … မြတ်စွာဘုရားရှင်သည် ၁၈ ပါးသောအပြားတို့ဖြင့် ဝိဘင်းကျမ်းကို ဟောတော်မူသည်။ ထိုဝိဘင်းကျမ်း၏အခြားမဲ့၌ပင် ၁၈ ပါးသောဓာတ်အပြားကို သင်္ဂဟော အသင်္ဂဟော အစရှိသော ၁၄ နယတို့၏အစွမ်းဖြင့် ညွှန်ပြတော်မူလိုသောကြောင့် ဝိဘင်းကျမ်း၏အခြားမဲ့၌ ဓာတုကထာကျမ်းကိုသာ ဟောတော်မူ၏။ ယမိုက်ကျမ်း၊ ပဋ္ဌာန်းကျမ်းတို့ကို ဟောတော်မမူပါ။ ဓာတုကထာအဓိပ္ပါယ် မိမိသဘောကို ဆောင်တတ်သောကြောင့် ခန္ဓာအစ အရဏအဆုံးရှိသော တရားတို့သည် ဓာတုမည်၏။ ထိုဓာတုမည်သော ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို ဟောရာ ဟောကြောင်းကျမ်းဖြစ်သော ကြောင့် ဓာတုကထာမည်၏။ ဓာတုကထာကျမ်း၌ ဓာတ်ကိုသာဟောသည်မဟုတ်၊ ခန္ဓာ, အာယတနတို့ကိုလည်း ဟောသေးသည်။ သို့သော် ခန္ဓာ, အာယတန, ဓာတ် ၃ မျိုးတွင် ဓာတ်သာ များသောအပြား ရှိခြင်းကြောင့် အရာကျယ်ရကား ဓာတ်ဖြင့်သာမှတ်သား၍ ဓာတုကထာဟု ဆိုရသည်။ ဓာတုကထာကျမ်းသည် အဘိဓမ္မာ ၇ ကျမ်းအနက် တတိယမြောက်ကျမ်းဖြစ်သည်။ ဓာတုကထာကျမ်းတွင် အကျဉ်းမာတိကာ(ဉဒ္ဒေသ)နှင့် အကျယ် ဝေဖန်ခြင်း (နိဒ္ဒေသ)ဟူ၍ နှစ်ပိုင်းပါဝင်သည်။ ထို ၂ ပါးတို့တွင် ဥဒ္ဒေသကို ရှေးဉီးစွာ ဟောတော်မူ၏။ ထိုဥဒ္ဒေသသည် မာတိကာမည်၏။ အကျဉ်းမာတိကာ ၅ မျိုး ရှိသည်။ ၎င်းတို့မှာ -- ၁။ နယမာတိကာ ၂။ အဗ္ဘန္တရမာတိကာ ၃။ နယမုခမာတိကာ ၄။ လက္ခဏမာတိကာ ၅။ ဗာဟိရမာတိကာတို့ဖြစ်ကြသည်။ ဒုတိယပိုင်းဖြစ်သော နိဒ္ဒေသတွင် ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို နည်း(၁၄)နည်းတို့ဖြင့် အကျယ်ဝေဖန်ပြထားသည်။ မိမိသဘောကို ဆောင်တတ်သောသဘောကြောင့် ခန္ဓာအစ အရဏအဆုံးရှိသော တရားတို့ကို ဓာတုဟုခေါ်သည်။ ဓာတုမည်သော ထိုခန္ဓာအစ အရဏအဆုံးရှိသော တရားတို့ကို ဟောရာဟောကြောင်း ဖြစ်သောကြောင့် ဤကျမ်းကို ဓာတုကထာဟုခေါ်သည်။ (တစ်နည်း) ဓာတ်တို့ဖြင့် ခန္ဓာအစ အရဏအဆုံး ရှိသောတရားတို့ကို ဟောအပ်ရာဟောအပ်ကြောင်း ဖြစ်သောကြောင့်လည်း ဓာတုကထာဟုခေါ်သည်။ (တစ်နည်း) ပရမတ္ထသဘောတရားများကို ဟောအပ်ရာ ဟောအပ်ကြောင်းဖြစ်သောကြောင့်လည်း ဤကျမ်းကို ဓာတုကထာဟုခေါ်သည်။ ဓာတုကထာကျမ်း၌ ခန္ဓာအစ အရဏအဆုံးရှိသောတရားတို့ကို ခန္ဓာ၊ အာယတန၊ ဓာတ်တို့ဖြင့် ရေတွက်အပ်သောနည်း၊ ခန္ဓာ၊ အာယတန၊ ဓာတ်တို့ဖြင့် မရေတွက်အပ်သောနည်း၊ နာမက္ခန္ဓာလေးပါးတို့နှင့် ယှဉ်တတ်သောသဘောရှိသောနည်း၊ နာမက္ခန္ဓာလေးပါးတို့နှင့် မယှဉ်တတ်သော သဘောရှိသော နည်းစသည်ဖြင့် နည်းတို့၏ ဝင်ရာတံခါးပေါက်သဖွယ်ဖြစ်သော အခြေခံစည်းမျဉ်းဥပဒေသလေးမျိုးပေါ်တွင် မူတည်၍ နည်း ၁၄ နည်းတို့ဖြင့် အကျယ်ဝေဖန်ပြထားသည်။ ဓာတုကထာကျမ်းတွင် ဓာတ်ကိုသာ ဟောသည်မဟုတ်၊ ခန္ဓာ၊ အာယတနတို့ကိုလည်း ဟောသေးသည်၊ သို့သော် ခန္ဓာ၊ အာယတန၊ ဓာတ်သုံးမျိုးတွင် ဓာတ်သည်သာ အရေအတွက်အားဖြင့် များသောကြောင့် ကျယ်ဝန်းသော အပိုင်းအခြား (မဟာဝိသယ)ဖြစ်ရကား ဓာတ်ဖြင့်သာ မှတ်သား၍ ကျမ်းအမည်ကို ဓာတုကထာဟုဆိုခြင်းဖြစ်သည်။ မေတ္တာဖြင့် Thein Naing Ohn (21.8.2020) Credit: University of Abhidhamma (Yangon) ပုဂ္ဂလပညတ်ကျမ်းဟူသည်… ပုဂ္ဂလပညတ်ကျမ်းဟူသည်… အဘိဓမ္မပိဋက ၇ ကျမ်းအနက် ပုဂ္ဂလပညတ္တိကျမ်းသည် စတုတ္ထမြောက်ကျမ်းရင်းတစ်အုပ် ဖြစ်ပါသည်။ ပုဂ္ဂိုလ်များအကြောင်းကိုသာ သီးခြားဟောဖော်ညွှန်ပြထားသော ကျမ်းတစ်ကျမ်း ဖြစ်ပါသည်။ မြတ်စွာဘုရာရှင် ဟောကြားတော်မူသော ပညတ် ၆ ပါး ရှိသည့်အနက် ပုဂ္ဂလပညတ္တိသည် နောက်ဆုံးပညတ် ဖြစ်ပြီး အသဘာဝပညတ်အဖြစ် ပရမတ္တသစ္စာနယ်ပယ်တွင် အမှန်တကယ်မရှိသော တရားဖြစ်ပါသည်။ သို့သော်လည်း သမုတိသစ္စာနယ်ပယ်တွင် အထင်အရှား အသုံးဝင်နေသောတရား ဖြစ်ပါသည်။ အမှန်တကယ်တွင် လူပုဂ္ဂိုလ်ပေါင်းများစွာကို အုပ်စုများခွဲခြားပြီး ဟောထားသော ကျမ်းကြီးတစ်ကျမ်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်နှစ်မျိုးနှစ်စားတည်း စသည်ဖြင့် ပုဂ္ဂိုလ်ဆယ်မျိုးဆယ်စားအထိ အခန်းကဏ္ဍ ၁၀ ခုဖြင့် ခွဲခြားဖော်ပြထားပါသည်။ ဧကကပုဂ္ဂလပညတ္တိကျမ်းတွင် ဈာန်သမာပတ်ဆိုင်ရာပုဂ္ဂိုလ်များ၊ ပုထုဇဉ်နှင့် အရိယာပုဂ္ဂိလ်များ၊ ကျင့်ပြီး-ကျင့်ဆဲပုဂ္ဂိုလ်များ၊ သမ္မာသမ္ဗုဒ္ဓတို့နှင့်တကွ ပညာ၊ သဒ္ဓါအစဉ်ရှားမှီးနေသူများစသည်ဖြင့် ပုဂ္ဂိုလ် (၅၄) မျိုး တို့ကို ကွဲပြားစွာ ဖော်ပြထားပါသည်။ ပုဂ္ဂလပညတ်ကျမ်းကို မဟောကြားမီ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာကျမ်းတို့တွင် ပရမတ္ထတရားချည်း သက်သက်ကိုသာလျှင် ဟောကြားပြီး၊ စတုတ္ထမြောက်ဖြစ်သည့် ပုဂ္ဂလပညတ်ကျမ်းတွင်မူကား ပုဂ္ဂိုလ်ပညတ်များကိုသာ အကျယ်ဖွင့်ဆိုဟောကြားထားခဲ့ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ပရမတ္ထတရားများကိုသာ ဟောကားတော်မူနေပါက လောကတွင် ပရမတ်သဘာဝတရားချည်းသာလျှင် ရှိသလော၊ ပုဂ္ဂိုလ်-သတ္တဝါဆိုသည့် ပညတ်တရားမျိုးများ မရှိသလောဟူသည့် သံသယဖြစ်ဖွယ်ကိစ္စများ၊ ပညတ်ဟူသည် အမှန်တရားမဟုတ်၍ အသုံးမဝင်သော တရားမျိုး ဖြစ်သလောဟူသည့် ပရမတ်လွန် တဖက်စွန်းရောက်ခြင်းတို့ကို ချေဖျက်လို၍ ပုဂ္ဂလပညတ်ကျမ်းကြီးကို ဆက်လက် ဟောကားရခြင်းဖြစ်ပါသည်။ ထိုပညတ်တရားတို့သည် လောကီဘုံသားတို့ အမှန်ပြု၍ ခေါ်ဝေါ်ပြောဆိုသော တရား၊ သမုတိသစ္စာ အမှန်တရားမျိုးဖြစ်ပါ၍ အမိ-အဖ၊ ဆရာ-တပည့်၊ မောင် နှင့် နှမ …. စသည့် ပညတ်တရားများကို ပယ်ခွာ လိုက်လျှင် လောကကြီး ပရမ်းပတာ၊ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားနိုင်ပါသည်။ အမိ အဖ၊ ဆရာသမားတို့ကို ရိုသေလေးစားခြင်း၊ ကျေးဇူးဆပ်ခြင်း၊ သားသမီးတို့ကို ကျွေးမွေး ပြုစုစောင့်ရှောက်ခြင်း၊ အသက်ကြီးသူတို့အား အရိုအသေပေးခြင်း၊ ကျေးဇူးရှင်တို့အား ကျေးဇူးဆပ်ခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ သီလဆောက်တည်ခြင်း၊ သတ္တဝါပညတ်တို့ကို အာရုံပြု၍ သမထ ဘာဝနာ ပွားများခြင်း၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ ဝိပဿနာတရားပွားများအားထုတ်ခြင်းစသဖြင့် ပညတ်ပေါ် အမှီပြု၍ လိုက်နာကျင့်သုံးကြရခြင်း ဖြစ်ပါသည်။ အဆုံးစွန်၌ပင် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာစသော အမည်များသည်ပင်လျှင် ပညတ်ဖြစ်သော်လည်း ဤပညတ်တရားများကြောင့် ဘုရားရှင်က တရားဟောနိုင်ပြီး၊ လူ-နတ်-ဗြဟ္မာတို့က တရားတော်များကို နာယူနိုင်ကြခြင်း ဖြစ်သည့်အတွက် ပညတ်တရားသည်လည်း သူ့နေရာနှင့်သူ အသုံးဝင်လှပေသည်။ သီလရှိသောသူ - သီလမရှိသောသူ၊ ယုတ်မာသောသူ - မြင့်မြတ်သောသူ၊ ကိလေသာထူပြောသူ - ကိလေသာခေါင်းပါးသူ စသည်ဖြင့် အမျိုးအစား ကွဲပြားမှုကို ပညတ်တရားဖြင့်ပင် သတ်မှတ်ရသည်။ ထိုသို့သောအကြောင်းရင်းများကြောင့် မြတ်စွာဘုရားရှင်သည် ပညတ်တို့၏ အရေးပါပုံ၊ သမုတိသစ္စာ နယ်ပယ်တွင် အမှန်ဖြစ်ပုံ၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဘာဝနာတို့၌ ပယ်၍မရပုံ စသည်တို့ကို ဝေနေယျသတ္တဝါတို့ ထင်ရှားစေခြင်းငှာ၊ ကွဲပြားစေခြင်းငှာ ရည်သန်၍ ပုဂ္ဂလပညတ်ကျမ်းတော်ကြီးကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ဟောထားသည့် အစဉ်အားဖြင့် ပညတ် (၆) ပါး ရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (၁) ခန္ဓပညတ် - ခန္ဓာ ၅ ပါး (Concepts of Aggregates) (၂) အာယတနပညတ် - အာယတန ၁၂ ပါး (Concepts of Bases) (၃) ဓာတုပညတ် - ဓာတ် ၁၈ ပါး (Concepts of Elements) (၄) သစ္စပညတ် - သစ္စာ ၄ ပါး (Concepts of Truths) (၅) ဣန္ဒြိယပညတ် - ဣန္ဒြေ ၂၂ ပါး (Concepts of Controlling Faculties) (၆) ပုဂ္ဂလပညတ် - ပုဂ္ဂိုလ် ၁၀ ပါး (Concepts of Individuals) အမှတ်စဉ် (၁ မှ ၅ ထိ) သဘာဝပညတ် (ဝိဇ္ဇာမာနပညတ်) - အမှန်တကယ်ရှိသောတရား၊ အမှတ်စဉ် (၆) အသဘာဝပညတ် (အဝိဇ္ဇာမာနပညတ်) - အမှန်တကယ်မရှိသောတရား၊ အမှတ်စဉ် (၆) ဖြစ်သည့် ပုဂ္ဂလပညတ်ကို အခြားကျမ်းတို့၌ အပြားအားဖြင့် မပြဆိုဘဲ ၌ကျမ်း၌သာ ပုဂ္ဂလပညတ်အပြားကို ပြတော်မူသောကြောင့် များပြားသော ပုဂ္ဂလပညတ်ကို အစွဲပြု၍ တဗ္ဗာဟုလ္လနည်းဖြင့် ပုဂ္ဂလပညတ်ဟူသော နာမည်ကို ဆိုအပ်ခြင်း ဖြစ်ပါသည်။ ပုဂ္ဂိုလ်အပြားအားဖြင့် ၁၀ ပါး ပြားပါသည်။ အုပ်စုပေါင်း ၁၄၇ စုရှိပါသည်။ ၎င်းတို့မှာ (၁) ဧကက ပုဂ္ဂလပညတ္တိ - ၅၄ (ပုဂ္ဂိုလ်တစ်မျိုးတစားတည်း) (၂) ဒုက ပုဂ္ဂလပညတ္တိ - ၂၆ (ပုဂ္ဂိုလ် နှစ်မျိုး နှစ်စားတည်း) (၃) တိက ပုဂ္ဂလပညတ္တိ - ၁၇ (ပုဂ္ဂိုလ် သုံးမျိုး သုံးစားတည်း) (၄) စတုတ္ထ ပုဂ္ဂလပညတ္တိ - ၃၀ (ပုဂ္ဂိုလ် လေးမျိုး လေးစားတည်း) (၅) ပဉ္စက ပုဂ္ဂလပညတ္တိ - ၁၄ (ပုဂ္ဂိုလ် ငါးမျိုး ငါးစားတည်း) (၆) ဆဋ္ဌက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ခြောက်မျိုး ခြောက်စားတည်း) (၇) သတ္တက ပုဂ္ဂလပညတ္တိ - ၂ (ပုဂ္ဂိုလ် ခုနှစ်မျိုး ခုနှစ်စားတည်း) (၈) အဋ္ဌက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ရှစ်မျိုး ရှစ်စားတည်း) (၉) နဝက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ကိုးမျိုး ကိုးစားတည်း) (၁၀) ဒဿက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ဆယ်မျိုး ဆယ်စားတည်း) အုပ်စုပေါင်း - ၁၄၇ ပုဂ္ဂလပညတ်ကျမ်းကြီးတွင် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍ ၁၀ ခုခွဲခြားထားရှိပြီး ဧကကပုဂ္ဂလပညတ္တိမှ ဒဿကပုဂ္ဂလပညတ္တိထိ အုပ်စုပေါင်း ၁၄၇၊ ပုဂ္ဂိုလ်အမျိုးအစားပေါင်း ၃၉၄ ဉီး ပါဝင်ကြောင်း တွေ့ရှိရပါသည်။ ပုဂ္ဂလပညတ်ကျမ်းသည် လောကတွင်းဖြစ်ပျက်နေသော အကြောင်းအခြင်းရာများကြောင့် ပုဂ္ဂိုလ် အမျိုးအစားများ ကွဲပြားခြားနားခြင်းကို ဟောဖော်ညွှန်ပြထားသော ကျမ်းကြီးတစ်ကျမ်း ဖြစ်ပါသည်။ မိမိတို့သည် ပုထုဇဉ်များ ဖြစ်သည့်အားလျော်စွာ မိမိတို့ ကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်ရှိ ပုဂ္ဂိလု်များအကြောင်းဖြစ်သည့်အတွက် လွန်စွာ စိတ်ဝင်စားဘွယ်ကောင်းလှပါသည်။ သမုတိသစ္စာနယ်ပယ်၌ ပညတ်အရေးပါပုံကို ကောင်းစွာနားလည်သဘောပေါက်နိုင်ပါသည်။ ထိုပုဂ္ဂိုလ်အမျိုးအစားများစွာထဲမှ ပထမအခန်းကဏ္ဍဖြစ်သည့် ဧကကပုဂ္ဂလပညတ္တိမှ မိမိဖြစ်လိုသော၊ ဖြစ်သင့်သော၊ ဖြစ်ထိုက်သောပုဂ္ဂိုလ်ဖြစ်ရန် ကြိုးစားအားထုတ်ရန် လိုသကဲ့သို့ ရှောင်ကြဉ်ထိုက်သောပုဂ္ဂိုလ်များ အကြောင်းသိရှိပါကလည်း ရှောင်ကြဉ်ရန် လိုအပ်လှပါသည်။ ဤကျမ်းကို နားလည်သဘောပေါက်ခြင်းအားဖြင့် မိမိတို့ နေ့စဉ်ဘဝတွင် ပြန်လည်သုံးသပ်၊ ဆင်ခြင်နိုင်မည်ဆိုလျှင် လေ့လာရကြိုးနပ်သော ကျမ်းကြီးတစ်ကျမ်း ဖြစ်ပါသည်။
မေတ္တာဖြင့် Thein Naing Ohn (21.8.2020) Credit: University of Abhidhamma (Yangon)
Comments
Post a Comment